Breaking News

မောင်လူမွှေး - သာနေဦးမယ့် ဖိုးလပြည့်



မောင်လူမွှေး - သာနေဦးမယ့် ဖိုးလပြည့်

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆

ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် အစောပိုင်းက မောင်လူမွှေးနေတဲ့ နေရာကို တောတိုက်စစ်ရှောင်က လူနာတစ်ယောက် ခဏတာခိုနားသွားခဲ့တယ်။ အဲ့ဒီလူနာဟာ ရှေ့တန်းနယ်မြေနဲ့နီးတဲ့နေရာမှာ နေပြီး လုပ်ကိုင်စားသောက်ရင်း မိုင်းမတော်တဆထိခဲ့မိတာဖြစ်တယ်။ အဲ့ဒီလူနာနဲ့အတူ ဆေးတပ်သားလေးတစ်ယောက်လည်း ပါလာတယ်။ မျက်နှာက ဝိုင်းဝိုင်းချိုချိုနဲ့ နာမည်က ဖိုးလပြည့်တဲ့။

ဖိုးလပြည့်ဟာ အသက် ၁၉ နှစ်လောက်ပဲရှိဦးမယ်။ တွေ့လိုက်ရင် မျက်နှာက ပြုံးပြုံးနဲ့ နှစ်လိုဖွယ်ကောင်းတယ်။တပါးသူကို အေးမြမှု ပေးနိုင်တဲ့ မျက်နှာမျိုးဖြစ်တယ်။ လူနာကိုလည်း စိတ်ရှည်လက်ရှည်နဲ့ ပြုစုတယ်။ သူတာဝန်ကျတဲ့ ရှေ့တန်းနယ်မြေဝန်းကျင်က စစ်ရှောင်တွေအပေါ် ဂရုဏာတရားထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့အတွက် ပြည်သူကြားမှာ နာမည်ကောင်းရတဲ့၊ ပြည်သူ့အချစ်ကိုရတဲ့ ဆေးတပ်သား ရဲဘော်လေးဖြစ်တယ်။

" တွေ့တာနဲ့ ကြီးကြီးနေကောင်းလား ဆိုတာက စပြီးမေးတယ်။ ကျမတို့စစ်ရှောင်တွေရဲ့ ကျန်းမာရေးကို သိပ်ကို ဂရုစိုက်တာ။ ဖြစ်ခါစတုန်းကတော့ ခဏခဏကို ငိုမိတယ်။ သူနှင့်အတူလာတဲ့ ရဲဘော်လေးတွေကို မြင်ရင် ငိုချင်စိတ်ကို ထိန်းလို့မရဘူး" လို့ ဖို့းလပြည့်တာဝန်ကျတဲ့ ရှေ့တန်းနေရာအနီးက စစ်ရှောင် အမျိုးသမီးကြီးတစ်ယောက်က ညှိုးငယ်တဲ့ မျက်နှာနဲ့ ဖိုးလပြည့်အကြောင်းပြောပြတယ်။

ဖိုးလပြည့်ဟာ သူ့ရဲ့ တာဝန်ကျေပွန်မှု၊ သနားညှာတာစိတ်ရှိမှုတွေကြောင့် ဘဝတူ ရဲဘော်တွေရဲ့ ချစ်ခင်လေးစားခြင်းကို ခံရသူဖြစ်တယ်။ " ပြည်သူတွေရဲ့ ကျန်းမာရေး၊ ရဲဘော်တွေရဲ့ကျန်းမာရေးအတွက်ဆို ဘယ်လောက်ပဲ ဝေးဝေးသွားတယ်။ အပင်ပန်းခံတယ်။ စိတ်ရှည်လက်ရှည်ကုသပေးတယ်။ ကျနော်တို့သူငယ်ချင်းတွေထဲမှာ သူက စိတ်ထားအကောင်းဆုံး" လို့ ဖိုးလပြည့်နဲ့ ငယ်သူငယ်ချင်းရဲဘော်က လသာသာညမှာ လရောင်ကိုငေးရင်း တမ်းတမ်းတတ ပြောပြပါတယ်။

၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်း တိုက်ပွဲတစ်ခုမှာ ဖိုးလပြည့်ဟာ ရှေ့တန်းကို ဆေးတပ်သားအဖြစ် လိုက်ပါရင်း ရန်သူ့လက်ပါသွားခဲ့တယ်။ နောက် အသတ်ခံရတယ် ဆိုတဲ့ သတင်းတွေဆက်ကြားရတယ်။ သူ့မိဘတွေက ရုပ်အလောင်းမရှိဘဲ သူ့ဈာပနကို ပြုလုပ်ခဲ့ရတယ်။

" သူ အသတ်ခံရတာမှာ နိုပ်စက်တာမျိုးမဟုတ်ဘဲ ပစ်သတ်ခံရတာမျိုးပဲ ဖြစ်တယ်လို့ ကြားရတော့ တော်သေးတယ်ဆိုပြီးဖြေရတယ်။ ကျနော့သူငယ်ချင်းက သိပ်မပြေးနိုင်ရှာဘူးဗျ" လို့လည်း သူ့သူငယ်ချင်း ရဲဘော်လေးက ပြောပြတယ်။

ဖိုးလပြည့် တိုက်ပွဲမှာ ရန်သူ့လက်ကိုပါသွားတယ်ဆိုတဲ့ သတင်းကိုကြားကြရချိန်မှာ အားလုံးကြေကွဲခဲ့ကြရတယ်။ သူ့ကို ဖမ်းဆီးသွားတဲ့ ရန်သူတွေဟာ ရက်စက်တဲ့နည်းတွေနဲ့ သတ်ဖြတ်တာမှာ နာမည်ကြီးတာမို့ မောင်လူမွှေးတို့ ပိုနာကျင်ခဲ့ကြရပါတယ်။

တဲပေါ်မှာ အားလုံးအိပ်ပျော်နေကြ ပေမယ့် မောင်လူမွှေးတစ်ယောက် တော်တော်နဲ့အိပ်မပျော်ပါ။ အိပ်ယာကထပြီး ရေနွေးကြမ်းတစ်ခွက်သောက်၊ တဲပြင်ကိုထွက်လာခဲ့တယ်။ လပြည့်ဖို့ တစ်ရက်အလိုမို့ လမင်းဟာ ဝိုင်းဝိုင်းစက်စက်။ လရောင်ဟာ လယ်ကွင်းတွေ၊ သစ်ပင်တွေ၊ တဲတွေ၊ တောင်တွေပေါ်ဖြာ ကျလို့၊ သိပ်လှတယ်။ လပြည့်ဝန်းကိုငေးနေ ကြည့်နေရင်း မောင်လူမွှေးတစ်ယောက် ဒီနေရာဝန်းကျင်မှာပဲ ဘဝချုပ်ငြိမ်းသွားရရှာတဲ့ ဆေးတပ်သား တော်လှန်ရေးရဲဘော် ဖိုးလပြည့်လေးကို သတိရနေမိပါတယ်။

မောင်လူမွှေး ဖိုးလပြည့်ကို မြင်တွေ့လိုက်ရတာဟာ သူမကျဆုံးခင် တစ်လလောက်အလိုမှာဖြစ်တယ်။ ဘောင်းဘီတိုလေးနဲ့ ချစ်စရာ့အပြုံးပိုင်ရှင် လူငယ်လေးကို မောင်လူမွှေးရင် ထဲမှာ အမှတ်တရရှိနေတယ်။ ကရုဏာမျက်လုံးနှင့် ပြုံးနေတတ်တဲ့ မျက်နှာဝိုင်းလေး ဖိုးလပြည့်။ စစ်ဘေးရှောင်တွေဆီမှာ သာခဲ့တဲ့ လပြည့်ဝန်းလေး။ ရှေ့တန်းစစ်မြေပြင်မှာ သူ့ဘဝ ချုပ်ငြိမ်းခဲ့ပေမယ့် ဖိုးလပြည့်ဟာ သူ့ရဲဘော်သူငယ်ချင်းတွေရဲ့နှလုံးသားမှာ၊ စစ်ရှောင်တွေရဲ့ရင်ထဲမှာ "သာ" နေဆဲဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar