ကျော်လွင်အောင် - ဆေးရုံ ည (၄)
ကျော်လွင်အောင် - ဆေးရုံ ည (၄)
မိုးမခ ၊ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၆
ခုတင် ၁၀၀၀ ဆေးရုံကြီး ပြင်ပလူနာ သွားနဲ့ခံတွင်း ကုသဆောင်က ပိတ်ထားလို့ လိုက်ပို့တဲ့ ညီလေးနဲ့ ယောင်လည်လည် ဖြစ်နေတုန်း လူနာဆောင်ထဲက ဆရာဝန်ကြီး (မျက်နှာနဲ့ မေးရိုး အထူးကု) ထွက်လာတယ်။
မျက်မှန်မပါ မျက်နှာပြည့်ပြည့်၊ ကိုယ်ဝဖိုင့်ဖိုင့်၊ လက်တိုအင်္ကျီ၊ ပုဆိုးတိုတိုဝတ်၊ ရာဘာဘိနပ်စီးထားတဲ့ ဆရာဝန်ကြီးက ဆေးစာအုပ်တောင်းကြည့်ပြီး "မေးရိုး ဓာတ်မှန်ရိုက်ခဲ့သလား" မေးတော့ "ဟုတ်ကဲ့ ရိုက်ပါတယ်"။
သွားနဲ့ ခံတွင်းဆေးရုံက ထည့်မပေးလိုက်တာကို ဘဝင်ကျဟန် မတူပါဘူး။
"ဆေးရုံ ၃ ရက်လောက် တက်ရမယ်"
"မဖြစ်ဘူး ဆရာကြီး၊ အမေက လမ်းမလျှောက်တော့ ကျွန်တော်ပဲ ပြုစုနေရာတာ၊ လူနာစောင့်လည်း မရှိဘူး" လို့ ပြောတာ လက်မခံပါ။
"လည်ပင်း ဓာတ်မှန်ရိုက်ရမယ်၊ အရေးပေါ်ဌာန လိုက်ခဲ့"ဆိုပြီး ပရာဒိုနဲ့ ထွက်သွားလို့ ဦးကျော်တို့လည်း ဟွန်ဒါဖစ်နဲ့ နောက်က လိုက်ပေါ့။
"စာအုပ်လုပ်လိုက်" လို့ပြောပြီး လူနာတွေ သွားကြည့်နေလေရဲ့၊ အဲဒီက ဝန်ထမ်းက သွေးပေါင်ချိန်ပေးပြီး၊ မျက်နှာချင်းဆိုင်အဆောင်မှာ "လည်ပင်းကို ဓာတ်မှန် သွားရိုက်ခိုင်းပါတယ်၊ ဓာတ်မှန်ရလို့ အလှူငွေထည့်ခဲ့ပြီး ပြန်လာပြတော့ နာမည်ခေါ်တာစောင့်ဖို့ ပြောလို့ အိမ်ကို ဖုန်းခေါ်ပြီး လူနာစောင့်ရှာ၊ မျက်စောင်းထိုးအိမ်က ကိုသက်က စောင့်ပေးမယ် ပြောလို့ ပစ္စည်းတွေ ထည့်ခိုင်း၊ အိုးဝေငှားပြီးလိုက်ခဲ့ဖို့ မှာပြီးမှ အမေ့ကို ပြောရတယ်။
"ဘယ်လိုဖြစ်ရတာလဲဟာ" စိတ်ပျက်လက်ကုန်နဲ့ အမေ့အသံ ကြားရတာ၊ နာနေတာတွေ ဘယ်ပျောက်ကုန်မှန်းမသိ၊ လူက ငိုချင်စိတ်ပေါက်သွားတယ်။
"ဘာဖြစ်သေးတုံး" မေးတာကို ဖြည်းဖြည်းချင်း ပြောပြရတယ်။ နှုတ်ခမ်းတွေက ထုံ၊ စကားတွေကမပီရတဲ့အထဲ အမေ နားလည်အောင် ပြောရသည်က တမုံ့၊ အိမ်က လူတွေကတော့ အမေ့ကို စိတ်မပူဖို့၊ သူတို့"အမေ့ကိုကြည့်ထားပေးပါမယ်"လို့ ပြောကြ၊ လုပ်ပေးကြလို့သာ စိတ်ချရတယ်၊ လူက မချိ၊ မခံမရပ်နိုင်လောက်အောင် နာကျင်နေတာတွေ သက်သာဖို့ ဟိုဆေးရုံက ပေးလိုက်တဲ့ သောက်ဆေးတစ်တွဲ သောက်ချလိုက်ရတယ်၊ ပါရာတန်ခိုးပြလာလို့ ထင့်၊ သိပ်တော့မဆိုးလှသေးဘူး၊ အရေးပေါ်ကနေ အပြင်ဘက်ထွက်လို့ ကွန်ပျူတာဆိုင်က လိုက်ပို့တဲ့ ညီလေးကို ကျေးဇူးတင်ကြောင်းပြောရင်း ပြန်လွှတ်ရတယ်၊ အိမ်ကနေ သုံးဘီးအိုးဝေနဲ့ ထွက်လာပြီ ဆိုလို့ပါ။ ကိုယ့်ညာဘက်ခြမ်းက စပ်ဖျင်းဖျင်း ပွန်းပဲ့ဒဏ်ရာတွေကတော့၊ စပရစ်၊ ဘီတာဒင်းတို့နဲ့ ဆေးကြောသန့်စင်ဖို့ ဘယ်သူမှ လုပ်မပေးပါဘူး (ဟိုဆေးရုံက လက်လွှဲလူနာမို့ ထင်ပါရဲ့)၊ စာအုပ်ထဲက နာမည်ခေါ်ပြီး အရေးပေါ်ခုတင်တစ်ခုမှာ လှဲနေခိုင်းပါတယ်၊ ဆရာဝန်ကြီးက အောက်သွားတွေပါ ယိုင်ကုန်လားလို့ လက်အိတ်စ္ပပ်ထားတဲ့ လက်ညှိုးကြီးနဲ့ နှိုက်စမ်းပါတယ်၊ နာလိုက်တာဗျာ။
တစ်ယောက်က "ဆေးစမ်းမယ်" ဆိုပြီး လက်ဖျံမှာ ဆေးနည်းနည်း လာထိုးပြီး ခဏကြာတော့ ဆေးထိုးအပ် ခပ်ကြီးကြီး၊ ဆေးအပြည့်နဲ့ လာပေးထားပါတယ်၊ ခုတင်ခေါင်းရင်းနား တင်ထားခဲ့တာ၊ လူနာစောင့် 'ကိုသက်' ရောက်လာ၊ သိပ်မကြာခင် လူနာတွေ Ambulance နဲ့ လိုက်၊ လူနာစောင့်တွေ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်ခဲ့ ဆိုနေတုန်း ကားပေါ် ထိုင်နေတဲ့ ကိုယ့်ဆီ ဝန်ထမ်းတစ်ယောက်လာပြီး ကိုယ် မေ့ထားခဲ့တဲ့ ဆေးထိုးအပ်ကြီး လာပေးပါတယ်၊ "
"ဒီတစ်ချောင်းက အပြင်မှာဆို ခုနစ်သောင်းလောက် တန်တယ်ဗျ" တဲ့။
ဟိုဆရာဝန်ကြီးနဲ့ စတွေ့ခဲ့တဲ့ အဆောင်ပါပဲ၊ "မျက်နှာနဲ့ မေးရိုး အထုးကုသဆောင်"ပါ၊ ဘာဆိုင်းဘုတ် အမည်သညာမျှ မရှိတဲ့ လူနာဆောင်ပါ၊ ချထားပေးတဲ့ အခန်းထောင့်တစ်နေရာက ခုတင်မှာ နေသားကျတော့ ဆရာမလေးတစ်ယောက် လာပြီး၊ ကန်နျူလာ အပ်ထိုးထည့်၊ မကြာဘူး အရေးပေါ်က ပေးလိုက်တဲ့ ဆေးထိုးအပ်ကြီးနဲ့ ဖြည်းဖြည်းချင်း လာထိုးပါတယ်။ လူက နေသားကျမှပဲ ကိုယ့်ညာဘက်ခြမ်းက တဖျင်းဖျင်း စပ်လာသလို၊ နှုတ်ခမ်းတွေ သွားတွေကလည်း ကိုက်ခဲနာကျင်လာတာနဲ့အတူ ကိုယ်အပူချိန်လည်း တရှိန်းရှိန်း တက်လာပါတယ်။
အဖျားလာတိုင်းတဲ့ဆရာမလေးက "တစ်ရာ၊ အဖျားရှိတယ်နော်" လို့ပြောပြီး ဆေး ၂ လုံး လာတိုက်ပါတယ်။ မောဟိုက်၊ နုံးချည့်၊ နာကျင်မှုတွေနဲ့အတူ စိတ်မထိန်းနိုင်တော့ဘဲ လူနာ သွားကျိုး အဘိုးအိုတစ်ယောက် အိပ်ပျော်သွားတာ... ပထမဆုံး ခုတင် ၁၀၀၀ "ဆေးရုံည"ပါ။
(ဆေးရုံ ည (၅) - ဆက်ပါဦးမည်)
👉ကျော်လွင်အောင် - ဆေးရုံ ည (၁)
👉ကျော်လွင်အောင် - ဆေးရုံ ည (၂)
👉ကျော်လွင်အောင် - ဆေးရုံ ည (၃)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar