မောင်လူမွှေး - မောင်စံဘွေးတို့အတွက် ဆုတောင်း
မောင်လူမွှေး - မောင်စံဘွေးတို့အတွက် ဆုတောင်း
မိုးမခ ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားလေးတွေ သေဆုံးတယ် ကြားရရင် တောကျောင်းဆရာ မောင်လူမွှေးတစ်ယောက် ကြီးမားတဲ့ စိတ်ထိခိုက်မှုကို ခံစားရလေ့ရှိတယ်။ အခု ဖေဖော်ဝါရီ လဆန်းပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားလေး တစ်ယောက်၊ ကျောင်းသူနှစ်ယောက် သေဆုံးတာကို ကြားရလို့ မောင်လူမွှေး စိတ်ထိခိုက်မှုတွေဖြစ်ရတယ်။ ည အိပ်ပျော်နေရင်းကနေ မောင်လူမွှေးတစ်ယောက် ကဗျာတွေ ရွတ်နေကြောင်း၊ စကားလုံးအသံတွေကတော့ မပီကြောင်း မစ်(စ) မွှေးကပြောပြတယ်။ စိတ်ဖိအားတွေ များနေတာလို့လည်း မှတ်ချက်ချပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့က ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ကိုးနှစ်အရွယ် ကျောင်းသား မောင်စံဘွေး သေဆုံးခဲ့တယ်။ ချင်းတောင်ပေါ်က ကလေးတွေဟာ သဘာဝကပေးတဲ့ လက်ဆောင်အဖြစ် ကြံခိုင်မှုကောင်းကြတယ်။ ကြံ့ခိုင်မှုကောင်းပြီး ခံနိုင်ရည်ရှိတဲ့ ချင်းတောင်တန်းပေါ်က အနာဂတ်ကြယ်ကလေးတွေကို အာဏာရှင်မင်းအောင်လှိုင်ဟာ လေယာဥ်နဲ့ သတ်နေတာပါ။ သတင်းဓာတ်ပုံထဲမှာ မတူပီက ကျောင်းသားလေးဟာ အခေါင်းထဲမှာ အသက်မဲ့လို့ တွေ့လိုက်ရတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့တုန်းကလည်း ချင်းပြည်နယ်တောင်ပိုင်းနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဆောမြို့နယ်၊ မအိယ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးကြသူတွေထဲမှာ ကျောင်းသူနှစ်ဦးဖြစ်တဲ့ အသက် ဆယ့်သုံးနှစ်အရွယ် မဆုနဒီလွင်နှင့် အသက် ရှစ်နှစ်အရွယ် မနှင်းသီရိလွင်တို့ ပါသွားကြတယ်။ သူတို့နှစ်ဦးလုံးရဲ့ ရုပ်အလောင်းကို ကောင်းမွန်စွာရနိုင်တဲ့ အခြေအနေမရှိကြောင်း ဆောမြို့နယ်က မိတ်ဆွေတစ်ဦးက ပြောပြလို့ သိရတယ်။
မောင်လူမွှေးဟာ ခရီးသွားလာရင်း မိအယ် ဆိုတဲ့ တောင်သားရွာလေးကို ရောက်ခဲ့ဖူးတယ်။ မိအယ်ဟာ တောင်သားစကားကို တစ်ရွာလုံး ပြောကြတဲ့ တစ်ခုတည်းသော ရွာကလေးဖြစ်ကြောင်း မောင်လူမွှေး မိတ်ဆွေက ရှင်းပြခဲ့ဖူးတာကို ပြန်ကြားယောင်မိတယ်။ ရှေးမူမပျက်ရှိနေသေးတဲ့ ဘုန်းတော်ကြီးကျောင်း၊ ရိုးရာဓလေ့ကို ထိန်းသိမ်းကြတဲ့ မိအယ်ရဲ့ အနာဂတ်မျိုးဆက် ပန်းကလေးနှစ်ပွင့် စစ်တပ်ရဲ့ လူမဆန်တဲ့ ဗုံးဒဏ်နဲ့ တစစီ၊ တကယ့်ကိုတစစီ ကြွေလွင့်သွားရရှာပါပြီ။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ကဗျာဆရာ ရတုသွေးရဲ့ "လေယာဥ်ပျံ" ဆိုတဲ့ ကဗျာလေးကို ဖတ်ပြီး မောင်လူမွှေးစိတ်ထဲ စွဲနေတယ်။
"လေယာဥ်ပျံ"
တဝီးဝီး အသံကြားရင်
သဲပူပူ မြေပူပူ
နောက်က ပြေးလိုက်ပြီး
လက်ပြ နှုတ်ဆက်ရှာတဲ့ သူ့ငယ်ဘဝ
မိဘကို ပူဆာလည်း
ဒီအရုပ်တမျိုးတည်းပဲ
စက္ကူခေါက် ကစားကြမယ်ဆိုလည်း
သူငယ်ချင်းတွေကို
သူပဲ ခေါက်ပေးရှာတယ်
အတန်းထဲ ပုံတူပန်းချီမျိုးစုံဆွဲခိုင်းလည်း
ဒီတပုံတည်း ထပ်တလဲလဲ
ဆွဲပြတဲ့ ဖိုးထောင်
မီးခိုးအူနေတဲ့
အိမ်ဦးတိုင်လေးကို ကြည့်ပြီး
ရင်နာမိတယ်
မင်းတို့မိသားစု
ကောင်းရာသုဂတိ လားပါစေ ။
ပြီးခဲ့တဲ့အပတ်က အသက် သုံးနှစ်အရွယ် ကလေးတစ်ယောက်က ကောင်းကင်ကို လက်ညှိုးနဲ့ ထိုးပြပြီး လေယာဥ်ပျံကြီး ပျံနေတာတဲ့။ မောင်လူမွှေး သူ လက်ညှိုးထိုးရာကို ကြည့်လိုက်တော့ ကြည်လင်နေတဲ့ ကောင်းကင်ပြာပြာထဲမှာ အဖြူရောင်လေယာဥ်တစ်စင်းဟာ တငြိမ့်ငြိမ့် ပျံသန်းနေတာကို တွေ့ရတယ်။ ကလေးဟာ တငြိမ့်ငြိမ့် ပျံသန်းနေတဲ့ အဖြူရောင်လေယာဥ်ပျံကြီးကို သဘောကျပြီး မောင်လူမွှေးကို ပြုံးပြပါတယ်။
ပြီးခဲ့တဲ့ ရက်ကတော့ မောင်လူမွေး စစ်ရှောင်တောတိုက် တစ်ခုကို ရောက်ခဲ့တယ်။ တဲတစ်တဲမှာ ကပ်နေပြီး စစ်ဘေးရှောင်နေကြရတဲ့ အသက် ကိုးဆယ်ကျော်အရွယ် အဘွားတစ်ယောက်၊ ကလေးအမေ အမျိုးသမီးတစ်ယောက်၊ ငါးနှစ်အရွယ် သမီးလေးတစ်ယောက်ကို တွေ့ဆုံခဲ့ရတယ်။
"ရွာမှာ လေယာဥ်တွေကြဲကတည်းက ကလေးက လေယာဥ်သံကြားရင် ငိုတော့တာ" လို့ ကလေးအမေက ပြောပြတယ်။ ကလေးတွေဟာ ကောင်းကင်မှာ တငြိမ့်ငြိမ့် ပျံသန်းနေတဲ့ လေယာဥ်ပျံကြီးတွေကို သဘောကျကြပေမဲ့ လူသတ်ကောင် မင်းအောင်လှိုင်ရဲ့ ဒေါသသံနဲ့ တဝေါဝေါ လာတတ်တဲ့ လူသတ်လေယာဥ်တွေကိုတော့ လိပ်ပြာလွင့်မတတ် ကြောက်ကြရှာတယ်။
ကဗျာဆရာ ရတုသွေးကတော့ လေယာဥ်ပစ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကလေးမိသားစုကို ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းခဲ့တယ်။ ကဗျာဆရာရဲ့ ဆုတောင်းပြည့်ခဲ့ရင် ဒီမိသားစု မြန်မာနိုင်ငံမှာ လူပြန်မဖြစ်တော့မှာ သေချာတယ်။ အခု ဖေဖော်ဝါရီလထဲမှာ မင်းအောင်လှိုင်ရဲ့ လူသတ်လေယာဥ်ကြောင့် သေဆုံးခဲ့တဲ့ မောင်စံဘွေး၊ မဆုနဒီလွင်၊ မနှင်းသီရိလွင် တို့အတွက် မောင်လူမွှေး ဘာဆုတောင်းရမလဲ။ နောင်ဘဝဆိုတာ ရှိခဲ့ရင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဖျက်နိုင်မဲ့ မောင်နှမ သုံးဖော်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ချင်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar