မောင်လူမွှေး - တရားရေအေး တိုက်ကျွေးလှည့်ပါ
မောင်လူမွှေး - တရားရေအေး တိုက်ကျွေးလှည့်ပါ
မိုးမခ ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၆
"ကိုရင်ကြီး ကျန်းမာရေးအခြေအနေရော" လို့ မောင်လူမွှေးက တောတိုက်စစ်ရှောင်က မင်းသားကြီးကို မေးလိုက်တယ်။
"ပျံလွန်တော်မူသွားပြီဗျ။ ပြီးခဲ့တဲ့ ရက်ကပဲ တစ်လပြည့်တယ်" လို့ ဦးမင်းသားကြီးက ဖြေတယ်။
"အင်း ဦးမင်းသားကြီးတို့ အဖြစ်ကတော့နော" လို့ မောင်လူမွှေးက ပြောတော့ သူ့မျက်နှာမှာ ပြုံးရိပ်သန်းလာပါတယ်။ မချိတဲ့ အပြုံး။ လောကသဘောကို နားလည်သဘောပေါက်တဲ့အပြုံး ဖြစ်ပါတယ်။ မောင်လူမွှေးလည်း သူ့လို ပြုံးမိတာပါပဲ။
မင်းသားကြီးတို့ တောတိုက်ဆိုတာ ရှေ့တန်းနယ်မြေနဲ့ အလှမ်းမဝေးတဲ့နေရာမှာ ရှိတော့ လူတွေသိပ်မလာချင်ကြဘူး။ အထူးသဖြင့် ညအိပ်ညနေ မလာချင်ကြဘူး။ စိုးရိမ်ရတဲ့ အမဲရောင်နယ်မြေတစ်ခုလို့ သတ်မှတ်ထားကြတာကိုး။ ဒီလို လူတွေညအိပ်ညနေ မလာချင်ကြတဲ့ မင်းသားကြီးတို့တောတိုက်ကို ဆရာတော်တစ်ပါးပါး၊ ဦးဇင်းတစ်ပါးပါးက လာနေပြီး တရားဓမ္မ ဟောကြား၊ ညွှန်ပြဖို့ဆိုတာက တော်တော်ခဲယဥ်းတဲ့ကိစ္စ ဖြစ်တယ်။
ဒါပေမဲ့ ဦးမင်းသားကြီးတို့ တောတိုက်စစ်ရှောင် ဒါယိကာ၊ ဒါယိကာမတွေဟာ ပြီးခဲ့တဲ့နှစ်ကတော့ တောတိုက်မှာ သီတင်းသုံးမယ့် သက်တော် ခုနစ်ဆယ်ဝန်းကျင်ရှိတဲ့ ကိုရင်ကြီးတစ်ပါးကို ရခဲ့တယ်။ ကျောင်းထိုင် ကိုရင်ကြီး ရတော့ တောတိုက်စစ်ရှောင်တွေခမျာ ဘုန်းကြီးကျောင်းကို ကျကျနန ဆောက်ပြီးလှူဒါန်းကြတယ်။ ဘုန်းကြီးကျောင်းကြမ်းခင်းက ခါးလောက်သာ မြင့်ပေမဲ့ ကြမ်းခင်းထားတာက လှေကားတက်တက်ချင်း တွေ့ရတဲ့ လှေကားဦးနေရာ၊ တရားနာတဲ့နေရာ၊ ကိုရင်ကြီး သီတင်းသုံးရာ၊ ဘုရားခန်း၊ ကပြင် သူ့နေရာနဲ့သူ အဆင့်ငါးဆင့်ဖြစ်လို့ ချီးမွမ်းလောက်ပါတယ်။ ကျောင်းဝင်းတွင်းမှာ ရေတွင်းဒေါက်ဘူးတွင်းလေး တူးထားကြတယ်။ ဝါးလုံးအရှည်ကြီးတစ်လုံးနဲ့ သာသနာ့အလံတော်ကို လွှင့်ထူထားကြတယ်။
ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်က မင်းသားကြီးဟာ ကိုရင်ကြီးအကြောင်း မောင်လူမွှေးကို ပြောပြဖူးတယ်။ ကိုရင်ကြီးဟာ အရင်က တောရကျောင်းတစ်ခုမှာ သီတင်းသုံးတယ်။ နောက် စစ်ရေးအခြေအနေတွေကြောင့် တောရကျောင်းမှာ သီတင်းသုံးလို့ မရတော့တာကြောင့် မင်းသားကြီးဟာ သံဃာမရှိတဲ့ သူတို့ စစ်ရှောင်တောတိုက်ကို ပင့်ခဲ့တယ်။ ကျောင်းဆောက်လုပ်လှူဒါန်းတယ်။ ဒါပေမဲ့ ကိုရင်ကြီးခမျာ တောတိုက်စစ်ရှောင်ကျောင်းကို ရောက်ပြီးနောက် မကျန်းမမာဖြစ်ရှာတော့တာပဲ။
"ကိုရင်ကြီးကို ကုရတာ ဆယ်သိန်းကျော် ကုန်ပြီဗျ။ သူလည်း မကျန်းမာတော့ မလွယ်ဘူး။ ကျနော်တို့လည်း မလွယ်ဘူး" တဲ့ ။ မင်းသားကြီး ပြောခဲ့တာတွေကို အမှတ်ရတယ်။ မင်းသားကြီး ဒီစကားတွေ ပြောခဲ့တုန်းကလည်း အပြုံးမပျက်ပါပဲ။ လောကဓံကို ခံနိုင်ရည်ရှိပြီး စိတ်ရင်းစေတနာကောင်းတဲ့ မင်းသားကြီးပေကိုး။
ကိုရင်ကြီး နေမကောင်းဖြစ်တုန်း ဆေးကုသပေးရာမှာ ဒုက္ခဖြစ်တာက သွားရေးလာရေးပါ။ ဆေးကုသပေးမယ့် ဆရာ၊ ဆရာမတွေက အမည်းရောင်နယ်မြေဖြစ်တဲ့ မင်သားကြီးတို့ဆီကို မလာရဲဘူးလို့ ဆိုတယ်။ မလာနိုင်ဘူးလို့ ဆိုတယ်။ ဒီတော့ မင်းသားကြီးခမျာ သက်တော်ကြီးရင့်ပြီဖြစ်တဲ့ ကိုရင်ကြီးကို ဆိုင်ကယ်နဲ့တင်ပြီး လမ်းတဝက်က နေရာတစ်ခုမှာ ဆေးကုသမှုကို ဆောင်ရွက်ကြရတယ်။ နောက် ကိုရင်ကြီးရောဂါ မသက်သာတော့ လမ်းတဝက်က အဆောက်အအုံ နေရာမှာပဲ ကိုရင်ကြီးကို အစောင့်နဲ့ထားပြီး ဆေးကုသပေးခဲ့ကြတယ်။ စစ်ရှောင် ဒါယိကာ၊ ဒါယိကာမ တွေဟာ သူတို့ရဲ့ ကိုရင်ကြီးအပေါ်မှာ နောက်ဆုံးအချိန်ထိ ဒီလို တာဝန်ကျေခဲ့ကြပါတယ်။
မောင်လူမွှေး ရောက်ဖူးတဲ့ စစ်ရှောင်စခန်းတွေထဲမှာ ဘုန်းကြီး၊ သံဃာ မရှိတဲ့ နေရာတွေတော်တော်များတာကို သတိထားမိပါတယ်။ ပြီးတော့ အတွေ့အကြုံ၊ ပညာ၊ အသက်အရွယ် အထိုက်အလျောက်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမရယ်လို့ မားမားမတ်မတ် မရှိသေးတဲ့ နေရာတွေလည်း ရှိနေပါတယ်။ သာသနာ ဆိုတာ သာသန ဆိုတဲ့ ပါဠိစကားလုံးက လာတာ။ အဆုံးအမ လို့ အဓိပ္ပာယ်ရကြောင်း ဆရာတော်တွေရဲ့ တရားကို နာဖူးလို့ မှတ်မိနေပါတယ်။ တော်လှန်ရေးကာလမှာ လေကြောင်းအန္တရာယ်၊ စစ်ကြောင်းအန္တရာယ်၊ စားဝတ်နေရေးချို့တဲ့မှု စတဲ့ ဘဝရဲ့ ဒုက္ခမျိုးစုံကို ခံနေကြရရှာတဲ့ စစ်ဘေးရှောင်တွေအတွက် လက်တွေ့ကျကျ ဆုံးမလမ်းညွှန်ပေးနိုင်တဲ့သူ၊ သူတို့ရဲ့ ပူပင်နေတဲ့ စိတ်ကို အေးချမ်းအောင် လက်တွေ့ ကူညီပေးနိုင်တဲ့သူ ပိုလိုအပ်မယ်လို့ မောင်လူမွှေး ယုံကြည်မိပါတယ်။ လူ့အဖွဲ့အစည်းတစ်ခု ယိုယွင်းပျက်စီးသွားခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေဟာ များလှတာကို အလေးအနက် သတိပြုသင့်ကြပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar