ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ
ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ ( အပိုင်း - ၄ )ကိုအောင်မှိုင်း
မိုးမခ ၊ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၆
အမေရိကန်၏ စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒနှင့် ကမ္ဘာ့ဆင်းရဲမှု
(America’s gunboat capitalism will make the world poorer – The Economist)
ရှေးဦးစွာ The Economist မဂ္ဂဇင်းတွင် ဖော်ပြထားသော “America’s gunboat capitalism will make the world poorer” ဟူသည့် ဆောင်းပါးကို ချဉ်းကပ်မည်ဆိုပါက၊ အမေရိကန်ရေတပ်သည် ကမ္ဘာ့ပင်လယ်ပြင်ကို မည်သို့ ဖြန့်ကျက်ထိန်းချုပ်ထားသနည်းဆိုသည်ကို နားလည်ထားရန် လိုအပ် သည်ဟု ထင်ပါသည်။
အမေရိကန်ရေတပ် (US Navy) သည် ကမ္ဘာ့ပင်လယ်ပြင်ကို ဒေသလိုက် ရေတပ်ဌာနချုပ်များဖြင့် စနစ်တကျ ခွဲခြားထိန်းချုပ်ထားပြီး အဓိကအားဖြင့် Fleet Areas ငါးခုဖြင့် စိုးမိုးထားသည်ကို တွေ့ရ ပါသည်။
အတ္တလန်တိတ်သမုဒ္ဒရာကို စိုးမိုးရန် အဓိကနှင့် အကြီးဆုံး ရေတပ်ဌာနချုပ်မှာ ဗာဂျီးနီးယားပြည် နယ် Norfolk တွင်ရှိသော အမေရိကန် ဒုတိယရေတပ်ဌာနချုပ် (US Second Fleet) ဖြစ်ပါသည်။ ဤဌာနချုပ်သည် မြောက်အတ္တလန်တိတ် (North Atlantic) နှင့် အာတိတ်လမ်းကြောင်းများကို ပစ်မှတ်ထားပြီး ရုရှား၏ ရေတပ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် ဥရောပ–အမေရိကန် ချိတ် ဆက်ထားသည့် ပင်လယ်လမ်းကြောင်းကို လုံခြုံစေရန် ရည်ရွယ်ထားသည်ကို တွေ့ရပါသည်။
ဥရောပနှင့် အာဖရိကဒေသအတွက် US Sixth Fleet ကို အီတလီနိုင်ငံ နေပါယ် (Naples) တွင် ဌာန ချုပ်ထားရှိပြီး စပိန်နိုင်ငံ ရိုတာ (Rota) နှင့် ဂရိနိုင်ငံ Souda Bay တို့ကို အခြေခံစခန်းများအဖြစ် အ သုံးပြုထားပါသည်။ ဤရေတပ်ဌာနသည် မြေထဲပင်လယ်ဒေသရှိ ရုရှားအင်အားကို ထိန်းချုပ်ရန်၊ အရှေ့အလယ်ပိုင်းသို့ သက်ရောက်လာနိုင်သော မတည်ငြိမ်မှုများကို ကာကွယ်ရန်နှင့် မြောက်အာ ဖရိကဒေသ မတည်ငြိမ်မှုများကို စောင့်ကြည့်ရန် ရည်ရွယ်ထားသည်ဟု သုံးသပ်နိုင်ပါသည်။ ထို့ အပြင် NATO ရေတပ်အင်အား၏ အဓိကကျောရိုးတခုလည်း ဖြစ်ပါသည်။
အရှေ့အလယ်ပိုင်းဒေသအတွက် US Fifth Fleet ကို ဘာရိန်းနိုင်ငံတွင် ဌာနချုပ်ထားရှိပြီး ပါရှန်းပင် လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားပါသည်။ ဤဌာနချုပ်၏ အဓိကပစ်မှတ်မှာ အီရန် နှင့် ကမ္ဘာ့ရေနံလမ်းကြောင်း လုံခြုံရေးဖြစ်ပြီး ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းရာ လမ်းကြောင်းကို ထိန်းထားခြင်းဖြစ်ပါသည်။
အင်ဒို–ပစိဖိတ်ဒေသအတွက် US Seventh Fleet ကို ဂျပန်နိုင်ငံ ယိုကိုစူကာ (Yokosuka) တွင် ဌာန ချုပ်ထားရှိပြီး တောင်တရုတ်ပင်လယ်၊ တိုင်ဝမ်ရေလက်ကြားနှင့် အရှေ့တရုတ်ပင်လယ်တို့ကို လွှမ်း ခြုံထိန်းချုပ်ထားပါသည်။ အဓိကပစ်မှတ်မှာ တရုတ်နှင့် မြောက်ကိုရီးယားဖြစ်ပြီး အနာဂတ် စစ်ရေး ပြိုင်ဆိုင်မှုအတွက် မဟာဗျူဟာမြောက် အခင်းအကျင်းတရပ် ဖြစ်ပါသည်။
ဗဟိုနှင့် တောင်အမေရိကဒေသအတွက် US Fourth Fleet ကို ဖလော်ရီဒါပြည်နယ်တွင် ဌာနချုပ် ထားရှိပြီး ကာရေဘီယမ်ပင်လယ်နှင့် ပနားမားတူးမြောင်းကို စောင့်ကြည့်ထိန်းချုပ်ထားပါသည်။ ဤသည်မှာ အမေရိကန်၏ မဟာဗျူဟာမြောက် “နောက်ဖေးပေါက်” (strategic backyard) ကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
လတ်တလောအခြေအနေအရ အမေရိကန်က ပင်လယ်လမ်းကြောင်းများကို ထိန်းချုပ်ထားပြီး တရုတ်က ကမ်းရိုးတန်းအနီးဒေသများကို အဓိကထား ကာကွယ်နေသည်ကို တွေ့ရပါသည်။ အမေရိကန်သည် ကမ္ဘာ့ကုန်သွယ်လမ်းကြောင်းများကို ကိုင်တွယ်ထားခြင်းဖြင့် တရုတ်ရေတပ်၏ ရှေ့တန်းအင်အားတိုးချဲ့လာမှုကို ဟန့်တားရန် forward deployment deterrence မဟာဗျူဟာကို အသုံးပြုနေပြီး မိမိမဟာမိတ်နိုင်ငံများနှင့် စစ်ရေး၊ နိုင်ငံရေး စည်းနှောင်မှုကိုလည်း တိုးမြှင့်ဆောင် ရွက်နေသည်ကို တွေ့ရပါသည်။
The Economist က အချက်သုံးချက်ကို အထူးထောက်ပြထားပါသည်။ ပထမအချက်မှာ အမေရိ ကန်သည် စစ်အင်အားနှင့် လုံခြုံရေးအယူအဆများကို အသုံးပြုပြီး စီးပွားရေးစနစ်ကို ကိုင်တွယ် လာနေခြင်းဖြစ်ပြီး ယင်းကို “gunboat capitalism” ဟု ခေါ်ဆိုထားပါသည်။ ဒုတိယအချက်မှာ တ ရုတ်၏ နည်းပညာနှင့် ထုတ်လုပ်ရေးအင်အား မြန်ဆန်စွာ တိုးတက်လာခြင်း၊ လွတ်လပ်သော ကုန် သွယ်ရေးစနစ်မှ အကျိုးရလဒ်ကျဆင်းလာခြင်း၊ နိုင်ငံအတွင်း နိုင်ငံရေးဖိအားများနှင့် လုံခြုံရေး အ ယူအဆ ပြောင်းလဲလာခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုထားပါသည်။
ဤအပြောင်းအလဲများသည် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ထိခိုက်စေနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာထောက် ပံ့ရေးကွင်းဆက်များ ပြောင်းလဲလာခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် လူထုဆင်းရဲမှု တိုးပွားလာစေနိုင်ကြောင်း သတိပေးထားပါ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နည်းပညာရရှိမှုနည်းပါးလာခြင်း၊ ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာ ခြင်းနှင့် ကုန်သွယ်ရေးအခွင့်အရေးများ ပိတ်ဆို့လာခြင်းတို့ကြောင့် ဆုံးရှုံးမှုကြီးမားနိုင်ကြောင်းလည်း ထောက်ပြထားပါသည်။ ကမ္ဘာကြီးသည် world order နှစ်ခုအဖြစ်သာ တည်ရှိပါက စီးပွားရေးတိုးတက်မှု နှေးကွေးလာမည်၊ ဆန်းသစ်တီထွင်မှု လျော့နည်းလာမည်၊ ဆင်းရဲမှု ပိုမိုတိုးပွားလာမည်ဟု သုံးသပ်ထားပါသည်။
တရုတ်ဘက်မှတော့ “အမေရိကန်သည် စျေးကွက်ယှဉ်ပြိုင်မှုဖြင့် မနိုင်တော့သဖြင့် နိုင်ငံရေးနှင့် စစ်ရေးနည်းလမ်းများကို အသုံးပြုလာခြင်းဖြစ်သည်” ဟု ဝေဖန်ပြောကြားထားပြီး၊ လက်ရှိ အမေရိကန်၏ လုပ်ရပ်များသည် လုံခြုံရေးကို ကာကွယ်ခြင်းမဟုတ်ဘဲ ဖွံ့ဖြိုးရေးကို တိုက်ခိုက် ခြင်းဖြစ်သည်ဟု ဆိုထားပါသည်။ ထို့အပြင် “free market” ဟု ပြောဆိုနေသော်လည်း ကိုယ်တိုင်က state capitalism ကို လုပ်ဆောင်နေကြောင်း စွပ်စွဲထားပါသည်။ တရုတ်အမြင်အရ အမေရိကန်၏ gunboat capitalism သည် စျေးကွက်စနစ်ကို ဖောက်ဖျက်ပြီး ဖွံ့ဖြိုးရေးအခွင့်အရေးများကို ပိတ်ဆို့ကာ ကမ္ဘာ့ဆင်းရဲမှုကို ပိုမိုဆိုးရွားစေသလို ကိုယ်တိုင်အတွက်ပါ အန္တရာယ်ဖြစ်စေကြောင်း ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ပြောဆိုနေသည်ကို တွေ့ရပါသည်။
အဆုံးသတ်အနေဖြင့် ကျနော့်အမြင်မှာ ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအပြောင်းအလဲများကို ကိုယ်တိုင် စနစ်တကျ ခွဲခြမ်းစိတ်ဖြာကာ မျက်ခြည်မပြတ် လေ့လာသုံးသပ်ရန် လိုအပ်ကြောင်းကို သတိပေးလိုခြင်း ဖြစ်ပါသည်။
ကိုအောင်မှိုင်း
ကျမ်းကိုးစာရင်း (References)
The Economist. (2023). America’s gunboat capitalism will make the world poorer.
U.S. Navy. Fleet Forces Command & Numbered Fleets Overview.
Kaplan, R. D. (2014). Asia’s Cauldron: The South China Sea and the End of a Stable Pacific. Random House.
Mearsheimer, J. J. (2014). The Tragedy of Great Power Politics. W. W. Norton & Company.
World Bank. Global Trade and Supply Chain Disruptions Reports.
IMF. World Economic Outlook (Latest editions).
👉 ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၁)
👉 ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၂)
👉 ကိုအောင်မှိုင်း - ပြန်လည်နိုးထလာသော စစ်သင်္ဘောအင်အားသုံး အရင်းရှင်ဝါဒ - အပိုင်း (၃)
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar