Breaking News

သံလွင်မြစ်ပေါ်က ဖားဆောင်း တံတား ဖောက်ခွဲဖျက်ဆီး၊ ကရင်နဲ့ ကရင်နီတို့မှာ တပြိုင်နက်တည်း စစ်ဆင်ရေး လုပ်နေ

မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၇ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆


သံလွင်မြစ်ပေါ်က ဖားဆောင်း တံတား ဖောက်ခွဲဖျက်ဆီး၊ ကရင်နဲ့ ကရင်နီတို့မှာ တပြိုင်နက်တည်း စစ်ဆင်ရေး လုပ်နေ

ကရင်နီ(ကယား)ပြည်ထဲက ဖားဆောင်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းယူပြီးနောက် ရက်ပိုင်းအတွင်းမှာ သံလွင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ သံလွင်မြစ်ကူးတံတား (ဖားဆောင်း) ကို ကူးသန်းသွားလာလို့ မရအောင် PDF တပ်တွေဘက်က ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ People’s Radio Myanmar သတင်းဌာနက ဖော်ပြထားပါတယ်။ 

ယမန်နှစ် နှစ်လယ်ပိုင်းက ကရင်နီ(ကယား)ပြည်ထဲက တော်လှန်ရေးလက်နက်ကိုင်တပ်တွေက ဖားဆောင်းမြို့က တပ်ရင်းတွေကို တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက် ၈ လဝန်းကျင်အကြာမှာ အာဏာသိမ်းစစ်တပ်ဘက်က ပြန်လည်ထိုးစစ်ဆင်ပြီး ဖားဆောင်းမြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဖားဆောင်းမြို့အထိ ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်တပ်တွေ ဖားဆောင်းမြို့ရဲ့ အရှေ့ဘက် သံလွင်မြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ထိုင်းနယ်စပ်မြို့ မယ်စဲ့ဘက်ကို ရောက်မလာနိုင်အောင် အခုလို တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ သဘောဖြစ်ကြောင်း သတင်းဖော်ပြချက်မှာ တွေ့ရပါတယ်။ 

ဖားဆောင်းမြို့ ပတ်ဝန်းကျင်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးပြီး ခုခံတိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကတော့ KNDF နဲ့ KNSA (ကြယ်ဖြူ) တို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

စစ်ရေးအရ အာဏာသိမ်းစစ်တပ်တွေ မယ်စဲ့ဘက်ကို လွယ်လွယ်နဲ့ ရောက်မလာနိုင်အောင် တားဆီးဖို့ သံလွင်တံတား(ဖားဆောင်း) ဖောက်ခွဲဖျက်ဆီးလိုက်တာကြောင့် ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့ လမ်းကြောင်းမှာ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပါ ပြတ်တောက်သွားစေမှာ ဖြစ်လို့ ဒီဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအဖို့ ကုန်ပစ္စည်းရှားပါးတာ စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာ စစ်ပွဲတွေအတွင်း ကရင်နီ(ကယား)ပြည်နယ်ထဲမှာတင် ပွန်ချောင်းတံတား၊ ထူးချောင်းတံတားနဲ့ အခုနောက်ဆုံး သံလွင်တံတား(ဖားဆောင်း) တို့ စစ်ရေးဗျူဟာအရ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မြစ်/ချောင်း ကူးတံတားတွေ ပျက်စီးသွားတဲ့အခါ ကုန်စည်သယ်ယူရေးမှာ နှောင့်နှေးမှု ကုန်ဈေးနှုန်း ထပ်မံမြင့်တက်မှုတွေ ကြုံတွေ့ကြရလေ့ ရှိတာလည်း ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းနဲ့ ၁၀၂၇ စစ်ဆင်ရေးပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ ပြန်လည် ထိုးစစ်ဆင်မှုတွေအတွင်း ရှမ်းမြောက်ဒေသမှာလည်း တံတားအများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။ မန္တလေး-နောင်ချို-သီပေါ လားရှိုးလမ်းမှာ တံတားအများအပြားကို စစ်ပွဲတွေအတွင်း ရန်သူတပ်တွေ လွယ်လွယ်နဲ့ ရောက်မလာဖို့ ဖောက်ခွဲဖျက်ဆီးခဲ့ကြတာကြောင့် ကူးတို့ ဖောင်နဲ့ မြစ်ကူးရတာ၊ ကွေ့ပတ်ပြီး ကူးသန်းသွားလာရတာတွေကြောင့် ကုန်စည်နဲ့ အရေးပေါ် ကျန်းမာရေး အခြေအနေမှာ ဆေးကုသဖို့ သွားလာသူတွေ အခက်ကြုံကြရတာလည်း ဖြစ်ပါတယ်။ 

ကရင်နီ(ကယား) ပြည်အနေနဲ့ တစ်လေးလုံး စစ်ဆင်ရေးလို့ ခေါ်ဆိုတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ စစ်ဆင်ရေး စတင်ပြီးနောက် နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ကာ လွိုင်ကော်မြို့ တစိတ်တပိုင်းကို လနဲ့ချီ သိမ်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမဲ့ ရှမ်းမြောက်မှာ MNDAA အပစ်ရပ်တာ၊ UWSA အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက အခြားသော လက်နက်ကိုင် တပ်တွေကို လက်နက်ခဲယမ်းနဲ့ ငွေကြေး အကူအညီပေးမှုတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဖိအားပေးတာခံရပြီးနောက် ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ ရှမ်းတောင်နဲ့ ကရင်နီ(ကယား) ပြည်က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တစ်လေးလုံးကာလ တုန်းကလို ထိုးစစ်တွေ ဆက်တိုက် မဆင်နွှဲနိုင်တဲ့ အနေအထားမျိုး မြင်တွေ့လာရပါတယ်။ 

အာဏာသိမ်းစစ်တပ်ဘက်က ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ၂၀၂၅ ခုနှစ်ထဲမှာ တစတစနဲ့ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ လွိုင်ကော်မြို့ ပတ်ဝန်းကျင်ကို ပြန်သိမ်းယူနိုင်ခဲ့သလို မိုးဗြဲ၊ ဒီမော့ဆို နဲ့ အခုနောက်ဆုံး ဖားဆောင်းကို ပြန်လည်ထိုးစစ်ဆင် သိမ်းယူလာခဲ့တာ တွေ့ရပါတယ်။ 

ကရင်နီ(ကယား)ပြည်မှာ ထိုးစစ်ဆင်နေတာနဲ့ တပြိုင်နက်တည်းမှာပဲ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က မင်းလက်ပံ၊ ဖလူးဒေသတွေမှာလည်း ခုရက်ပိုင်းတိုက်ပွဲ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က မြဝတီမြို့နယ်ထဲက စခန်းတွေနဲ့ နယ်မြေတွေကို ပိုမိုထိန်းချုပ်လာနိုင်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ 

အာဏသိမ်းစစ်တပ်နဲ့ BGF ကနေ KNA အမည်ပြောင်းထားတဲ့ စောချစ်သူ ဦးဆောင်တဲ့တပ်၊ DKBA တို့အကြား ဆက်ဆံရေးက ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အနေအထား အမျိုးမျိုး ပြောင်းလဲနေသလို အခုအခါမှာ စစ်တပ်အနေနဲ့ မြဝတီမြို့ကို ပိုမိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာသလို မြို့တောင်ဘက်မှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေကြတဲ့ KK Park ၊ မင်းလက်ပံ စတဲ့ ဒေသတွေကိုလည်း ပိုမိုထိန်းချုပ်နိုင်ဖို့ လူ၊ လက်နက်၊ လေကြောင်း အင်အားတွေ သုံးပြီး တိုက်ခိုက်နေတာတွေ့ရပါတယ်။ 

ရှမ်းမြောက် စစ်မျက်နှာမှာ ပိုနေမြဲကျားနေမြဲ ဖြစ်လာတဲ့ အခြေအနေ၊ စစ်မှုထမ်းဥပဒေကို ကျင့်သုံးပြီး စစ်သားသစ် သိန်းဂဏန်းနဲ့ချီ စုဆောင်းလာနိုင်တာ၊ တရုတ်နဲ့ ရုရှားတို့ထံက ဝယ်ယူရရှိတဲ့ ဒရုန်းနဲ့ အခြားသော လက်နက်၊ နည်းပညာတွေက အာဏာသိမ်းစစ်တပ်အဖို့ ၂၀၂၄ မှာစစ်ရေးအရှုံးတွေ ဆက်တိုက်ရင်ဆိုင်နေရတဲ့အခြေအနေကနေ ပြန်လည်အားယူလာနိုင်တာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားနဲ့ NUG လက်အောက်မှာ ရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ ၊ သီးခြားရပ်တည်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ခြုံတဲ့ စစ်ရေး ဗျူဟာတရပ်၊ ပူးပေါင်းဆောင်ရွက်မှုတရပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိရင် အာဏာသိမ်းစစ်တပ် အနေနဲ့ တစတစနဲ့ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ မြို့တွေကို ပြန်လည်သိမ်းယူလာနိုင်တဲ့ အလားအလာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar