ရှမ်းမြောက်ဒေသက တိုင်းရင်းသားလူမျိုးစုတွေအကြား ပဋိပက္ခ နဲ့ ပြောင်းလဲလာတဲ့ လူမှုစီးပွားအနေအထား
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၄ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆
ရှမ်းမြောက်ဒေသက တိုင်းရင်းသားလူမျိုးစုတွေအကြား ပဋိပက္ခနဲ့ ပြောင်းလဲလာတဲ့ လူမှုစီးပွားအနေအထား
TNLA, MNDAA, SSPP/SSA အာဏာသိမ်းစစ်တပ်နဲ့ အခြားသော ပြည်သူ့စစ်အဖွဲ့တွေ အခြေချ လှုပ်ရှားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်နဲ့ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်းတွေ ပြီးနောက်မှာ စစ်ရေးအရ ထိန်းချုပ်ထားတာတင် မကပဲ စစ်ရေးထိန်းချုပ်နိုင်တာနဲ့ ဆက်စပ်ပြီး လူဦးရေနဲ့ သက်ဆိုင်တဲ့ အသွင်အပြင်တွေမှာပါ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာ တွေ့ကြရပါတယ်။
ဥပမာအားဖြင့် ရှမ်းလူမျိုး အများစုနေထိုင်ကြတဲ့ သိန္နီမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ MNDAA က သိမ်းယူခဲ့ပြီးနောက် ကိုးကန့်လူမျိုးတွေနဲ့ ၄င်းတို့နဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လာကြတဲ့ တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်လာကြတယ် ဆိုတဲ့ သတင်းဖော်ပြမှုတွေ ခုရက်ပိုင်းတွေမှာ တွေ့လာကြရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အုပ်ချုပ်မှုဆိုင်ရာ စာရင်းအင်း ကိန်းဂဏန်းတွေအရ သိန္နီမြို့မှာ လူဦးရေ ၅ သောင်းကျော် ရှိတဲ့အနက် ၃ သောင်းကျော်က ရှမ်းလူမျိုးတွေ ဖြစ်ပြီး ၁ သောင်းကျော်က မုန်းဝန်းလို့လည်း ခေါ်ဆိုတဲ့ ကိုးကန့်လူမျိုးတွေ ဖြစ်ပါတယ်။ တတိယ လူမျိုးစုအနေနဲ့ ကချင်လူမျိုးက ၅ ထောင်ကျော် နေထိုင်ကြတာ ဖြစ်ပါတယ်။ အခုလို လူဦးရေဆိုင်ရာ အသွင်အပြင် demographic က အစဥ်အမြဲ ပုံသေရှိနေမယ်လို့ တွက်ချက်တာထက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အခြေအနေတွေ ပေါ်မူတည်ကာ နှစ်ကာလအတိုင်းအတာတခု အတွင်း အပြောင်းအလဲတွေ ဖြစ်လေ့ရှိတာ ဖြစ်နိုင်တာလည်း ဖြစ်ပါတယ်။
MNDAA က ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ သိန္နီမြို့ကိုသိမ်းယူပြီးနောက် တနှစ်ကျော်အကြာမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းထည့်သွင်းကြေညာပြီး အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆက်လက်ဖေါ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နယ်မြေ ခွဲခြားသတ်မှတ်ချက်အရ သိန္နီဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမဟုတ်ဘဲ ရှမ်းပြည်နယ်ရဲ့ အုပ်ချုပ်မှုအောက်မှာသာ ရှိခဲ့တာဖြစ်ပါတယ်။ သိန္နီမြို့မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ဆိုင်းဘုတ်တွေကို တရုတ်ဘာသာလည်း ထည့်သွင်းဖော်ပြဖို့ ညွှန်ကြားချက်တွေလည်း ယခင်နှစ်က ထုတ်ပြန်ခဲ့ပြီး တရုတ်စာ၊ စကားကို အများသုံး၊ ရုံးသုံးဘာသာအဖြစ် အသုံးပြုတဲ့ ကိုးကန့်တွေအနေနဲ့ ဖတ်ရှုနားလည်အောင် လုပ်ဆောင်တာလို့ ယူဆရပါတယ်။
ဒါပေမဲ့ အခုလို တရုတ်ဘာသာ အသုံးများလာတာ၊ မသုံးမနေရ အမိန့်ထုတ်ညွှန်ကြားလာခြင်းဟာ ရှမ်းမြောက်ဒေသမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေအပေါ် ဖိအားဖြစ်စေသလို တိုင်းရင်းသားလူမျိုးတွေအကြား သဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေဆီကို ဦးတည်စေနိုင်တာလည်း ဖြစ်ပါတယ်။
လတ်တလော ရှမ်းမြောက်ဒေသက မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမပေါ် မှာရှိတဲ့ မြို့တမြို့ဖြစ်တဲ့ ကွတ်ခိုင်မြို့မှာ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် တို့အကြား အငြင်းအခုံဖြစ်တာ၊ သေနတ်ပစ်ဖောက်မှုတွေ အထိ ဖြစ်ပွားခဲ့ပြီး တပ်သားအချို့ ဒဏ်ရာရတာတွေအထိ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကလည်း TNLA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေအကြား အငြင်းအခုံဖြစ်မှုတွေ၊ KIA ဆက်ဆံရေးရုံးကို TNLA က အင်အားသုံး ဖယ်ရှားတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ကွတ်ခိုင်မြို့မှာ TNLA ရော၊ MNDAA တပ်တွေပါ နေရာယူထားကြတာ ဖြစ်ပြီး KIA အနေနဲ့လည်း ၁၀၂၇ စစ်ဆင်ရေးတွေ မတိုင်ခင်ကတည်းက ဆက်ဆံရေးရုံးနေရာ ရှိခဲ့တာဖြစ်ပါတယ်။
ကွတ်ခိုင်မြို့မှာ KIA နဲ့ TNLA အကြား ပွတ်တိုက်မှု ပဋိပက္ခဖြစ်မှုတွေ ရှိသလို TNLA နဲ့ MNDAA အကြား မှာလည်း ပွတ်တိုက်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA တပ်ဖွဲ့က သီပေါမြို့ကို သိမ်းယူပြီးနောက် ရှမ်းဘာသာနဲ့ ရေးသားထားတဲ့ မြို့အဝင်ဆိုင်းဘုတ်က ရှမ်းတိုင်းရင်းသား သရုပ်ဖေါ်ပုံ၊ ရှမ်းဘာသာစကားတွေကို ဖျက်ပြီး တအာင်းဘာသာစကားနဲ့ အစားထိုးတာတွေ လုပ်ဆောင်ခဲ့ပြီး ရှမ်းလူမျိုးတွေရဲ့ ကန့်ကွက်ပြောဆိုမှုတွေ ပေါ်ထွက်လာပြီးနောက်မှာ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ TNLA က သိမ်းယူထားတဲ့ နမ့်ခမ်းမြို့မှာလည်း အလားတူ မြို့အဝင် ဆိုင်းဘုတ်က ရှမ်းလူမျိုး အမှတ်အသား၊ ဘာသာစကားတွေကို ပြင်ဆင်ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။ နမ့်ခမ်းမြို့က ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ သီပေါမြို့ဖြစ်ရပ်လို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာ တောင်းဆိုတာတွေ သတင်းမီဒီယာတွေမှာ မတွေ့ခဲ့ရပါဘူး။
ဒီအခြေအနေတွေ အဖြစ်အပျက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် ၁၀၂၇ စစ်ဆင်ရေး မှာ ရရှိခဲ့တဲ့ စစ်ရေးအောင်မြင်မှုတွေ နယ်မြေသိမ်းယူနိုင်မှုတွေကို အနိုင်ရတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရားဝင်မှုရအောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကြားထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင် ထိုးစစ်ဆင်မှု၊ တရုတ်နိုင်ငံရဲ့ ဖိအား စတဲ့ အကြောင်းတွေ ပေါင်းဆုံပြီး မြို့အချို့ နယ်မြေအချို့ကို ပြန်လက်လွှတ်ခဲ့ရတာတွေလည်း ရှိခဲ့တာပါ။ လားရှိုး၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ၃ မြို့က သိမ်းယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့က အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုအရ ပြန်လည်လွှဲအပ်ပေးခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့တွေက စစ်တပ်ဘက်က ပြန်ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆင်ရေး၊ လက်နက်ခဲယမ်း ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ ကုန်ကြမ်းရရှိမှုတို့မှာ မရှောင်မလွှဲသာ အားကိုးနေရတဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် မူဝါဒတွေက ရှမ်းမြောက်ဒေသရဲ့ ထိန်းချုပ်အုပ်ချုပ်နိုင်မှု အသွင်အပြင်ကို အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့အချင်းချင်းအကြား လူမျိုးစုအကြားက ပြဿနာတွေကို မှန်ကန်တဲ့နည်းလမ်း အင်အားကြီးသူ အနိုင်ယူ ဆိုတာမျိုးမဟုတ်ဘဲ သမိုင်းကြောင်းအရ၊ လူဦးရေဆိုင်ရာ အသွင်အပြင်အရ မျှတတဲ့ ဖြေရှင်းမှုတွေ မလုပ်နိုင်ခဲ့ရင် တသွေးတသံတမိန့်နဲ့ အမိန့်ပေး အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ သတိပြုကြဖို့ အရေးကြီးပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar