အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံအကြား ထိုင်းနိုင်ငံက ကြားဝင်ဖို့ ကမ်းလှမ်း၊ အာဆီယံရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၄ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၆
အာဆီယံအဖွဲ့နဲ့ မြန်မာနိုင်ငံအကြား ထိုင်းနိုင်ငံက ကြားဝင်ဖို့ ကမ်းလှမ်း၊ အာဆီယံရဲ့ လုပ်ပိုင်ခွင့် အကန့်အသတ်
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံ ရှိတဲ့ ဒေသတွင်း စီးပွားရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အာဆီယံအဖွဲ့ကြီးနဲ့ အာဏာသိမ်းစစ်တပ်က ကြီးကြပ်ကျင်းပတဲ့ ရွေးကောက်ပွဲ ပြီးခါစ မြန်မာနိုင်ငံတို့ အကြား ဆက်ဆံရေးတိုးတက်လာဖို့ ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ အသင့်ရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
အာဆီယံ အဖွဲ့အနေနဲ့ မကြာသေးခင် သီတင်းပတ်တွေက ကျင်းပပြီးစီးသွားတဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူသိရှင်ကြားထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ အသိအမှတ်ပြု မပြု တိတိပပ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပေမယ့်လည်း ရွေးကောက်ပွဲက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အဆင့်တဆင့် ဖြစ်ဖို့ မျှော်လင့်တယ် ဆိုတဲ့ သဘောမျိုး သံတမန်ရေးဆန်ဆန် ပြောဆိုထားတာပါ။
ယမန်နှစ်နှောင်းပိုင်း ဖွေထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပြုတ်ကျအပြီး တက်လာတဲ့ ဖွန်ကျန်ထိုင်းပါတီ ခေါင်းဆောင် အနုတင် ဦးဆောင်တဲ့ အစိုးရအနေနဲ့ နှစ်ဝက် မရှိတဲ့ သက်တမ်းကာလအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သဘောထားက ထိတွေ့ဆက်ဆံမယ့်နည်းလမ်းဘက်ကို တဖြည်းဖြည်း ဦးတည်လာနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပမီ လပိုင်းအလိုမှာ လက်ရှိထိုင်းအစိုးရအဖွဲ့ရဲ့ သဘောထားက ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲ မကျင်းပမီ သီတင်းပတ်အနည်းငယ် အလိုမှာတော့ သဘောထား အမြင် ပြောင်းလဲလာတာ တွေ့ရပါတယ်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနက် မလေးရှား၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ရွေးကောက်ပွဲမကျင်းပမီရော ရွေးကောက်ပွဲ ကျင်းပပြီးနောက်မှာပါ ရွေးကောက်ပွဲ ဖြစ်စဥ်နဲ့ ရလဒ်ကို အသိအမှတ်ပြု ထောက်ခံတာမျိုး မတွေ့ခဲ့ကြရပါဘူး။ အာဆီယံ အဖွဲ့အနေနဲ့လည်း ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြပြီး အချို့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ကတော့ စောင့်ကြည့်တဲ့ ကိုယ်စားလှယ်အဖွဲ့စေလွှတ် ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကြပ်အတည်း၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ စီးပွားရေး ကျဆင်းပြီး အလုပ်အကိုင်ရှားပါးမှုတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ စစ်ဘေးဒုက္ခသည်နဲ့ စီးပွားရေးအကြောင်းကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ကြိုးပမ်းကြတဲ့ အကျိုးသက်ရောက်မှု အများဆုံးကို ထိုင်းနိုင်ငံက ခံစားရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့နောက်မှာတော့ အာဆီယံအဖွဲ့ဝင်ထဲက မလေးရှားနိုင်ငံလည်း ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အကျိုးဆက်ကို ခံစားကြရတာ ဖြစ်ပါတယ်။ တဖက်မှာလည်း စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ လုပ်အားခသက်သာတဲ့ အလုပ်သမား အင်အားဖြည့်ဆည်းပေးမှု အဖြစ် ရှုမြင်နိုင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံထဲက စစ်ပွဲတွေ၊ တရားဥပဒေ မစိုးမိုးမှုတွေ၊ လက်နက်ကိုင် အဖွဲ့အများအပြားက ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေး ထုတ်လုပ်ဖြန့်ချိမှု၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို လက်ခံနေရာပေးမှုတွေက အိမ်နီးချင်း နိုင်ငံ အပေါ် အကျိုးသက်ရောက်မှုတွေ ရှိစေတာ ဖြစ်ပါတယ်။
ဒီအကြောင်းရင်းခံတွေက ထိုင်းနိုင်ငံက အစိုးရတွေ အနေနဲ့ မြန်မာပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့ တွန်းအားဖြစ်စေတာပါ။ လက်ရှိထိုင်းအစိုးရ အဖွဲ့အနေနဲ့ ခုလာမယ့် ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်ပွဲပြီးနောက် အနိုင်ရလာမယ့် အစိုးရအဖွဲ့ကို အာဏာလွှဲပြောင်းပေးရမှာ ဖြစ်ပြီး ခု လက်ရှိ ဝန်ကြီးချုပ်နဲ့အတူ အခြားသော ဝန်ကြီးအဖွဲ့ဝင်တွေ ပါဝင်တဲ့ ပါတီက အနိုင်ရမလား သို့မဟုတ် အခြားပါတီတခုခုက အနိုင်ရမလားဆိုတာလည်း ခုနေအခါမှာ ခန့်မှန်းဖို့ ခက်ခဲနေသေးတာ ဖြစ်ပါတယ်။
ပြောနိုင်တဲ့ အချက်တချက်ကတော့ ဘယ်ပါတီ အနိုင်ရသည် ဖြစ်စေ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ ထိုင်းစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ကို ထိန်းသိမ်းထားနိုင်တာကြောင့် နယ်စပ်ဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ အခြားအကျိုးသက်ရောက်မှုတွေ အပေါ်တော့ အာဏာသိမ်းစစ်တပ်က ကြီးကြီးမားမား စိုးရိမ်စိတ် ရှိမယ် မထင်ပါဘူး။
ပညာတတ်ပြီး စီးပွားရေး လုပ်ငန်းတွေမှာ အောင်မြင်အောင် လုပ်ကိုင်နိုင်တဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့မယ် ဆိုရင်တော့ ထိုင်းအစိုးရသစ်က မြန်မာ့ဒီမိုကရေစီ အရေးကို ပိုပြီးလိုလားတဲ့ အစိုးရဖြစ်နိုင်ပါတယ်။ အဲလိုမဟုတ်ပဲ လက်ရှိ အစိုးရ ဖြစ်နေတဲ့ ဖွန်ကျိုင်ထိုင်း ပါတီက နိုင်ခဲ့ရင်သော်လည်းကောင်း သက်ဆင်ရဲ့ သမီးဦးဆောင်နေတဲ့ ဖွေထိုင်းပါတီတို့လိုမျိုး အနိုင်ရခဲ့ရင် လက်ရှိ မူဝါဒတွေနဲ့ ကြီးကြီးမားမား ပြောင်းလဲမှု ရှိမလာနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တာကာလမှာ အာဆီယံ အနေနဲ့ မြန်မာအာဏသိမ်းစစ်တပ် အစိုးရအပေါ် ထိရောက်တဲ့ ကိုင်တွယ်မှု၊ ဖိအားပေးမှု လုပ်နိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ အာဆီယံအစည်းအဝေးတွေမှာ စစ်အစိုးရကို ကိုယ်စားပြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေကို အစည်းအဝေး တက်ခွင့်မပေးဘဲ ဝန်ထမ်းရာထူးထဲက အမြင့်ဆုံးဖြစ်သူကိုသာ တက်ခွင့်ပေးပြီး အဖွဲ့ဝင် အဖြစ်ပါဝင်မှုကို အဆင့်လျှော့ချတဲ့ သဘောမျိုး လုပ်ဆောင်နိုင်တာသာ ရှိခဲ့ပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ မူအရ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့် မရှိသလို အာဆီယံအနေနဲ့လည်း အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့သဘောဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းစစ် ပြဿနာလိုမျိုးကို ကြားဝင်ဖြေရှင်းတာမျိုး အာဆီယံအဖွဲ့ရဲ့ သမိုင်းမှာ မရှိသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်း နိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စ စုပေါင်းလုပ်ဆောင်တာ၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ လူသားချင်းစာနာမှု အကူအညီစတဲ့ နယ်ပယ်တွေမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့ ရည်မှန်းချက်ထားရှိကြတာ ဖြစ်လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပဋိပက္ခ အကြပ်အတည်းကို ဖြေရှင်းဖို့ လုံလောက်တဲ့ အာဏာရှိမနေတာလည်း ဖြစ်ပါတယ်။
ဒီလို အနေအထားတွေကို အာဏာသိမ်းစစ်တပ်ကလည်း သိရှိထားတာ ဖြစ်လို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ စစ်ခေါင်းဆောင် သဘောတူထားခဲ့တဲ့ အာဆီယံဘုံသဘောတူညီမူ ၅ ချက်နဲ့ပတ်သက်လို့ ၅ နှစ်နီးပါးကြာသည်အထိ တိုးတက်အောင် ဆောင်ရွက်ခြင်း မပြုဘဲ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အနေနဲ့လည်း လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့်တိုင် စည်းနှောင်မှု မပါတဲ့ ဆုံးဖြတ်ချက် ဖြစ်လို့ မြန်မာစစ်ခေါင်းဆောင်တွေက အလေးမထားခဲ့ပါဘူး။
အခုလို အခြေအနေအခင်းအကျင်းတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်း နဲ့ ပြည်တွင်းစစ် ပြဿနာဟာ အာဆီယံလို ဒေသတွင်းနိုင်ငံတွေ အဖွဲ့တွေ အနေနဲ့ ထိရောက်တဲ့ သြဇာမပေးနိုင်တာ တွေ့ရပြီး အိမ်နီးချင်း တရုတ်နိုင်ငံကသာ အာဆီယံထက် ပိုမို သြဇာသက်ရောက် ကြိုးဆွဲနိုင်တယ်ဆိုတဲ့ အချက်က ထင်ရှားနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar