အမေရိကန်ပြည်ထောင်စုဆီက ပဲပုတ်ဖတ် မြန်မာက ဝယ်မယ်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆
အမေရိကန်ပြည်ထောင်စုဆီက ပဲပုတ်ဖတ် မြန်မာက ဝယ်မယ်
မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင်ကုမ္ပဏီလီမိတက် MAPCO အနေနဲ့ အမေရိကန်ပြည်ထောင်စုက ထွက်ရှိတဲ့ ပဲပုတ်ဖတ် ဒေါ်လာသန်း ၆၀ ဝန်းကျင်ဝယ်ယူဖို့ အမေရိကန်ပြည်ထောင်စုဘက်က ရောင်းချတဲ့ အဖွဲ့အစည်းဖြစ်တဲ့ U.S. Soybean Export Council နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဝက်ဆိုက်မှာ မနေ့က ဖော်ပြခဲ့ပါတယ်။
ဒီလို အမေရိကန်နိုင်ငံထံမှ ပဲပုတ်ဖတ် ဝယ်ယူမဲ့သတင်းက ယခုမှ ဖြစ်ပျက်တဲ့အဖြစ်အပျက် မဟုတ်ပေမဲ့လည်း ယခင်နှစ်တွေက အမေရိကန်ပြည်ထောင်စုက ထွက်ရှိတဲ့ ပဲပုတ်ဖတ်တွေကို တိုက်ရိုက်တင်သွင်းတာရှိသလို တရုတ်၊ ထိုင်းတို့လို ကြားခံနိုင်ငံတနိုင်ငံကတဆင့် မြန်မာနိုင်ငံက တင်သွင်းတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏသိမ်းမှုနောက်ပိုင်း အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကြောင့်လည်း တင်သွင်းမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အတားအဆီးတွေကြောင့် အထက်ကလို ကြားခံနိုင်ငံကတဆင့် တင်သွင်းတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။
ပဲပုတ်ဖတ်ကို တိရိစ္ဆာန်အစာ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုကြတာ ဖြစ်ပြီးမြန်မာနိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားကုမ္ပဏီတွေက မွေးမြူရေးလုပ်ငန်းတွေအတွက် အစာ ထုတ်လုပ်ရာမှာ ပဲပုပ်ဖတ်ကို ကုန်ကြမ်းအဖြစ် အသုံးပြုကြတာ ဖြစ်ပြီး ပုံမှန်အားဖြင့် တနှစ်ကို ဒေါ်လာ သန်း ၄၀/၅၀ ဝန်းကျင် တင်သွင်းနေကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စု အကြား ခပ်တန်းတန်းဖြစ်နေတဲ့ ဆက်ဆံရေးအတွင်း အခုလို မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီလီမိတက်က အမေရိကန် ပဲပုတ်တင်ပို့သူများကောင်စီနဲ့ လက်မှတ်ထိုးတဲ့ အကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက တကူးတက ဖော်ပြခြင်းက ထူးဆန်းနေတဲ့ လက္ခဏာအဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို တလျှောက်လုံး ဝေဖန်ခဲ့ပြီး စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ကို လက်နက်မဟုတ်တဲ့ အကူအညီ၊ ကျွမ်းကျင်မှုဆိုင်ရာ အကူအညီတချို့ ပေးခဲ့တဲ့ အမေရိကန် အစိုးရအနေနဲ့ ထရန့် အာဏာရပြီးနောက်မှာ နိုင်ငံတကာအကူအညီဆိုင်ရာ မူဝါဒပိုင်း ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့သလို မြန်မာ့နိုင်ငံရဲ့ အရေးကိစ္စမှာလည်း အရင် သမ္မတဘိုင်ဒင်လို စိတ်ဝင်စားမှုမရှိတာ တွေ့မြင်နေရတာပါ။
မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့သူတွေကို ယာယီနေထိုင်ခွင့် ရပ်ဆိုင်းတာတွေ လုပ်ဆောင်နေသလို ဗီဇာပိတ်ပင်တဲ့ နိုင်ငံတွေ စာရင်းထဲမှာလည်း မြန်မာနိုင်ငံကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ်နှောင်းပိုင်းက ကုန်သွယ်ခွန်တွေ တိုးမြှင့်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီ အစိုးရထံ တရားဝင် စာပို့အကြောင်းကြားခဲ့ခြင်းကလည်း အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်ပြုတဲ့ သဘောမျိုး သက်ရောက်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ဝေဖန်ခဲ့ကြပါသေးတယ်။
လက်ရှိ အမေရိကန် သမ္မတ ထရန့်အနေနဲ့ ကမ္ဘာမှာ အာဏာရှင်အစိုးရတွေ၊ မိမိနိုင်ငံသားတွေ အပေါ် သတ်ဖြတ်ဖိနှိပ်မှု ကျူးလွန်နေတဲ့ အစိုးရတွေကို ဆန့်ကျင်အန်တုနေတဲ့ အင်အားစုတွေကို အားပေးကူညီရေးထက် အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တာကို လုပ်ဖို့ အာရုံစိုက်တာ အများသိရှိပြီးဖြစ်ပါတယ်။
အဲလိုအခြေအနေမျိုးမှာ ဘာကြောင့် အခုလို ပဲပုပ်ဖတ်ဝယ်တဲ့အကြောင်းကို သံရုံးဝက်ဆိုက်က တခုတ်တရ ဖော်ပြတာပါလဲ ဆိုတဲ့ မေးခွန်းက မေးစရာရှိလာတာ ဖြစ်ပါတယ်။ အချို့သော အမြင်တွေကတော့ တရုတ်နိုင်ငံကို တင်သွင်းဖို့အတွက် မြန်မာက တဆင့်ခံ အနေနဲ့ ဝယ်ယူတာလို့ ယူဆချက်တွေလည်း ရှိနေတာ တွေ့ရပါတယ်။
တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဆီက ဝယ်ယူမယ်ဆို တိုက်ရိုက်ဝယ်ယူလို့ ရနိုင်လျက်သားနဲ့ ဘာအကြောင်းကြောင့် မြန်မာဆီတဆင့်ခံဖို့ လိုအပ်တာပါလဲ။ လက်တွေ့မှာတော့ တဆင့်ခံဖို့လည်း မလိုအပ်သလို တရုတ်နိုင်ငံအနေနဲ့ ယမန်နှစ်နှစ်လယ်ပိုင်းက စလို့ အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားလာချိန်မှာ ကုန်သွယ်ခွန် မတန်တဆ ကောက်ခံဖို့ ဆုံးဖြတ်တဲ့ အမေရိကန်ကို သူတချက် ကိုယ်တချက် အနေနဲ့ လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် လယ်သမားတွေ စိုက်ပျိုးထုတ်လုပ်တဲ့ ပဲပုပ်တွေကို မဝယ်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက တင်သွင်းမဲ့အစား လက်တင်အမေရိကနိုင်ငံဖြစ်တဲ့ ဘရာဇီးလ်လို နိုင်ငံက ဝယ်ယူပြီး အမေရိကန်ကို လက်တုံ့ပြန်လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် လယ်သမားတွေအဖို့ စိုက်ပျိုးထုတ်လုပ်ထားတဲ့ ပဲပုပ်တွေ သိသာစွာ ဝယ်အားကျဆင်းသွားခြင်းက အမေရိကန် လယ်သမားတွေနဲ့ သမ္မတတို့အကြား မကျေလည်မှုတွေ ဖြစ်အောင်တရုတ်နိုင်ငံက ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ပဲပုပ်နဲ့ ပဲပုပ်ကနေထွက်ရှိတဲ့ ပဲပုပ်ဖတ်တို့လို ကုန်ပစ္စည်းတွေ ရောင်းချဖို့ ဈေးကွက်ရှာဖွေလာရတာ ဖြစ်ပါတယ်။
အဲဒီလိုအခြေအနေကြောင့် မြန်မာနိုင်ငံက ပဲပုပ်ဖတ်ဝယ်ယူမဲ့ သတင်းက အမေရိကန်သံရုံးက တခုတရဖော်ပြပေးလာရတဲ့ သဘောဖြစ်ပါတယ်။
အချို့သော နိုင်ငံရေးအကဲခတ်သူတွေ လေ့လာသူတွေကတော့ မြန်မာအာဏာသိမ်းစစ်တပ်နဲ့ အမေရိကန်အစိုးရတို့ “ပဲပုပ်ဖတ်နိုင်ငံရေး” နဲ့ ပြန်လည် ဆက်ဆံရေးကောင်းမွန်လာမလား၊ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရကို ထိတွေ့ဆက်ဆံတဲ့မူဝါဒ ပြောင်းလဲလာပြီလား ဆိုတဲ့ မှန်းဆမှုတွေ ပေါ်ထွက်လာနေပေမဲ့ လက်တွေ့မှာတော့ အဲဒီလို ဖြစ်လာမယ့် အခြားသောလက္ခဏာတွေ ဘာမှ မတွေ့ရသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar