မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ ၂ ဖွဲ့ အချင်းချင်းတိုက်ခိုက်မှုက ဘယ်သူတွေ အကျိုးအမြတ်ရစေမလဲ
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၄ မြင်ကွင်း
(မိုးမခ) မတ် ၁၅ ၊ ၂၀၂၆
မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ ၂ ဖွဲ့ အချင်းချင်းတိုက်ခိုက်မှုက ဘယ်သူတွေ အကျိုးအမြတ်ရစေမလဲ
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ ကွတ်ခိုင်မြို့က လမ်းတွေမှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA က CCTV ကင်မရာတပ်ဆင်ထားတာကို TNLA က ဖြုတ်သိမ်းပြီး ကိုးကန့်အုပ်ချုပ်ရေးဝန်ထမ်းနဲ့ ၄င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ခဲ့တာ၊ ဒဏ်ရာရစေခဲ့တာတွေကြောင့် နဲ့ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီး တလအကြာ မတ်လ ၁၄ နေ့နံနက်မှာ ကိုးကန့်တပ်ဖွဲ့ရဲ့ ပုံမှန်းလှည့်ကင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုးကန့်လက်နက်ကိုင်တပ် က ကွတ်ခိုင်မြို့ အနီးတဝိုက်ရှိ TNLA တပ်စခန်းတွေ ၅ နေရာကို တပြိုင်နက်ထည်း စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အခု ဖြစ်ရပ်ဟာ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့ ၃ ဖွဲ့ထဲက နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ TNLA တို့အကြား တလကြာ တအုံနွေးနွေး ဖြစ်နေတဲ့ ပဋိပက္ခက အမြင့်ဆုံးအဆင့် တိုက်ခိုက်မှုအသွင် အဖြစ်နဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
MNDAA က TNLA ကို နေရာအတော်များများမှာ စတင်တိုက်ခိုက်ခဲ့တာကို ကြီးကြီးမားမား အံ့အားမသင့်သည့်တိုင် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေရာ ၅ နေရာလောက်မှာ တပြိုင်နက်ထည်း တိုက်ခိုက်တာ၊ ၁၀၅ မိုင်ကျင်စန်းကျော့ ကုန်သွယ်ဂိတ်မှာ အကောက်တာဝန်ယူနေတဲ့ TNLA တပ်ဖွဲ့ဝင် ၄၀ ကျော် ၅၀ နီးပါးကို ဖမ်းဆီး၊ လက်နက်သိမ်းဆည်းလိုက်တဲ့ အဖြစ်အပျက်တွေက အလစ်အငိုက် တိုက်ခိုက်တဲ့ စစ်ဆင်ရေးအသွင် ဖြစ်လို့ အံ့အားသင့်စရာ ဖြစ်ရပ်အနေနဲ့ ရှုမြင်ကြတာလည်း ဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့ရဲ့ အဖွဲ့ဝင် ၂ ဖွဲ့ဖြစ်လို့ အခြားသော မဟာမိတ် အဖွဲ့တွေထက် ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ အဖွဲ့တွေ အနေနဲ့ ရန်သူတွေသဖွယ် တိုက်ခိုက်ကြတဲ့ အဖြစ်က အများကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေရဲ့ ခေါင်းထဲမှာ ထွက်ပေါ်လာတဲ့ မေးခွန်းတွေကတော့ မြောက်ပိုင်း မဟာမိတ်တွေ ပြိုကွဲပြီလား၊ အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အနေနဲ့ ရန်သူ စစ်တပ်နဲ့ တိုက်ခိုက်တာထက် မိမိတို့ အချင်းချင်းပဲ ပြန်တိုက်ခိုက်နေကြပြီလား ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ အခုလို စစ်အာဏာရှင်တော်လှန်ရေး လမ်းခွတ်လပ်မှာ အချင်းချင်း သွေးကွဲကာ လက်နက်နဲ့ တိုက်ခိုက်ကြတဲ့ အဆင့်ထိရောက်ရှိနေပြီး ရန်သူကို ဝမ်းသာအားရ စေမလားဆိုတဲ့ စိုးရိမ်မှု၊ တော်လှန်ရေးစုစည်းညီညွတ်မှုအတွက် စိတ်ပျက်အားလျော့မှုတွေလည်း ဖြစ်ပေါ်စေခဲ့တာပါ။
အခုဖြစ်ရပ်တွေရဲ့ အစက ကွတ်ခိုင်မြို့ နဲ့ မြို့တဝိုက်က နယ်မြေဒေသတွေကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းယူခါစက MNDAA ကလည်း အချို့သော ရုံးဝင်းတွေ နဲ့ အဆောက်အဦ၊ နယ်မြေတချို့ကို ၄င်းတို့ရဲ့ လက်နက်ကိုင်တပ်တွေ နေရာဝင်ယူစေခဲ့ပြီး အဆိုပါကာလကတည်းက သိပ်မထင်ရှားတဲ့ အငြင်းပွားမှု ပွတ်တိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ကွတ်ခိုင်မြို့ကို လက်နက်ကိုင် ၂ ဖွဲ့ ပူးပေါင်း အုပ်ချုပ်မယ်ဆိုတဲ့ အနေအထားမျိုးနဲ့ သဘောတူခဲ့ကြပြီး MNDAA ဘက်က ကွတ်ခိုင်မြို့မှာ ရုံးအချို့ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြီးနောက်မှာ MNDAA ရဲ့ အထူးဒေသ (၁) အဖြစ် သတ်မှတ်နယ်မြေတွေထဲမှာ ကွတ်ခိုင်မြို့ကိုလည်း ခရိုင်တခုအဖြစ် သတ်မှတ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေက ကိုးကန့်လက်နက်ကိုင် အဖွဲ့အနေနဲ့ ကွတ်ခိုင်မြို့နဲ့ ပတ်သက်လို့ အတိုင်းအတာတခုထိ အုပ်ချုပ်ခွင့်၊ ထိန်းချုပ်ခွင့် ရရှိလိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲခဲ့ရာက ယခင်လ ၁၃ ရက်နေ့ CCTV ဖြုတ်သိမ်းတဲ့အဖြစ်အပျက် အပြီးမှာ တအာင်းနယ်တွေဆီ သယ်ယူပို့ဆောင်မယ့် ကုန်စည်၊ လောင်စာဆီ၊ ရိက္ခာတွေကို တားမြစ်မှု စတင်လုပ်ဆောင်ကာ TNLA ဘက်ကို ဖိအားပေး စောင့်ကြည့်နေခဲ့တာ၊ လက်နက်ကိုင်တပ်တွေကို အဆင်သင့်အနေအထားမျိုး ပြင်ဆင်နေခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။
အခု မတ်လ ၁၄ ရက်နေ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာချိန်မှာ TNLA အနေနဲ့ မျှော်လင့်မထားတဲ့ တိုက်ခိုက်မှုဖြစ်ပျက်ခဲ့တဲ့ သဖွယ် အဆင်သင့် ဖြစ်မနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း TNLA အနေနဲ့ KIA နဲ့လည်း အလားတူ အောက်ခြေမှာလက်နက်ကိုင် တပ်အချင်းချင်း ရုန်းရင်းဆန်ခတ် ဖြစ်ရပ်မျိုးတွေ ဖြစ်ပျက်ခဲ့ဖူးပြီး MNDAA နဲ့လည်း တကြိမ်၊ နှစ်ကြိမ်ဖြစ်ပျက်ဖူးတာ ဖြစ်ပါတယ်။ ခုတကြိမ်ဖြစ်ရပ်တွေကိုလည်း အရင်ဖြစ်ပျက်ခဲ့တဲ့ အရာတွေလိုပဲ အောက်ခြေက ပွတ်တိုက်မှုတွေအဖြစ် မှတ်ယူထားပြီး အခုလောက်ထိ အင်နဲ့အားနဲ့ တိုက်ခိုက်လာလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ သဘောဖြစ်နိုင်ပါတယ်။
မတ်လ ၁၄ ရက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ MNDAA နဲ့ TNLA လက်နက်ကိုင် ၂ ဖွဲ့လုံးက ထုတ်ပြန်ချက် အသီးသီး ထုတ်ပြန်ခဲ့ကြတာ တွေ့ရပါတယ်။ TNLA တပ်ဖွဲ့ထက် MNDAA ဘက်က နာရီအနည်းငယ် စောပြီး သတင်းထုတ်ပြန်ချက်ကို ဖြန့်ဝေခဲ့တာ တွေ့ရပါတယ်။ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ အဖြစ်အပျက်ကို အလေးပေးဖော်ပြထားပြီး အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သက်လို့ TNLA ထံ ၅ ကြိမ်တိုင်တိုင် အကြောင်းကြားစာ ပေးပို့ခဲ့ကာ ကွတ်ခိုင်မြို့ အနေအထားကို ဖေဖော်ဝါရီ ၁၃ ရက် မတိုင်ခင် အခြေအနေအတိုင်း ပြန်လည်ဖော်ဆောင်ပြီးမှ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ဘက်က တောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ကွတ်ခိုင်ဒေသမှာ တပ်သားသစ် အဓမ္မစုဆောင်းတာ၊ တိုင်းရင်းသားလူမျိုးစုများအကြား ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားတာ တွေ့ ရပါတယ်။ ၄င်းတို့အနေနဲ့ ညီနောင်မဟာမိတ်ချစ်ကြည်ရေးကို အလွန်အလေးထားပြီး အခြားလက်နက်ကိုင် အဖွဲ့များနဲ့ စစ်ရေးပွတ်တိုက်မှုများ ဖြစ်ပွားခြင်းကို မလိုလားကြောင်း၊ သို့သော် အကြမ်းဖက် တိုက်ခိုက်ခံရခြင်း၊ ဂုဏ်သိက္ခာများနင်းချေခံရခြင်း နဲ့ လူမှုဘဝရှင်သန်ရေး ကို ခြိမ်းခြောက်ခံရခြင်းတွေ ဖြစ်ပေါ်လာပါက ၄င်းတို့အနေနဲ့ အစွမ်းကုန် ခုခံကာကွယ်သွားမယ် လို့ ထုတ်ပြန်ချက်မှာ ဆိုထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ရဲ့ မူရင်းက တရုတ်ဘာသာနဲ့ ရေးသားထားတာ ဖြစ်ပြီး မြန်မာဘာသာနဲ့လည်း ဘာသာပြန်ဆိုပြီး ဖြန့်ဝေထားတာကို ခြုံငုံကြည့်ရင် စကားလုံး အသုံးအနှုန်းက အနည်းငယ်တင်းမာတဲ့ သဘောမျိုး ယူဆရပါတယ်။
TNLA ဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကတော့ မတ်လ ၁၄ ရက် နံနက်ပိုင်းကစပြီး MNDAA ဘက်က စတင်တိုက်ခိုက်ခဲ့တဲ့ နေရာတွေကို နံပါတ်စဥ်တပ် ဖေါ်ပြထားကာ ၄င်းတို့အနေနဲ့ ပြန်လည်ပစ်ခတ်ခြင်းထက် မိမိကိုယ်ကိုယ် ခုခံကာကွယ်မှုကိုသာ အဓိက ဆောင်ရွက်ကြောင်း အလေးထားဖော်ပြထားတာ တွေ့ရပါတယ်။ တအာင်းတပ်မတော် အနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နောက်ပိုင်း မတ်လ ၁၄ ရက်အထိ မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ကြောင်း၊ MNDAA ဘက်က ကွတ်ခိုင် သိန္နီအစပ်ဒေသ၊ မိုင်းယော်ဒေသတွေမှာ ၄င်းတို့ တပ်ဖွဲ့ဝင် ၆၇ ဦးကို သံဆူးချွန်တပ်ထားတဲ့ တုတ်များနဲ့ ရိုက်နှက်ခဲ့ခြင်း၊ ဖမ်းဆီးခြင်း လက်နက် ၅၃ လက် သိမ်းဆည်းခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ အချို့မှာ ယခုထိ ဖမ်းဆီးခံနေရဆဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ TNLA အနေနဲ့ မဟာမိတ်တိုင်းရင်းသားညီနောင် အကြားဖြစ်ပေါ်တဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနဲ့သာ အဖြေရှာသွားမဲ့အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
ခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အချို့သော သုံးသပ်သူတွေက အခုတိုက်ခိုက်မှုမှာ MNDAA ကို တရုတ်နိုင်ငံက မီးစိမ်းပြတာကြောင့် ဆိုတဲ့ အယူအဆတွေလည်း ရှိနေကြတာ ကြားသိနေရပါတယ်။ ခုတိုက်ခိုက်မှုမတိုင်ခင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ကို ရောက်ရှိနေတာနဲ့ တိုက်ဆိုင်နေတာကြောင့် အဆိုပါဖြစ်ရပ် ၂ ခုကို နောက်ခံဖြစ်ရပ်အနေနဲ့ တွဲဖက်ဖော်ပြနေကြတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအပေါ် သြဇာလွှမ်းမိုးမှုက အခုလို “လျှို့ဝှက်ကြံစည်မှုသီအိုရီ”ကို အထောက်အပံ့ပြုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကိုးကန့်လူမျိုးတွေက တရုတ်စာ၊ တရုတ်စကားကို အသုံးပြုကြခြင်းကလည်း ကိုးကန့်တိုင်းရင်းသားတွေကို တရုတ်နိုင်ငံရဲ့ သြဇာခံတွေအဖြစ် ပုံဖော်ပြောဆိုစေတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ဖြစ်ရပ်တွေမှာ အထောက်အထား ခိုင်ခိုင်မာမာ မရှိသည့်တိုင် တရုတ်ဆန့်ကျင်ရေးပုံဖော်၊ ဇာတ်ကြောင်းဖော်ပြီး ပြောဆိုတာမျိုးတွေက လူကြိုက်များစေတဲ့ နိုင်ငံရေး ဇာတ်ကြောင်းတွေလည်း ဖြစ်နေတာပါ။
အခုလို မဟာမိတ် ၂ ဖွဲ့အချင်းချင်း တိုက်ခိုက်ကြရတဲ့ အဖြစ်က တရုတ်က နောက်ကွယ်က လက်မည်းဖြစ်တာ၊ မတော်တဆ ပွတ်တိုက်မှုဆိုတာတွေထက် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့ကြရတဲ့ နယ်မြေ အုပ်ချုပ်ခွင့်၊ သယံဇာတ၊ တပ်သားသစ်စုဆောင်းမှု ပြဿနာတွေအပေါ် အခြေတည်လာတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ပါဘူး။
မဟာမိတ် နဲ့ ရန်သူ အဓိပ္ပါယ်သတ်မှတ်မှုတွေဟာ နိုင်ငံရေး ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ဒေသခံလူထုအပေါ် လေးစားမှုတွေ နဲ့ သတ်မှတ်သင့်ပြီး အကျိုးစီးပွားတွေနဲ့ မသတ်မှတ်သင့်ဘူးဆိုတဲ့ အချက်ကိုလည်း ခုဖြစ်ရပ်ကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ သင်ခန်းစာရယူဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar