လင်းလက်နွေဦး - ကိုယ်ကျိုးစီးပွား
လင်းလက်နွေဦး - ကိုယ်ကျိုးစီးပွား
မိုးမခ ၊ မတ် ၁၅ ၊ ၂၀၂၆
ကျနော့် ဉာဏ်မီသလောက် စဉ်းစားကြည့်မိတယ်။ ကိုယ်ကျိုးစီးပွား မပါဘဲ လုပ်တဲ့ အလုပ်မျိုး လုပ်မိသလားပေါ့။ မနက် အစောကြီးထ နွေဦးပျား နှိပ်တယ်၊ ဘယ်သူ့အတွက်လဲ။ ဒီ တယ်လီဂရမ်က Airdrop ခေါ်သလား ဂိမ်းကလေးတစ်ခု မနက်တစ်ခါ၊ ညတစ်ခါ တို့ထိလိုက်ရုံနဲ့ ဘယ်သူတွေ ဘယ်လောက် အကျိုးရှိသွားမလဲ မတွက်ချက်တတ်ဘူး။ သေချာသိတာကတော့ ကိုယ် တစ်စိုက်မတ်မတ် လုပ်နေတဲ့အရာ တစ်ခု၊ လုပ်မြဲတိုင်း လုပ်နိုင်တယ်ဆိုတဲ့ Confidence မျိုး တောင့်တနေမိတယ်။ တစ်ယောက်ယောက်က "ဒါကို ဆက်လုပ်နေသေးတယ်နော်" လို့များ ကွန်မန့်ပေးရင် သိပ်ကျေနပ်တာပဲ။ ဇနကမင်းသားနီးနီး ဇွဲရှိတယ်ပေါ့။ နေ့စဉ်လုပ်ငန်းတွေထဲမှာ ဒါမျိုးလေးတွေ ထည့်ပေးထားတယ်။ လေကြောင်းသတင်းပို့တာ၊ ကလစ်တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းကြီး တစ်ယောက်လို ထင်မြင်ယူဆနေတာမျိုး။
ဖုန်းပွတ်ရင်း ဆွမ်းချက်တယ်၊ ဆွမ်းတော်တန်း မီအောင် ပြေးလောင်းတယ်။ အဲဒီ ဆွမ်းတော်တန်း မီအောင် ပြေးရင်း ဆွမ်းခံကိုယ်တော် သုံးလေးပါး၊ လမ်းမှာ ပြုံးပြနှုတ်ဆက်ခဲ့ရတယ်။ ကဲ... ကြည့်၊ သံဃာ ကြည်ညိုလွန်းလို့ ဆွမ်းလောင်းမှာလေ၊ လမ်းမှာတွေ့တဲ့ ဦးဇင်း၊ ကိုရင်တွေကတော့ သံဃာ မဟုတ်တဲ့အတိုင်းပဲ။ "ဒကာကြီး ရေးကြီးသုတ်ပြာနဲ့ ဘယ်တုန်း" မေးတော့ ကိုယ့်မှာ ဖြေရမှာ အားနာနေတယ်။ ဒီတော့ ပြုံးပဲ ပြလိုက်ရတယ်။ "အပြုံးဆွမ်း" ပေါ့လေ။ တကယ်တော့ ကိုယ် နေ့တိုင်း ဝတ်မပြတ် ဆွမ်းလောင်းနေတဲ့ကျောင်းက အမျိုးဘုန်းကြီးကျောင်း၊ သူဌေးတွေ ကိုးကွယ်တဲ့ကျောင်း၊ နာမည်ကြီးကျောင်း ဖြစ်နေပါရော့လား။
ကိုဗစ် ကပ်ဆိုက်တုန်းက ပရဟိတသမားကြီး လုပ်ဖူးတယ်။ ဂုဏ်ပြုလွှာတွေတောင် ရွှေဘောင်ကွပ်နဲ့ ရခဲ့တာပေါ့။ အများတကာ ရှေ့ထွက်ကြတော့၊ ကိုယ်လည်း စိတ်တွေ တက်ကြွလာပြီး အများအကျိုး စွမ်းစွမ်းတမံ ဆောင်ရွက်မယ်ပေါ့။ လူနာရှင်တွေကို သနားညှာတာလွန်းလို့ လက်ဖက်ရည်ချို တစ်ခွက် မတိုက်ခိုင်းဘူး။ အသင်းကလည်း ရန်ပုံငွေ တောင့်တယ်။ အလှည့်ကျစနစ်နဲ့ အသင်းခွဲတွေ ဖွဲ့ထားတယ်။ ယာဉ်မောင်း တစ်ယောက်၊ အကူယာဉ်မောင်း တစ်ယောက်၊ ကျန်းမာရေးအကူ တစ်ယောက်။ လူနာနဲ့ လူနာစောင့် သုံးယောက်၊ ဒါပဲ လိုက်ခွင့်ရှိတယ်။ တကယ်တော့ တစ်ခါတလေ ယာဉ်မောင်းနဲ့ လူနာ၊ လူနာရှင် ဒီလောက်ပဲ လိုက်ကြတာပါ။ "ကိုဗစ်က လူတကယ်သေတယ်ဗျ" ဆိုပြီး မလိုက်ချင်ကြတော့ပါဘူး။
နေ့ခင်းဆိုရင် ပရဟိတသမား များတယ်။ ညဘက်ဆိုရင် သိပ်မလုပ်ချင်တော့ဘူး။ အသင်းဥက္ကဋ္ဌကလည်း လစာပေးထားတာမှ မဟုတ်ဘဲ၊ လက်ဖက်ရည်ဖိုး၊ ကားဆီဖိုးလောက်ပဲ ပေးနိုင်တာပေါ့။ ဒီတော့ အစကောင်းခဲ့တဲ့ ပရဟိတ လုပ်ငန်းကြီးဟာ ယိုင်တိုင်တိုင် ဖြစ်လာတယ်။ ငွေရှိတယ်၊ ကားရှိတယ်။ လူမရှိဘူး၊ အောက်ဆီဂျင် မရှိဘူး။ အသင်းကား တစ်စီးနဲ့ အသင်းသား နှစ်ယောက်ဟာ တစ်နေကုန် အောက်ဆီဂျင် ပတ်ရှာနေရတယ်။ လူနာတွေ လှိုင်ပေါလည်လာတယ်။ အသင်းသားတွေထဲက သေဆုံးသူတွေ ရှိလာတယ်။ အတူမနေရဘဲ အဝေးကသာ ငေးကြည့်နေရတဲ့ မိသားစုဝင်တွေကလည်း အသင်းက ထွက်ခိုင်းနေပြီ။ ကိုယ်တိုင်ကလည်း ရပ်လိုက်ချင်ပြီ။ အသည်းအသန် ဖြစ်မှပို့၊ ဆေးရုံဝန်ထမ်းတွေကလည်း မနိုင်ဝန်ထမ်းနေရလို့ မြင်တိုင်းဆဲ၊ ခဏ ဆေးရုံတက်၊ ပြီး Dead body ကို ပြန်သယ်လာရ၊ လူနာတင်ကားနဲ့ အသုဘကား ခွဲမရတော့၊ သုသာန်အထိ လိုက်ပို့ပေးရ၊ ရန်ပုံငွေ နည်းလာလို့ ဥက္ကဋ္ဌကြီး ညည်း၊ ရှိသမျှလူနဲ့ Run နေရတော့ လူတွေလည်း အရိုးပေါ်အရေတင်။
ဒီအချိန်ထိ ဘာလို့များ တောင့်ခံနိုင်သလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တယ်။ "ပရဟိတသူရဲကောင်း" ဆိုတဲ့ စကားသံချိုချိုက နားထဲစွဲနေလို့ပဲ။ အွန်လိုင်းပေါ် ပလူပျံနေတဲ့ PPE ဝတ်စုံကြီးနဲ့ ဓာတ်ပုံတွေ၊ ရထားတဲ့ Like Reaction တွေ၊ ကောင်းချီးသံ ညံနေတဲ့ Comment တွေ။ "ဒါကြောင့်ပဲ... ဒါကြောင့်ပဲ" လို့ သိခဲ့တယ်။ ကိုယ် ဒီလောက် လုပ်ပေးခဲ့တာတောင် လေးစားမှု နည်းနည်းတောင် မရှိတဲ့ တချို့သော လူနာရှင်တွေကြောင့် တစ်ခါတည်း ထွက်ခဲ့တယ်။ "အသင်းက အခမဲ့လှူတဲ့ အောက်ဆီဂျင်ရှူရင်း လူနာက ပြာနှမ်းလာတယ်" တဲ့။ ထားပါတော့။
ကျနော် ဘာလို့ စာတွေ ကဗျာတွေ ရေးနေလဲ။
ကျနော် ဘာလို့ အစိုးရအလုပ်က သပိတ်မှောက်ခဲ့လဲ။
ကျနော် ဘာလို့ NUG ကို အားပေးခဲ့လဲ။
ကျနော် ဘာလို့ Local တွေကို အားပေးခဲ့လဲ။
ကျနော် ဘာလို့ အလုပ်ပြန်မဝင်သလဲ။
ကျနော် ဘာလို့ တွေ့တဲ့လူနဲ့ တည့်အောင် ပေါင်းသလဲ။
ကျနော် ဘာလို့ ရောက်တဲ့အရပ်မှာ ပျော်အောင်နေသလဲ။
စဉ်းစားကြည့်မိတော့ အဖြေကတစ်ခုတည်းပဲ ကိုယ်ကျိုးစီးပွား ဖြစ်နေသေးလို့။ ကိုယ်ကျိုးစီးပွား မထိခိုက်သေးလို့ပါပဲ။
နိုင်ငံရေးကလည်း ဒီအတိုင်းပဲလား။ ဆက်စဉ်းစားကြည့်တယ်။ စစ်အုပ်ချုပ်ရေး၊ စစ်တပ် အင်စတီကျူ့ကြီး အဲဒီလိုပြောမလား၊ စစ်အုပ်စုကြီး တည်တံ့ခိုင်မြဲနေတာ သစ္စာစောင့်သိမှု၊ အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှု၊ စနစ်ကျမှု၊ ဦးနှောက်ပုံသွင်းမှု စသဖြင့်ပေါ့လေ၊ အချက်အလက်တွေ အများကြီး ရှိမှာပေါ့။ အဲဒီအထဲက "ကိုယ်ကျိုးစီးပွား" ဆိုတာကြီးက ပါကိုပါမှာပဲ။ လစာဆိုရင် အစိုးရဝန်ထမ်းထဲမှာ လစာအကောင်းဆုံးတွေ မဟုတ်လား။ တခြား သက်စွန့်စရိတ်လိုမျိုးတွေ၊ ရိက္ခာခြောက်၊ ရိက္ခာစိုတွေအပြင် ငွေဝင်လမ်းကြောင်းတွေကလည်း ကန်သင်းဆယ်တတ်ရင် ဆယ်တတ်သလို ဖြစ်လာနိုင်တယ်။ ဗိုလ်လောင်း ဖြစ်ချင်တဲ့သူ တစ်ယောက်ဟာ တပ်ထဲမှာ အမျိုး ဆယ်ဝမ်းကွဲလောက် ရှိရင်ကို ရနေပြီ။ အဲ၊ အမျိုး ဝမ်းကွဲ တစ်ထောင်လောက်ထဲမှာ နိုင်ကျဉ်းဟောင်း တစ်ယောက်လောက် ပါခဲ့ရင်တော့ ဗိုလ်လောင်းမပြောနဲ့ အမှိုက်ကောက်တောင် ဖြစ်မှာ မဟုတ်ပါဘူး။ တအား အလိုက်ကောင်းရင်တော့ အခွေခံရမယ့် "ဗိုလ်ခွေ" ဖြစ်လာမှာပေါ့။ ရိုးရိုး တ/သကတော့ ရထားစီးပြီး ဘူတာရုံမှာ ယောင်လည်လည် လုပ်မိရင်ကို စစ်သားကြီး ဖြစ်လာမယ်။ ရွာက ခပ်ပေါပေါတွေတောင် လူရာဝင်တဲ့ နေရာပေါ့။ ခုများ ပိုဆိုး၊ ဝရမ်းပြေး၊ သူခိုး၊ ကြမ်းပိုး၊ မုဒိန်းကောင်တွေရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးကို ဖြစ်လို့။
ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်မှူး အဆင့်ဆင့်မှာ သူ့ထက်သူ ရပိုင်ခွင့်တွေက အများကြီး။ သာမန်မျက်စိနဲ့ မြင်ရတာတောင် လူတိုင်း သွားရည်ကျလောက်တယ်။ သတင်းထောက်မျက်စိ၊ နိုင်ငံရေးသမားမျက်စိ၊ တိုင်းရင်းသားခေါင်းဆောင်မျက်စိ၊ နိုင်ငံ့ခေါင်းဆောင်မျက်စိ၊ ကမ္ဘာ့ခေါင်းဆောင်မျက်စိနဲ့များ ဖြဲကြည့်လိုက်ရင် ဘယ်လောက်တောင် များမလဲ။ ဒါကြောင့် သူတို့ အကျိုးစီးပွား မထိခိုက်အောင် နှိမ်စရာရှိ နှိမ်၊ ရှင်းစရာရှိ ရှင်း၊ ပေးစရာရှိ ပေးထားတာပေါ့။ "ကိုယ်ကျိုးစီးပွား" နဲ့ မလှုပ်သာအောင်၊ မလှန်နိုင်အောင် လုပ်ထားတဲ့ အဝန်းအဝိုင်းကြီး၊ ဂေဟစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလို နွံထဲက ရုန်းထွက်နိုင်တယ်ဆိုတာ တော်ရုံတန်ရုံတော့ မဟုတ်တော့ပါဘူး။
EROs ဘက်၊ NUG ဘက်၊ PDF တွေနဲ့ Local တွေ၊ ဆက်စပ် နိုင်ငံရေး တက်ကြွသူတွေ၊ တော်လှန်ရေးဆယ်လီတွေ၊ ထောက်ပို့တွေဘက်ကရော ဘာကြောင့်များ ဆက်လက် ချီတက်နိုင်သလဲ။ တော်လှန်ရေးက ထွက်သွားတဲ့သူတွေ (အမှောင်ဝင်သွားတယ်လို့ ပြောကြတယ်) သေချာတယ်၊ တော်လှန်ရေး ကြံဖက်က အချိုရည် မထွက်တော့လို့ပေါ့။ မီးပြတ်၊ ရေရှား၊ အားမရှိတဲ့အထဲ ဒီ ကြံကြိတ်စက်ကြီးကို မနည်း လှည့်နေရတယ်။ ကြံရည် မထွက်တော့ဘူးဆိုမှတော့ ဆက်လှည့်နေစရာ အကြောင်းမရှိပေါ့လေ။ တော်လှန်ရေးထဲ အစွမ်းအစတွေ ထုတ်ပြခဲ့တဲ့ ညီနောင်သုံးဖော်ကရော၊ ကျနော့်ဖြင့် ၁၀၂၇ ကတည်းက ကွင်းလုံးကျွတ်ပြီ ထင်နေတာပါ။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားနဲ့ ငြိစွန်းလာတဲ့အခါ ဘာဘရိတ်နဲ့ အုပ်လိုက်လဲ မသိ၊ ကျွိခနဲတောင် မမြည်လိုက်ဘူး၊ ရပ်သွားပါတယ်။
နောက်ပိုင်း... Local လေးတွေ၊ နှုတ်ခမ်းနီ မရှိလို့ ပွဲမကရဘူးတဲ့၊ အားနာစရာ။
နောက်ပိုင်း... CDM တွေ အကြောင်းကြောင်းကြောင့် ပြန်နန်းရသတဲ့၊ သနားစရာ။
နောက်ပိုင်း... ထောင်ထွက် ဆယ်လီကြီးတွေ ပွဲတွေ ပြန်ကကြ၊ အကယ်ဒမီတွေရ၊ ဆုတွေဘွဲ့တွေရ၊ စိတ်ပျက်စရာ။
နောက်ပိုင်း... အဲဒီ နောက်ပိုင်း... မြို့ကြီးတွေ ပြန်စည်ကားလာတာပဲ။ ကျနော်တို့ နယ်တွေသာ ပြာတွေ လွင့်ကျန်၊ ဒဏ်ရာတွေ အထပ်ထပ် ကျန်ခဲ့တာပါပဲ။ တွေ့ရာ သင်္ချိုင်းပါပဲ။ အသက်ရှူတိုင်းသာ အသက်ရှင်သေးတယ် ဆိုရင်တော့ "သစ်ပင်လူသားတွေ" ဖြစ်နေရပါပြီ။
PDF တွေက တပ်ရင်းတွေဘာတွေ စုဖွဲ့မှုတွေထဲ ပါဝင်နိုင်ပေမဲ့ အရှည်တောင် ကောင်းကောင်း မရှိတဲ့သူတွေ အများကြီး။ ဒါကြောင့် ပွဲဖြစ်ရင် ဟိုဘက်က "ကျည်ကုန်ပြီလားကွ" လို့ အအော်ခံရတာပေါ့။ ကိုယ့်ဘာသာ ကမ်ပိန်းလေးလုပ်၊ အလှူခံပြီး လက်လုပ်ကလေးတွေ ဝယ်၊ ယမ်းလေးတွေ ဝယ်ပြီး ပြည်သူ မြင်အောင် ပွဲကပြနေရတယ်။ တောထဲတောင်ထဲ ဝက်တွေ ကြက်တွေမွေး၊ တော်လှန် ဝက်သားသည်ကြီးတွေ ဖြစ်လာကြတယ်။ စစ်ကြောင်းထိုးလို့ ပတ်ပြေးနေရတော့ တိုးတိုးသားကို ဈေးချိုချို မစားရတော့ဘူး။ ဝက်သား ဝယ်စားရုံနဲ့ တော်လှန်ရေး လုပ်လို့ရတယ်နော်။ ယုန်တွေ မြူးတဲ့အချိန် တော်လှန် ယုန်သား၊ မှိုပေါက်တဲ့အချိန် တော်လှန် မှို၊ နောက်ဆို တော်လှန် မီးသွေးတွေ လာတော့မယ် ထင်တယ်။ ဆယ်လီတွေ၊ အလှူရှင်တွေ ဆိုတာ ပီဒီအက်ဖ် ဆယ်လီတွေနဲ့ပဲ အဆက်အဆံ ပြုတာလား မသိ။
NUG ဝန်ကြီးတွေက လစာ ကောင်းကောင်း မရဘူးတဲ့။ လမ်းကြောင်းတွေတော့ မသိပါဘူး။ ထမင်းစားတဲ့ ပါးစပ်တော့ ရှိမှာပါ။ အပြစ်မပြောပါဘူး။ ကိုယ့်ထက် အများကြီး သာသူတွေ အလုပ်အများကြီး လုပ်နေတာကိုး။ အဲ... ဝန်ကြီး အများကြီးမို့ ဝန်ပိုလျော့ပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်တော့ သာမန်မျက်စိနဲ့ကို တော်တော် ပိုနေတာပါ။ တကယ်တော့ သာမန် ဦးနှောက်နဲ့ပဲ တွေးကြည့်တာပါ၊ ဒါက တွံတေးသိန်းတန် သီချင်းထဲကလို "စိတ်ကူးယဉ် ဖိတ်စာထဲမှာ အိပ်ရာလည်း ပါ၊ ဇာခြင်ထောင်စုံစွာ၊ သနပ်ခါးကျောက်ပျဉ် မိတ်ကပ်မကျန်ပါ..." ဆိုသလိုပေါ့၊ ဝန်ကြီးတင် မကဘူး၊ ဝန်ကတော်ကလည်း တစ်နေရာ၊ ယောက်ဖက တစ်နေရာ၊ သမီးက တစ်နေရာ၊ သားမက်က တစ်နေရာ... နောက် မြေးတွေ၊ မြစ်တွေပါ လာတော့မယ် ထင်ပါတယ်။ ဈေးသက်သာလို့များ ခေါ်ခန့်တာလား၊ လုံခြုံရေး မကျိုးပေါက်အောင်လို့ ဉာဏ်လွှာသုံးတာလား မသိပါဘူး။ အရင်တုန်းက တိုင်းမှူးခေတ်တုန်းကလို "တိုင်းမှူး ယောက်ဖ သူငယ်ချင်းရဲ့ညီကွ" လို့ ပြောမလာရင် ပြီးတာပါပဲ။
တကယ် ခြေပေါ်တဲ့ ဝန်ကြီးတွေကတော့ အားရစရာပါ။ နိုင်ငံတကာ စာမျက်နှာ၊ တော်လှန်ရေး စာမျက်နှာ၊ ဘဏ္ဍာရေး စာမျက်နှာ၊ အုပ်ချုပ်ရေး စာမျက်နှာ စတဲ့ စာမျက်နှာ အသီးသီးမှာ အောင်မြင်နေတဲ့လူတွေ။ "ခင်ညွန့်" ကြီးလို တစ်မျက်နှာတည်း မဟုတ်ပါဘူး။
ကမ္ဘာ့ နိုင်ငံရေးထဲမှာတော့ အီရန်ကို လုပ်ပြသွားတာ အတော် မိုက်တယ်။ အမေရိကန်ရဲ့ စစ်ရေးစွမ်းရည်တွေ အားကျလောက်ရဲ့။ သူများ နိုင်ငံထဲမှာ အကြီးဆုံး သမ္မတကို အသာလေး ဖမ်းပြသွားတာလည်း ကြက်သီးထလောက်တယ်။ တရုတ်ကြီးနဲ့ ရုရှကြီး ဘယ်လောက် အော်အော်ပေါ့။ ရာမမင်းသားက အတိုင်းတိုင်း အပြည်ပြည်က မင်းရာဇာတွေ မ မနိုင်တဲ့ လေးကြီးကို ငှက်တောင်မွေးလေးအလား အသာလေး မ ပြသွားသလိုပေါ့။
စိတ်ကူးယဉ်ကြည့်တယ်၊ ICC တွေဘာတွေက ကြာဦးမယ်။ ထရန့် မျက်စောင်းသာ တစ်ခါ ထိုးရင်တော့ စစ်မျိုးပြုတ်လောက်တယ်ပေါ့။ အဲဒီလူ ကြိုက်လောက်မယ့်အရာ ကျနော်တို့ နိုင်ငံမှာ ဘာရှိပါလိမ့်။ ရှေးဘုရင်တွေလို သမီးတော်ဆက်၊ အခွန်ပဏာ ဆက်လို့တော့ ရမယ် မထင်ဘူး။ မြေရှား၊ ရေနံ၊ ဓာတ်ငွေ့၊ ကျွန်း...။ ဘာလဲ။ သေချာတယ်။
တစ်ခုခု မရဘဲနဲ့တော့ ဘာမှ မလုပ်ဘူးလို့။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar