Breaking News

ကိုနီတွတ် - ဆင်စီးနေတုန်း ဆင်အောက်က လူကို မစပါနှင့်

ကိုနီတွတ် - ဆင်စီးနေတုန်း ဆင်အောက်က လူကို မစပါနှင့်

မိုးမခ ၊ ဖေဖော်ဝါရီ ၅ ၊ ၂၀၂၆


တစ်ဦးနှင့် တစ်ဦး၊ အသင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းတိုင်ပင်ရာတွင် မိလိန္ဒပဉှာ အမေးအဖြေအတိုင်းဆိုရင် (၁) ပညာရှိတို့၏ ဆွေးနွေးခြင်း၊ (၂) မင်းတို့၏ ဆွေးနွေးခြင်းဟူ၍ နှစ်မျိုးရှိကြောင်း ဆိုနိုင်သည်။ 

ပညာရှိတို့၏ ဆွေးနွေးခြင်းဟူသည် သွယ်ဝိုက်တင်စား၍ ဆွေးနွေးခြင်း၊ တိုက်ရိုက်တဲ့တိုး ဆွေးနွေးခြင်း၊ နှိမ့်ချဆွေးနွေးခြင်း၊ ချီးမြှောက်ဆွေးနွေးခြင်းမျိုး ဖြစ်သည်။ မင်း၏ဆွေးနွေးခြင်းဟူသည် မင်းဖြစ်သူ၏ အယူအဆနှင့် တူမျှခြင်းသာလျှင် အဓိကကျသည်။ မှားသည်၊ မှန်သည် အကြောင်းမဟုတ်။

မင်းဖြစ်သူ အလိုကျသာ အရေးကြီးသည်။

ပညာရှိတို့၏ ဆွေးနွေးခြင်းသည် ပညာတိုးပွားရေး၊ အယူဝါဒ ဖြောင့်မှန်ရေးသည် အခြေခံအကြောင်း ဖြစ်သလို ရှုံးခြင်း နိုင်ခြင်း၊ ဆရာ တပည့် ဖြစ်ရခြင်းသည် အဓိကမကျ။ တဘက်နှင့်တဘက် အမျက်မထွက်ဘဲ မေတ္တာ သစ္စာမပျက် ပြေလည်ဖို့သာ ဖြစ်သည်။ မင်းတို့၏ ဆွေးနွေးခြင်းတွင် တစ်စုံတစ်ရာ ချွတ်ယွင်းပျက်ကွက်သည် ဆိုပါက မင်းပြစ်မင်းဒဏ် မလွတ်သလို အထက်စီးဖြင့် ငါတကော ကောသော စကားလုံးကြမ်းများကို အကြမ်းပတမ်းဆိုရင်း အဖြောင့်ထက် အကောက်ဘက်ကိုသာ ဆိုကြသည်။ လိုရာဆွဲပြောသည်။ လိမ္မာသော စကားအျားကို မသုံးကြ။ ယုတ်မာရက်စက် ကောက်ကျစ်မှုများဖြင့်သာ အဆုံးသတ်ကြသည်။ ဆွေးနွေးဖက်များမှာ နစ်နာဆုံးရှုံးမှုများဖြင့်သာ အဆုံးသတ်ရသည်။

မင်းတို့၏ ဆွေးနွေးခြင်းမျိုးဖြင့်သာ ဆွေးနွေးသူများမှာ ကြိုတင်ကြံစည်မှုများ၊ မဟုတ်မမှန်မှုများ၊မိမိတို့ အလိုရှိမှုများကို ငွေပေး၍လည်းကောင်း၊ ထောင်ချောက်ဆင် အကောက်ကြံစည်မှုများဖြင့်လည်းကောင်း၊ အားနည်းချက်၊ ချွတ်ယွင်းချက်များကို ချနင်း၍လည်းကောင်း၊ အနိုင်ကျင့်၍ လည်းကောင်း အမျိုးမျိုးဒုက္ခပေးသည့် လူယုတ်မာလက္ခဏာရှိသူများသာ ဖြစ်ကြသည်။ 

ဤနည်းများကို တွင်တွင်သုံးကာ ဆွေးနွေးဖက်များအပေါ်  သစ္စာမဲ့သလို မိမိဘက်တော်သားများကိုလည်း ချနင်းတတ်သည်။ မိမိအပေါ် မည်မျှပင် ကိုယ်ကျိုးစွန့်လုပ်ခဲ့ပါစေ၊ မျက်စိမှိတ်ကာ မေ့ပစ်တတ်သည်။ သနားညှာတာမှုသည် သူတို့လက်စွဲ မဟုတ်ကြ။

သူတို့သည် အများကောင်းစားရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်မျှတရေး၊ သာတူညီမျှဖြစ်စေရေးများထက် ကိုယ်ကျိုးသာ ကြည့်သည့် တဘို့တည်းသမားများသာ ဖြစ်သည်။ အများသူငှာ ဒုက္ခရောက်သည် မရောက်သည် သူတို့အလုပ် မဟုတ်။ လွတ်လပ်မျှတမှုသည် သူတို့လိုချင်သောပုံစံ မဟုတ်။ တရားမျှတမှုသည် သူတို့စိတ်မကူး။ သာတူညီမျှမှုသည် သူတို့ အန္တိမ မဟုတ်။ သူတို့ ဆွေးနွေးလိုသော အကြောင်းအရာကို လိုက်လျောလျှင် ဆွေးနွေးမည်။ ဆွေးနွေးဖက်များမှတောင်းဆိုမှုများသည် သူတို့အတွက် အရေးမကြီးလျှင်တောင်မှ အကြိတ်အနယ် ဆွေးနွေးရသည်။သူတို့ လိုက်လျောရမည်ဆိုလျှင် လုံးဝခေါင်းငုံ့ခံ မဆွေးနွေး။ သူတို့ဘက်က ကြိုတင်ကြံစည် ဆွေးနွေးလိုခြင်းများသာလျှင် ပဓာန။ အကျဥ်းအကြပ်ထဲ ရောက်ခဲ့လျှင် ဆွေးနွေးချိန်ကို ထပ်ချိန်းပြီး အချိန်ဆွဲသည်။ သူတို့သာလျှင် အကောင်ကြီးကြီး အမြီးရှည်ရှည်။ ဆွေးနွေးဖက်များကို လိုအပ်လျှင် အကြမ်းဖက် သူပုန်၊ ဆွေးနွေးပွဲကို အလိုမရှိသူ၊ အဖျက်သမား စသဖြင့် တံဆိပ်အမျိုးမျိုးတပ်သည်။ မလိုတစ်မျို၊ လိုတစ်မျိုးရှိကြပြီး ဆွေးနွေးဖက်ကို အပြုတ်ချနိုင်ရေးကိုသာ အစဥ်တွေးတတ်ကြသည်။ နောက်ကျောကို ဓားနှင့်ထိုးသူများ ဖြစ်သည်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်သမားများ ဖြစ်သည်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် လုပ်တတ်သူများ ဖြစ်သည်။ မကောင်းသူထိပ် ကောင်းသူထိပ် သဘောထားနိုင်သူများ ဖြစ်သည်။

ဘူးတစ်လုံး ဆောင်ထားသူများ ဖြစ်သည်။ အရှက်ဆိုတာ ချိုနဲ့လားဟု မေးရမည့်သူများ ဖြစ်သည်။

ဤလူစားမျိုးများသည် အာဏာသိမ်းလေ့ရှိသော မြန်မာအကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်း ဗိုလ်ချုပ်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း စာဖတ်သူများ ချက်ချင်းသိနိုင်ပါသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၏ သန့်ရှင်းမျှတပုံကို အမဲဖျက်ခဲ့သည်။ ခင်ပွန်းကိုပစ်၊ သားသမီးများကိုပစ်ကာ မြန်မာပြည်တိုးတက်ရေးကို ဦးလည်မသုန် ဆောင်ရွက်နေသူ အမေစု၏ လုပ်ရပ်များကို သိမြင်ခံစား စံစားနေရပါလျက် ကျေးဇူးကန်းသည်။ သမ္မတ လုပ်ချင်လွန်း၍ ပြည်သူ့သမ္မတကြီးကို ခြိမ်းခြောက်သည်။ လက်မှတ်မထိုးပေးခဲ့သည်ကို အငြိုးထားကာ ထောင်ချသည်။သမ္မတရာထူးပေးရန် လူလွတ် ခြိမ်းခြောက် တောင်းဆိုခဲ့သည် အပေါက်က ဥပဒေနှင့်မညီ။ နည်းလမ်းမကျ။ ဘောင်မဝင် စည်းကမ်းဖောက်။

ရွေးကောက်ပွဲဝင်ပါ၊ ဥပဒေအတိုင်း သွားပါဟု ပညာရှိဆွေးနွေးမှုမျိုးဖြင့် ပြောခဲ့သော်လည်း မင်း၏ ဆွေးနွေးမှုမျိုးဖြင့် ဥပဒေချိုးဖောက် ကျူးလွန်သည်။ ရာဇဝင်ထဲက အုတ်လှကြီးကဲ့သို့ မင်း၏အမှုကိစ္စကို ဦးဆွေးဆံမြည့် အမှုတော်ထမ်းခဲ့ပြီး ညီအရင်းဖြစ်သူ အကြမ်းဖက်တပ်ကြောင့် သေဆုံးခဲ့သည်ကို ဂရုမထားခဲ့သည့် ဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ကစထမှူးအဖြစ်မှ စောစောစီးစီး ပြုတ်သွားခဲ့သည်။ သမ္မတကြီးဦးဝင်းမြင့်ကို ဝင်ဖမ်းခဲ့သည့် စိုးထွဋ် ထောင်နန်းစံရသည်။ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွတ်ကိုလည်း ထောင်ချခဲ့သည်။ 1027 operation တွင် လောက်ကိုင်ဒကစ တာဝန်ရှိသူများ၏ မိမိငယ်သားများနှင့်မိသားစုများအပေါ် စာနာမှုပေးပြီး လက်နက်ချခဲ့သူများကိုလည်း သေဒဏ်ပေးသူ ပေးခံရ၊ ထောင်ချ အလုပ်ဖြုတ်သူ ဖြုတ်ခံရ။ အခြားသော မတော်မတည့်အမှုများလည်း အများကြီးကျန်နေသေးသည်။ ရေးမကုန်ဖွယ်။

လောလောလတ်လတ် မအလ သစ္စာခံပြီး ဘောပုတ်ကြီးကို မရွံမရှာမ၊ အမေစုနှင့် သမ္မတကြီးတို့ကို မဟုတ်တမ်းတရား အပုပ်ချခဲ့သော သက်သက်ခိုင်၊ good morning မင်္ဂလာပါဟု ခပ်တည်တည်ပြောခဲ့သူကြီးလည်း မအလ လူယုတ်မာ ပြဋ္ဌာန်းခဲ့သော တရားမဝင်ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခဲ့၍ ထောင်နန်းစံရန်ရှိနေသည်။ အမေစုကို နိုင်ငံပိုင်ရဟတ်ယာဥ်ဝယ်ယူခဲ့သည်ကို အကြောင်းပြု၍ မဆီမဆိုင်ပုဒ်မများ တပ်ခဲ့သော်လည်း သူကိုယ်တိုင်ကမူ ငလျင်အလှူငွေများ၊ ကျားဖြန့်ငွေများ၊နိုင်ငံပိုင်သယံဇာတများကို ရောင်းချရသည့်ငွေများဖြင့် ကိုယ်ပိုင်လေယာဥ်ပင် ဝယ်ယူခဲ့သည်။အပြစ်တစ်စုံတစ်ရာမျှပင် မရှိ။

ပြည်သူ့ဝန်ထမ်းများ အသက် ၆ဝ ပြည့်လျှင် ပင်စင်ယူရသော်လည်း ဂွတိုဂျပုကာ အသက် ၆၀ ကျော်၍ ၇၀ ပင်ပြည့်တော့မည်။ ယခုထိ ငါနှင့်ငါသာ အတ္တကြီးနေဆဲ၊ လောဘ ဒေါသ မောဟများဖုံးလွှမ်းနေဆဲ။ ဝန်ထမ်းများ နိုင်ငံရေးနှင့်ကင်းရှင်းရမည် ဆိုပြီး ဤမအေယိုးကြီးမှာ ယခုထိယူနီဖောင်း မချွတ်သေး။ တပ်နှင့်မဆိုင်သည့် နိုင်ငံရေးမှာ ကန့်လန့်တိုက်ပါနေပြီး လုပ်ချင်သလို လုပ်နေသည်။ လူယုတ်မာ အကြမ်းဖက်သမားများအောက် အလုပ်မလုပ်လိုသော CDMs များကို နိုင်ငံရေးလုပ်သည် ဆိုကာ ပါးစပ်က ဒီမိုကရေစီ တွင်တွင်ပြောပြီး ဖမ်းဆီးထောင်ချသည်။ အိမ်ချိပ်ပိတ်သည်။ မိသားစုကွဲအောင်လုပ်သည်။ အပြစ်ရှိ၍ ယူလိုလျှင် ကာယကံ CDMs များကိုသာဖမ်းရမည် ဖြစ်သော်လည်း ကျန်မိသားစုကိုပါ ဒုက္ခပေးသည်။ ယုတ်စွအတုံး CDMs လုပ်သူတွင် ကလေးငယ် ရှိပါက ထိုကလေးငယ်ပါ မချန်။

မအလငတိကား ကိုယ်တိုင်က လူမွေးမပြောင်၊ မည်သူကမှ အဖက်မလုပ်သော်လည်း နိုင်ငံ့ခေါင်းဆောင်လိုလို ဟိုဆွေးနွေးပွဲ သည်ဆွေးနွေးပွဲများ ကျင်းပသည်။ ဘာရလဒ်မှလည်း မထွက်။ထွက်သည့်ရလဒ်သည်လည်း မင်း၏ ဆွေးနွေးခြင်းမျိုး ရလဒ်။ ဆွေးနွေးဖက်များသည်လည်း ပုလင်းတူ ဘူးဆို့များသာ။ ဘာရလဒ်မှမထွက်ပုံကလည်း ကြံကြံဖန်ဖန် NCA (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးညီလာခံဆိုလား။

"အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချပ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NCPNC) မှဦးစီးကျင်းပသတတ်။ ကြီးလိုက်သည့် စကားလုံး၊ ဝေါဟာရ။ တက်လာသည့် EROs အဖွဲ့ ဆိုတာကလည်း လုပ်ကိုင်စားသောက်ကောင်းရန် ဖွဲ့ထားသည့် အမည်ခံအဖွဲ့များသာ။ ဒါမှ မင်း၏ဆွေးနွေးခြင်းမျိုးဖြင့် ဆွေးနွေး၍ ရမည်လေ။ ဒါပေသိ စပွန်ဆာအလိုကျ ချီထားသည့် စကားလုံးဝေါဟာရများကာ အပေါ်ယံရွှေမှုန်ကြဲ။

ဤမျှမကသေး။ "ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်သို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့"တဲ့။

ကာတွန်း မောင်ဝဏ္ဏ၏ သမိန်ပေါသွပ် ကာတွန်းဇာတ်ကောင်လို "ဝိုး ထွား ထွား"ရယ်နည်းလို ရယ်လိုက်ချင်သည်။ မတန်လိုက်တဲ့ ဝေါဟာရများ။ သူ့ကိုယ်သူမင်းဟု အတင်းယူထားသည့် ငတိနှင့် လူ့ဗာလတစ်သိုက်ကား ခေတ်စကားနှင့်ဆိုရသော် တကယ့်ကို စားတဲ့ ဘီးကျဲတွေ။ 

မြန်မာပြည် ငြိမ်းချမ်းခြင်းမရှိတာ ကြာပြီ။ အနှီဘဲကြီးတွေကြောင့်ဆိုတာ လူတိုင်း သိသည်။လက်တွေ့မှာလည်း မြန်မာပြည်အနှံ့ ဗုံးလိုက်ကြ၊ လူသတ်၊ မြို့ ရွာများကို မီးရှို့ဖျက်ဆီး၊ အဆောက်အအုံများကို ဖြိုဖျက်၊ ပညာသင်ကျောင်းများ၊ သာသနိကအဆောက်အအုံ၊ ဆေးရုံများကိုတော့ ပစ်မှတ်ထားကာ သေသေချာချာ လိုက်ဖျက်နေသည်။ ပြည်သူပိုင်မြေများကို သိမ်းဆည်းသည်။ အကွက်ချကာ ပြန်ရောင်းသည်။ ထိုမတော်မတည့်များ၊ မထော်မနှမ်းများကို ပညာရှိဆွေး နွေးခြင်းမျိုးဖြင့် လာမဆွေးနွေးပါလေနှင့်။ ဇွတ်မှန်ကြီးကား ဇွတ်ကိုမှန်ကြောင်း သတင်းလိမ်ရှင်းလင်းပွဲဖြင့် လုပ်ပြန်သည်။ အာဏာစသိမ်းကတည်းက အကြမ်းဖက်တပ်သားများလက်ခမောင်းခတ်ကြသည်မှာ စစ်တပ်ခေတ် ပြန်ရောက်ပြီ ဟူ၏။ ထိုသူတို့၏ ခါးတောင်းကျိုက် တလွဲ ဖင်တလွဲ ဒီမိုကရေစီ၊ ရေပေါ်ဆီ။

သည်လောက်ပဲလား။ များစွာကျန်ပါသေးသည်။ ယခုတလော ကြားသိရသည်မှာ တရားရေးဌာနက တရားသူကြီးများအကြောင်း။ အမှုကိစ္စများ ဆုံးဖြတ်ချက်ချရန်၊ ဆောင်ရွက်ရန်မတိုင်ခင် ကျမ်းကျိန်ခြင်းကို ပယ်ဖျက်ရန် အားထုတ်နေကြသည်။ ယခင်ကတည်းက တရားသူကြီးသာဆိုသည်၊ စာအိတ်ထဲက ပြောလာသည်ကို စောင့်၍ စာဖတ်ရုံအဆင့်။ ယခုလည်း အထက်ပါအတိုင်း ထပ်လုပ်လာသည်။ သူတို့၏ရုံးများမှာတော့ လာဘ်ပေးလာ်ယူ တို့ရန်သူတို့၊ ဘယ်ဖုန်းနံပါတ်သို့ ဆက်သွယ်တိုင်ကြားနိုင်သည်တို့ ခပ်တည်တည်။ မအလကလည်း အကျင့်ပျက် ခြစားမှုများကို ထိထိရောက်ရောက် အရေးယူမည်တဲ့။ တစ်နေ့တခြား အဆင်ပြေလာသူများကား သူတို့သာတည်း။ ရွှေကြိုးကြာသံ သာယာသည်မှာ မှန်ပါသည်။ ထိုကြိုးကြာဥမှာ အချဉ်ကြီး။ မည်သူမည်သို့ပင် မှန်ပါစေ ရွာအပြင် ထွက်ရသည်မှာ စိတ်ကူးယဥ် မဟုတ်ပါလေ။

ထပ်လုပ်လာတာ တွေ့ရပြန်သည်။ ယောင်တိယောင်ကမ်း ဟိုစပ်စပ် သည်စပ်စပ် မဖွယ်မရာ လုပ်နေသည်ကတော့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဆိုလား။ အာဏာသိမ်းသည်ကို အာဏာထိန်းသည်ဟု ဝေ့လည်ကြောင်ပတ် ဆိုသူ။ သူ့လောက်တော်သူ မရှိ၍ ဆက်လုပ်နေရပါသည် ဆိုပြီး သူ့တပ်ကိုဖျက်ဆီးနေသူ၊ လူငယ်များကို နေရာပေးရမည် ပြောပြီး သူကိုယ်တိုင်က အသက် ၇၀ ရောက်နေပြီ ရာထူးမှ နုတ်ထွက်ရန် ကြောက်နေသူ။ သူကိုယ်တိုင် အမှားလုပ်ခဲ့ပြီး ထိုအမှားဖုံးကွယ်ရန် ထပ်ဆင့် ထပ်ဆင့် အမှားများဖြင့် ဖုံးကွယ်နေသူကြီးက လူငယ်များကို မှာတမ်းခြွေပုံက ပညာတတ်ဖြစ်အောင် လုပ်ကြပါတဲ့။ တစ်ဖက်မှာတော့ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး အဆိုပါလူငယ်များကို ချနင်းနေသည်။ စတေးနေသည်။ လူကုန်ကူးနေသည်။ လူငယ်များစွာ တိမ်းရှောင်နေရသည်။နိုင်ငံခြားသို့ တရားဝင်၊ တရားမဝင် ထွက်ခွာနေကြသည်။ ပညာရှိဆန်ဆန် ယထာဘူတကျကျ မည်သို့ပင်ဆိုကြ ထောက်ပြကြပါစေ၊ မင်းမြှောင်တစ်သိမ်းတို့၏ အောက်တွင် ငုံ့လျှိုးသွားရသည်။

မူလက နွေဦးတော်လှန်ရေး ကြားကာလအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFs များကို အကြမ်းဖက် အဖျက်သမားတဲ့။ EROs များကို သူပုန်တဲ့၊ သောင်းကျန်းသူတဲ့၊ အဖျက်သမားများတဲ့၊ ဘုံရန်သူတဲ့။ မင်း၏ ဆွေးနွေးခြင်းမျိုးဖြင့် လုပ်၍ရလေမလား ဆိုပြီး ဟန်လုပ် အဆန်ချောင်၊ သင်္ကြန်အမြောက် လုပ်ခဲ့သည်။ နိုင်ငံတကာကို ချပြနိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတုများဖြင့် အကြိမ်ကြိမ် ဖိတ်ခေါ်သည်။ လူယုတ်မာ ဗိုလ်ယုတ်များ၏ ဆွေးနွေးခြင်းများကို နောကျေနေသော စောဖေများ က စစ်တပ် နိုင်ငံရေးက ထွက်ခွာရမည်။ စစ်တန်းလျား ပြန်ရမည်။အစိုးရအောက် နေရမည်။ ကျူးလွန်သမျှ ပြစ်မှုများကို တာဝန်ယူရမည်ဟု အသံလည်း ပေးလိုက်ရော ဟန်ဆောင်မျက်နှာဖုံးများ ကွာကျကုန်သည်။

အနှီဂျပု၏ ခါးပိုက်ဆောင်တပ်များနှင့် အပေါင်းအပါများကို မခံနိုင်လွန်း၍ ပြန်တော်လှန်ပြန်တော့လည်း အကြောင်းအမျိုးမျိုးပြ၊ ပုံအမျိုးမျိုးဖျက် အမှန်ထက် အမှားဘက်များသော အခြေအနေများကို ဖန်တီးသည်။ ယုတ်မာသည်။ မဟုတ်တာတွေက ခပ်များများ။ လက်နက်မဲ့ပြည်သူများ လက်သုံးချောင်ထောင် ဆန္ဒပြစဥ်က သေရဲတဲ့ကောင် ထွက်ခဲ့ ဆိုသည်ကို မေ့သွားပုံပေါ်သည်။လက်နက်ကိုင် ဆွေးနွေးခြင်းမျိုးဖြင့် မအလတည်းဟူသော အာဏာလု မင်းတု၏ စကားအတိုင်းသာ မှားမှား မှန်မှန် အကောင်အထည်ဖော် လုပ်ကိုင်တိုင်း အောင်မြင်ရိုးလား။ တော်လှန်ရေးအောင်မြင်မှု ရာဇဝင်သမိုင်းများကား စိတ်ကူးယဥ်ရေးလို့ ရသည့်အကြောင်းအရာမှ မဟုတ်တာ။

ထို့အပြင် သူတို့၏ အစိမ်းစာအုပ် ရွေးကောက်ပွဲဝင် အနိုင်ရခဲ့သော ဒီမိုကရေစီပါတီများ။ရွေးကောက်ပွဲတိုင်း အနိုင်ရခဲ့ကြသည်။ အင်အားအကြီးဆုံးပါတီ ဖြစ်သည့် NLD ပါတီက တောင်ပြိုကမ်းပြို အကြိမ်ကြိမ် အနိုင်ရနေတော့ တစ်ပါတီအာဏာရှင်တဲ့။ မစားရတဲ့အမဲ သဲနှင့်ပက်သည်။ ယခု သူတို့ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကို အနိုင်ရစေရန် အမျိုးမျိုး ကြံဆောင်သည်။ အိမ်ဖြည့်ပါတီငယ်များကို အာမနာ။ အများကြိုတင်ပြောခဲ့သည့်အတိုင်း ပြိုင်ဘက်မရှိဘဲ တစ်ပါတီတည်း ပြိုင်နေခြင်းလို ဖြစ်နေသည်ကိုမှ မရှက်။ တောင်ပြိုကမ်းပြို အနိုင်ရသတတ်။ တကယ့်ကို မအလ၏ လုပ်ကိုင်ပုံများမှာ တောင်တွေ ပြိုခဲ့သည်။ ကမ်းတွေ ပြိုခဲ့သည်။ ထိုသောင်ပြိုကမ်းပြိုမှုအောက်တွင် မအလ၏ လုပ်ကိုင်ပုံမပေါ်မှုများ၊ အမှားများ၊ မတော်မတရား လုပ်ကိုင်မှုများမှာ ဘယ်လိုမှ ဖွတ်မရ ထင်းထင်းကြီး။ သူတို့ကျတော့ တစ်ပါတီ အာဏာရှင်မဟုတ်ပြန်။ မတရားလည်း လုပ်သေးသည်။ ဝေဖန်သူများကို ထောင်ချသည်။ အသည်းလည်း မပေးနှင့်၊ လက်မလည်း မထောင်နှင့်။ ဘာမှတ်သလဲ၊ ငါသည်ကား မတရားမင်းဖြစ်တော့သကိုဟု ဆိုသလိုလို။

ဆိုရသော် ကုန်နိုင်ဖွယ်မမြင်။ ပညာရှိ ဆွေးနွေးခြင်းများဖြင့် ဆွေးနွေး၊ ပညာတတ် ပညာရှိများကိုတန်ဖိုးထားသော နိုင်ငံများ၏ တိုးတက်မှု၊အေးချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှရှိမှု စသော စံနှုန်းများကြောင့် အားကျစရာ၊ နေချင့်စဖွယ်၊ ပျော်ရွှင်မှုအပေါင်းနှင့် သာယာခညောင်းနေသည်။ ပညာရှိဆွေးနွေးမှုစံနှုန်းများကို တန်ဖိုးထားနေမှတော့ ပြည့်စုံကုံလုံကြွယ်ဝ၊ စိတ်အေးချမ်းသာစွာ နေကြရသည်မှာ မဆန်း။

မင်း လုပ်သူ၏ အယူအဆသာ အဓိကဖြစ်သော မင်း၏ ဆွေးနွေးခြင်းမျိုးကိုသာ လိုက်လုပ်နေရသော နိုင်ငံသည် အာဏာရှင်တို့၏ နိုင်ငံ။ အာဏာရှင်တို့ အနိုင်ကျင့်တိုင်း အများပြည်သူများ ခံနေရသည်။ အာဏာရှင်တို့၏ စရိုက်လက္ခဏာအတိုင်း ငါတကော ကော၊ ငါပြောတာလုပ် ငါလုပ်သလို လိုက်မလုပ်နဲ့ ဆိုမှတော့ ဘယ်သူကများ စည်းနဲ့ ကမ်းနဲ့၊ မူနဲ့ ဘောင်နဲ့ ဖြစ်ပါတော့မည်နည်း။ပျက်စီးခြင်းကလွဲ၍ မည်သို့ ကောင်းနိုင်ပါဦးမည်နည်း။ 

အဖြောင့်ရှိလျှင် အကောက်ရှိသည် ဆိုငြား အကောက်ကို အကောက်အတိုင်းသာ လိုက်လုပ်နေသရွေ့ အကောက်အတိုင်းသာ ဖြစ်ပေါ်လာမည်။ အကောက်ကို အကောက်အတိုင်းသာ ပေယျာလကန် ထားလိုက်ပါက သင့်တော်ပါမည်လော။

စာဖတ်သူများကော မည်သည့်ဆွေးနွေးမှုမျိုးကို သဘောကျ နှစ်သက်ပါသနည်း။

(၁၇-၁-၂၀၂၆)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar