Breaking News

တပြန်တလှန် သိမ်းယူခံနေကြရတဲ့ မြို့တွေထဲက ဗန်းမောက်မြို့

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ  ၃၊  ၂၀၂၆


တပြန်တလှန် သိမ်းယူခံနေကြရတဲ့ မြို့တွေထဲက ဗန်းမောက်မြို့ 

စစ်ကိုင်းတိုင်းထဲက ကချင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မြို့နယ်တခုဖြစ်တဲ့ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက KIA, PDF တွေပူးပေါင်းတိုက်ခိုက်ပြီး မြို့သိမ်းယူခဲ့ပြီးနောက် ၃ လ ဝန်းကျင်အကြာမှာ SNA ရှမ်းနီအမျိုးသားတပ်က ဦးဆောင်ပြီး ပြန်လည်သိမ်းယူခဲ့တဲ့ သတင်းတွေ ဖေဖေါ်ဝါရီလဆန်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်ကတည်းက ရှမ်းနီတပ်တွေ ဗန်းမောက်မြို့ထဲ ဝင်ရောက်လာတဲ့ ဗီဒီယိုကလစ်တခုနဲ့အတူ မြို့ရဲ့နေရာအတော်များများကို ပြန်လည်ထိန်းချုပ်နိုင်တဲ့အကြောင်း သတင်းတွေ ပေါ်ထွက်လာပြီး နောက်တရက် အကြာမှာ ဗန်းမောက်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို SNA ပြန်လည်ထိန်းချုပ်နိုင်တဲ့ သတင်းတွေ ထပ်မံပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

ဗန်းမောက်မြို့မှာ ရှမ်းနီတိုင်းရင်းသား၊ ကတူး၊ ကနန်း တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။ မြို့နေလူဦးရေ ၈၅၀၀ ကျော်ရှိတယ်လို့ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်တွေအရ သိရှိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်မှာ NUG လက်အောက်က PDF တပ်ဖွဲ့နဲ့ KIA တို့ ပူးပေါင်းတိုက်ခိုက်စဥ်က စစ်ကောင်စီတပ်တွေ နဲ့ အတူ ရှမ်းနီတပ်တွေက မြို့ကနေ ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ရှမ်းနီလူမျိုးတွေ အများစုနေထိုင်ကြတဲ့ မြို့ကို PDF နဲ့ အတူ KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အပေါ် ရှမ်းနီနဲ့ KIA အကြား လူမျိုးရေး အမုန်းစကားတွေလည်း လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံနေတာတွေ့ကြရပါတယ်။ ဗန်းမောက်မြို့ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် အမှတ် ၁ စစ်ဒေသ အောက်က PDF တပ်တွေက တိုက်ခိုက်တယ်လို့ ဆိုပေမယ့် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသတွေ ရဲ့ စစ်ရေး လှုပ်ရှားမှု၊ စစ်ရေးဗျူဟာတွေမှာ KIA ရဲ့ အမိန့်ပေး ချုပ်ကိုင်မှုတွေရှိနေကြတယ်လို့ နားလည်နေကြတာ ဖြစ်ပါတယ်။ 

ဗန်းမောက်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ၃ လကျော်ကြာ ထိန်းချုပ် သိမ်းပိုက်ထားစဥ်မှာ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်း လုပ်ခဲ့တာကြောင့် မြို့က လူနေအိမ်၊ စျေးနဲ့ ဘာသာရေးအဆောက်အဦတွေ ပျက်စီးမှုတွေလည်း ရှိနေခဲ့တာပါ။ 

ရှမ်းနီတပ်တွေ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်ချိန် ပေါ်ထွက်လာတဲ့ ဗီဒီယိုမှာ ပျက်စီးနေတဲ့ အဆောက်အဦတွေကို မြင်တွေ့ရပြီး နေအိမ်၊ ဓါတ်ဆီဆိုင်၊ ဘုန်းကြီးကျောင်း စတဲ့အဆောက်အဦတွေ အမိုးတွေနဲ့ အကာအရံတွေပါ ပျက်စီးနေတာတွေ မြင်တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ဗန်းမောက်မြို့ မတိုင်မီ မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့ မြို့တွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံး မြို့သိမ်းတိုက်ပွဲဖြစ်ပွားတဲ့မြို့က ထီးချိုင့်မြို့ဖြစ်ပြီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့မြို့ဖြစ်ပါတယ်။ လနဲ့ ချီဖြစ်ပွားတဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ အပြီးတိုင် သိမ်းယူနိုင်ခြင်း မရှိခဲ့ပဲ မြို့ပေါ်ရှိ အဆောက်အဦတွေ အများအပြား ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် ကောလင်းမြို့ သိမ်းတိုက်ပွဲဖြစ်ပွားပြီး ကောလင်းမြို့ကို NUG/PDF တွေ သိမ်းယူပြီး လအတန်ကြာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကောလင်းမြို့ကို လအတန်ကြာမှာ စစ်တပ်ဘက်က ပြန်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် သြဂုတ်လကနေ ၈ လကျော်အကြာ တိုက်ခိုက်ပြီးနောက် ၂၀၂၅ ခုနှစ်ထဲမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

အင်းတော်မြို့ သိမ်းပြီးနောက် လအနည်းငယ်အကြာ ယမန်နှစ်နှောင်းပိုင်းမှာတော့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲကာ မြို့ကို သိမ်းယူ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ 

ဗန်းမောက်မြို့ သိမ်းပြီးနောက် ရွေးကောက်ပွဲ ပထမပိုင်း မတိုင်ခင်ရက်တွေဖြစ်တဲ့ ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ်မှာ ကသာမြို့ကို သိမ်းယူဖို့ NUG/PDF တပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် ၁ လ ကျော်ကြာလာတဲ့အထိ ကသာမြို့ကို သိမ်းယူနိုင်ခြင်းတော့မရှိသေးပါဘူး။ 

ကသာမြို့ကို တိုက်ခိုက်နေစဥ်မှာပဲ ထိစပ်နေတဲ့ မြို့တမြို့ဖြစ်တဲ့ ဝန်းသိုမြို့ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ဇန်နဝါရီလဆန်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ သို့ပေမဲ့ ခုချိန်ထိတော့ ဝန်းသိုမြို့ကို မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ 

ဝန်းသိုမြို့အစား အရင်နှစ်တွေက လနဲ့ချီ မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့ ထီးချို့မြို့ကို ခုရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

အခုလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ထိစပ်ရာ စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့တွေဖြစ်တဲ့ ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော်၊ ဗန်းမောက် မြို့တွေကို တပြန်တလှန်စီ သိမ်းယူနေကြတာမျိုး တွေ့မြင်ကြရပြီး မြို့နေဒေသခံတွေ အနေနဲ့ တကြိမ်မက မြို့ကို စွန့်ခွာပြီး တိမ်းရှောင်ရတဲ့ အဖြစ်၊ ဒါမှမဟုတ် တကြိမ်မက မြို့သိမ်းတိုက်ပွဲကို မြို့ထဲမှာ တိမ်းရှောင်နေရင်း ကြုံတွေ့ရတဲ့ အဖြစ်တွေက ရင်ဆိုင်ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ အနေနဲ့ စစ်ရေးအရ၊ မဟာဗျူဟာအရ ဒီနယ်မြေတွေကို သိမ်းယူဖို့ မရှောင်မလွှဲသာ ဖြစ်နေတဲ့ အခြေအနေလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီလို အနေအထားမှာ မြို့ကို သိမ်းယူပြီးနောက် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မြို့နေလူထုကို အကာအကွယ်ပေးနိုင်ဖို့ အရေးတွေလည်း ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ 

ဒီမြို့တွေကို စစ်ရေးအရ အချက်အချာကျတာကြောင့် တိုက်ယူမှ ဖြစ်မယ်လို့ ဆုံးဖြတ်ထားခဲ့ရင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် သဘောလည်း ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ တနေရာ တမြို့မြို့မှာ အကြိတ်အနယ် ရင်ဆိုင်တိုက်ပွဲတွေကနေ ရန်သူကို နောက်စစ်မျက်နှာတခုဖွင့်ရအောင်၊ ရန်သူအင်အားပြန့်သွားအောင် လုပ်ဆောင်မှုတခုအနေနဲ့တော့ မြို့သိမ်းတိုက်ပွဲတွေအဖြစ် ဆင်နွှဲဖို့ မသင့်တော်တဲ့ အနေအထားဖြစ်ပါတယ်။ 

မြို့သိမ်းတိုက်ပွဲတွေမှာ မြို့နေလူထုအနေနဲ့ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုဖြစ်တဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ အဝတ်အစား အသုံးအဆောင်ကအစ မြို့သိမ်းတိုက်ပွဲမှာ ဆုံးရှုံးကြရတဲ့နောက် ပြန်လည် နာလန်ထူဖို့ မလွယ်ကူကြပါဘူး။ အသက်ဘေး လွတ်ဖို့ လက်ဖဝါးဗလာ ခြေဖဝါးဗလာနဲ့ ထွက်ပြေးကြရတဲ့သူတွေလည်း ရှိကြတာကြောင့် စားဝတ်နေရေးအတွက် ကိုယ်ပိုင်လုပ်ငန်းကိုင်ငန်း လည်ပတ်နေတဲ့ ဘဝကနေ စစ်ဘေးတိမ်းရှောင်ကြရာမှာ ချက်ခြင်း အကူအညီပေးတဲ့ ထမင်းထုပ်၊ စောင်၊ အဝတ်အစားတွေကို မျှော်ပြီး နေထိုင်ရတဲ့ ဘဝကို ရောက်ရှိသွားကြရတဲ့ အဖြစ်တွေလည်း မနည်းလှပါဘူး။ ဒီလို အနေအထားတွေကြောင့် တော်လှန်ရေးလက်နက်ကိုင်တွေ အပေါ်လူထုထောက်ခံမှုကို ထိခိုက်စေနိုင်တာလည်း ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေက ပေါ်ထွက်လာတဲ့ အကျိုးဆက်တွေကို ပြန်လည်သုံးသပ်သင့်သလို အမှန်တကယ် ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ နည်းပရိယာယ်အရ ဆင်နွှဲကြတဲ့ မြို့သိမ်းတိုက်ပွဲတွေလိုမျိုး မဖြစ်ဖို့ သတိကြီးစွာ ထားဖို့လိုပါလိမ့်မယ်။ 

တော်လှန်ရေးဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ပထမ၊ ဒုတိယ၊ တတိယအနေနဲ့ ထားကြရတာ ဖြစ်လို့ ပြည်သူလူထု အမြင်တိမ်းစောင်းသွားတာ၊ စိတ်ပျက်သွားတာ မဖြစ်စေဖို့ ပြန်လည်ဆင်ခြင် သုံးသပ်ကြရမယ့် အချိန်ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar