မောင်တူး - သံမဏိ ကြယ်ပြာ သတင်းစာဆရာကြီး ဦးဝင်းတင်
မောင်တူး - သံမဏိ ကြယ်ပြာ သတင်းစာဆရာကြီး ဦးဝင်းတင်
မိုးမခ ၊ မတ် ၁၃ ၊ ၂၀၂၆
ထောင်ကျလျက်သာ၊ နှစ်ရှည်စွာကို
အပြာအင်္ကျီ၊ လွတ်ပြီးသည်မှ
သေသည်ထိဝတ်၊ ပီဘိခေါင်းဆောင်
သတ္တိပြောင်ခြင်း၊ သတင်းစာဆရာ
သမိုင်းရာဇဝင်၊ အစဉ်ထင်ရှား
"ဝင်းတင်" မည်ခေါ်၊ ပုဂ္ဂိုလ်ကျော်ကား
မွေးဖွားခဲ့တာ၊ နှစ်တရာကို
လေးနှစ်လိုချိန်၊ သူ့ဂုဏ်ရှိန်အား
လေးစားဂုဏ်ပြုကြပါစို့။ ။
ဦးဝင်းတင် (ဟံသာဝတီ/ NLD အတွင်းရေးမှူး) ကို အဖ ဦးပု၊ အမိ ဒေါ်အမာတို့က ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ မှာ မွေးဖွားခဲ့တာမို့ အခု ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက်မှာ သူသာ သက်ရှိထင်ရှားဦးမယ်ဆိုရင် ၉၆ နှစ် ရှိပါပြီ။ ၉၆ နှစ်ပြည့် မွေးနေ့မှာ ဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုပြီး သူဖြစ်စေချင်တဲ့ တော်လှန်ရေးလမ်းကြီးကို ဦးတည် လျှောက်လှမ်းပြီး ပန်းတိုင်အရောက် သူ့ခံယူချက် သူ့ဝါဒ သူ့စိတ်ဓာတ် သူ့ဇွဲ သူ့သတ္တိတွေနဲ့အတူ ချီတက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
"တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုံးတွေ ထင်သလား"
(ဝင်းတင်)
ဦးဝင်းတင်ဟာ ဟံသာဝတီသတင်းစာဆရာကြီး အယ်ဒီတာကြီးအဖြစ် ထင်ရှားပါတယ်။ ပိုလို့ ထင်ရှားလာတာကတော့ ထောင်တွင်းမှာ နှစ်ရှည်ထားခဲ့ပေမဲ့ စိတ်ဓာတ်မကျပဲ ကျားရဲကြီး တကောင်လို ရဲရင့်တဲ့ စိတ်ဓာတ် ပိုင်ရှင် ဖြစ်လို့ပါ။ ဒါ့အပြင် သူ့ရဲ့ နိုင်ငံရေးခံယူချက်တွေကလည်း ပြတ်သားတိကျ ခိုင်မာလို့ပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတောင် သူ့ကို ဆရာတဆူအဖြစ် ဆရာခေါ်ခံခဲ့ရသူပါ။ ၈၈၈၈ လူငယ်တွေရဲ့ စံပြခေါင်းဆောင်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်သလို ၈၈၈၈ ကနေ ပေါက်ဖွားလာတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး (၁) လည်း ဖြစ်ခဲ့သူပါ။ "သူ့ခံယူချက် ဘယ်လောက် ပြတ်သားသလဲဆိုရင် "အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ " ဆိုတဲ့ NLD ရဲ့ ဆောင်ပုဒ်ကို ရေးသား ခဲ့သူပေါ့။
သံမဏိ ကြယ်ပြာ
ရဲဘော်ဝင်းတင်ရဲ့ စိတ်ဓာတ်ကို
ငါတို့အလံတိုင်မှာ ချိတ်လိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ သတ္တိကို
ငါတို့လက်မောင်းမှာ ပတ်လိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ ရပ်တည်ချက်ကို
ငါတို့နဖူးမှာ စည်းလိုက်ကြ။
ရဲဘော်ဝင်းတင်ရဲ့ ကြီးမြတ်မှုကို
ငါတို့ရင်ဘတ်မှာ ထိုးလိုက်ကြ။
ဝမ်းနည်းပူဆွေးမှုအပေါင်းကို
အားမာန်အဖြစ် ပြောင်းလဲပြီး
အောင်ပွဲရတဲ့အထိ
ဆက်လက်ချီတက်ကြ။
အဲဒီမနက်
၆ နာရီခွဲမှာပဲ
ငါတို့ကောင်းကင်ထက်မှာ
သံမဏိကြယ်ပြာအသစ်
ရွှန်းလက်တောက်ပ....။ ။
မောင်မှိုင်းလွင် (အင်းဝ)
၂၃၊ ၄၊ ၂၀၁၄
[အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု( မ.န.တ) ပါတီ နာယကကြီး ဦးဝင်းတင် ကွယ်လွန် ၇ နှစ်ပြည့်သို့]
ဦးဝင်းတင်ကိုဆရာတင် ဒေါ်အောင်ဆန်းစုကြည် အမြင်
ဒေါ်စုက NLD မှာ လုပ်ရတဲ့ နှစ် ၃၀ ကျော်အတွင်း အကျိုးကျေးဇူးကြီး ၂ ခု ရတယ်တဲ့။ တခုက ပြည်သူတွေနဲ့ နီးနီးကပ်ကပ် နေခွင့်ရတာတဲ့။ နောက်တခုက နိုင်ငံရေး ပုဂ္ဂိုလ်ကြီးတွေနဲ့ ရဲဘော် ရဲဘက်အဖြစ် အတူတွဲလုပ်ခဲ့ကြရတာပါတဲ့။ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ကဆို ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးတင်ဦး စသူတွေတဲ့၊ ဒါပေမဲ့ သူ့ရဲ့ တတ်သိပညာရှင်များ အဖွဲ့ကနေ ပါလာတာတကတော့ ဦးဝင်းတင်ပါ ဆိုပြီး ၂၀၂၀ ပြည့်နှစ် ရုပ်မြင်သံကြား အစီအစဉ်တခုမှာ အခုလို ပြောခဲ့ပါတယ်။
"ဦးဝင်းတင်ကို လူသိများပါတယ်ရှင်။ ဟံသာဝတီ ဦးဝင်းတင်လို့လည်း သိကြပါတယ်။ ဆရာဟာ ကျမရဲ့ အစုအဖွဲ့ကပေါ့။ တတ်သိပညာရှင်အဖွဲ့ကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို ပါလာတာပါ။ ဖွဲ့တော့ ကျမက အထွေထွေအတွင်းရေးမှူးပါ။ ဆရာက အတွင်းရေးမှူး တယောက် ဖြစ်တယ်။ အဲ့သည်တုန်းက အတွင်းရေးမှူးက သုံးယောက်ပါ။ အဲ့သည်တော့ ဆရာ (ဦးဝင်းတင်)နဲ့ ကျမနဲ့က နေ့တိုင်း နေ့တိုင်း အတူတူ အလုပ်လုပ်ရပါတယ်။ အတူတူ အလုပ်လုပ်ပြီးတော့ ဆရာ့ဆီကလည်း ကျမအများကြီး တတ်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဆရာက သင်ပေးတဲ့ ပုံစံ လုံးဝမရှိခဲ့ဘူး။ ကျမတို့က ဆရာ (ဆရာလို့ ခေါ်ပေမဲ့) သူ့ကိုယ်သူ ဆရာကြီးပုံစံလည်း လုံးဝ မနေဘူး။ ဒါပေမဲ့ ဆရာက ကျမ လုပ်တာကိုင်တာကို သဘောကျတယ်ဆိုတဲ့ပုံ ပေါက်တယ် ဆိုလို့ရှိရင် ကျမ အင်မတန်မှကျေနပ်တယ်။ အဲ့ဒါဆိုရင်တော့ ကျမလုပ်တာ တခုခုတော့ မှန်သွားပြီပေါ့နော်။ ဆရာက စကားပြောလေ့မရှိဘူး။ ပါးစပ်ကသိပ်ထွက်ပြောလေ့မရှိဘူး။ နောက်ကျတော့ ဆရာရေးတဲ့ စာထဲမှာ ကျမကို ချီးမွမ်းတာလေးတွေ ပါလာတော့ ကျမရင်ထဲမှာ နွေးထွေးတယ်။တကယ်တော့ ဆရာက မေတ္တာသိပ်များတယ်နော်။ သူ့ကို ကြည့်လိုက်လို့ရှိရင်တော့ ခပ်မာမာ ခပ်တင်းတင်း သိပ်ပြီးတော့ သတ္တိနဲ့၊ မူနဲ့ နေတဲ့ ပုဂ္ဂိုလ်ကြီးပေါ့နော်။ ဒါပေမဲ့ ဆရာက သိမ်မွေ့တယ်။ မေတ္တာများတယ်။ ကျမတို့ အပေါ်မှာလည်း ကျေးဇူးအများကြီး ရှိတယ်။
ဦးဝင်းတင်လို ရဲဘော်ရဲဘက် တယောက်ထဲ ကျန်ရင်တောင်မှ
ကျမပထမဦးဆုံး အင်းစိန်ထောင်မှာ ရောက်ခဲ့စဉ်တုန်းကပေါ့နော်။ သိပ်ပြီးတော့လည်း မကြာပါဘူး။ အဲ့ဒီတုန်းကဆိုရင် ကျမကို သီးသန့်တိုက်ကလေးမှာထားတယ်။ ဘေးက နံရံကြီး တံတိုင်းအမြင့်ကြီးတွေနဲ့ ပေါ့နော် ဝိုင်းထားတယ်။ ဝိုင်းထားတဲ့ အခါကျတော့ ဒီ ထောင်ရဲ့ အနေအထားလည်း မသိတဲ့အခါကျတော့ ဘယ်နေရာမှာ ဘာရှိမှန်းမသိဘူး။ အဲ့ဒီတံတိုင်းတွေ ကျော်ရင် ခေါင်မိုးထိပ်ကလေးတခုပဲ မြင်ရတယ်။ အဲ့တော့ ကျမတို့လူတွေ အင်းစိန်ထောင်မှာ အများကြီး ကျနေတယ်ဆိုတာ သိတယ်။ ဘယ်နေရာမှာ ရှိမှန်း မသိဘူး။ အဲ့ဒီအချိန်မှာ ဆရာ ဦးဝင်းတင်ကလည်း အကျဉ်းကျနေတာပေါ့။ ဒါနဲ့ ကျမက မှန်းကြီးတော့ အဲ့ဒီ ခေါင်မိုးလေး မြင်ရတဲ့နေရာပေါ့။ ဟုတ်လား မဟုတ်လားတော့ မသိပါဘူး။ ကျမ မနက်တိုင်း အိပ်ရာထတိုင်း ဖေဖေ မေမေတို့ကို ကန်တော့ပြီးရင် အဲ့သည် ခေါင်မိုးလေးရှိတဲ့ဘက်ကို မှန်းပြီး ဆရာဦးဝင်းတင်လို ရဲဘော်ရဲဘက် တယောက်ထဲ ကျန်ရင်တောင် ဒီအလုပ်ကို လုပ်ရကျိုးနပ်တယ်။ ကျေးဇူးတင်တယ် ဆိုပြီးတော့ ထောင်ထဲရှိနေတဲ့ ကျမတို့ရဲ့ အဖွဲ့ဝင်တွေ အားလုံးကို ကျေးဇူးတင်တယ်ဆိုပြီးတော့ မနက်တိုင်း မနက်တိုင်း အဲ့ဒီဘက်ကို အာရုံပြုပြီးတော့ ကျေးဇူးတင်စိတ်နဲ့ ဆရာ့ကိုလည်း သတိရတယ်။ အဲ့သည်လို ဆရာက ကျမတို့ အဖွဲ့ဝင်တွေကိုရော၊ ကျမတို့လို နိုင်ငံရေးမှာ ယုံကြည်ချက် ရှိတဲ့ သူတွေကိုရော အင်အားတွေ အများကြီး ပေးခဲ့တယ်။
ဆရာသမားစိတ်ဓာတ်ရှိသူ ဦးဝင်းတင်
ဆရာက သင်ပေးတယ် မရှိဘူးဆိုပေမဲ့ မျက်နှာရိပ် မျက်နှာကဲအရ ကျမလုပ်တာ ကြိုက်တယ် မကြိုက်တယ် ဆိုတာကိုပြတယ်။ ပထမဦးဆုံး ကျမ ဘာကို မှတ်မိလဲဆိုတော့ ကျမက အထွေထွေအတွင်းရေးမှူးမို့ ကြေညာချက်တွေ လက်မှတ်ထိုးရတယ်။ ဆရာကတော့ အတွင်းရေးမှူးမို့ မူကြမ်းရေးပြီး ကြေညာချက်တခု ကျမကို လာပြတယ်ပေါ့။ ကျမက ၂ နေရာမှာ ပြင်လိုက်တယ်။ ဘာကြောင့် ပြင်ရတာ ဆိုတာလည်း ပြောလိုက်တယ်။ သူက ကျမကို သေသေချာချာကြည့်တယ်။ ဘာမှတော့ မပြောဘူး။ ခေါင်းလေးပဲညိတ်တယ်။ နောက်တော့မှ ကျမစဉ်းစားမိတယ်။ ဆရာဦးဝင်းတင်ရဲ့ ဗမာစာကို ပြင်သူကတော့ သိပ်ရှားမှာပါ။ အဲ့ဒါလည်း သူ အံ့အားသင့်မှာပေါ့။ တဘက်ကလည်း သူ သဘောကျတယ်။ ကျမက ပြင်ရဲတာကိုပေါ့။ အကြောင်းနဲ့ အကျိုးနဲ့ဘာကြောင့်ပြင်ရသလဲ ပြောတာကို သူသဘောကျတယ်။ ဆရာက သဘောထားကြီးတယ်။ ကျောင်းဆရာတော့ မဟုတ်ဘူး။ သတင်းစာဆရာဆိုပေမဲ့ ဆရာသမားစိတ်ဓာတ်ရှိတယ်။ ဆရာသမားစိတ်ဓာတ် ရှိတယ်ဆိုတာ ပြုစုပျိုးထောင် ပေးချင်တဲ့ စိတ်ဓာတ်၊ မြေတောင် မြှောက်ပေးချင်တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာ ကျမ မြင်ခဲ့ရတယ်။
ဒေါ်စုပြောတဲ့ ဆရာဦးဝင်းတင်အကြောင်း
ဆရာက တနေ့ကျတော့ ပြောတယ်။ ရုံးမှာ ပြည်နယ်တခုက နိုင်ငံရေးသမားကြီး တယောက် ရောက်နေတယ်။ နိုင်ငံရေးပါတီ ထောင်ထားသူပါ။ တွေ့ချင်တယ်လို့ ပြောပါတယ်။ ဒေါ်စု တွေ့ပေးပါတဲ့။ ဆရာက ကျမကို ဒေါ်စုလို့ပဲ ခေါ်ပါတယ်။ သွားတွေ့တော့ အဲ့ဒီနိုင်ငံရေးသမားကြီးက NLD က သူတို့နဲ့ နားလည်မှုယူပါ၊ သူတို့ပြည်နယ်မှာ မဲရွေးပွဲ မဝင်ပါနဲ့ဆိုတော့ ကျမက ကျမတို့ မယှဉ်ပြိုင်လို့မဖြစ်ဘူး။ ကျမတို့က နေရာတိုင်းမှာ ယှဉ်ပြိုင်ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ဟာ စနစ်တခုကို ယှဉ်ပြိုင်နေတာမို့ပါလို့။ အဲ့ဒီတုန်းကတော့ ကျမတို့ ပြိုင်နေရတာကတော့ တစညပေါ့။ ကျမက နေရာတိုင်း ပြိုင်မယ်ပေါ့။ ပြောလိုက်တာကို ဆရာက သဘောကျတယ်။ ဆရာက ကျမ သဘောတူလိုက်မှာကို စိတ်ပူနေတာတဲ့။ ဒါပေမဲ့ အဲ့ဒါကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီလို တောင်းဆိုတာကို သဘောမတူပါနဲ့ ငြင်းပါလို့လည်း လုံးဝ မပြောဘူး။ ဒါ ကျမ ဆုံးဖြတ်ချက်နဲ့ လုပ်ရမယ်ဆိုတာကို သူလက်ခံတယ်။ ကျမနောက်မှ သတိထားမိတာက မတွေ့ခင်ကဆိုရင် ဆရာ့မျက်နှာက စိုးရိမ်နေတဲ့ပုံနဲ့ နောက်မှ သူက ပြုံးပြီးတော့ အဲ့ဒါကို ကျမက အမြဲပဲ သတိရတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ ကျမလုပ်တာ မှန်တယ်ပေါ့နော်။ သူ ဘာမှ မတိုက်တွန်းပဲနဲ့ ကျမလုပ်တာ မှန်ကြောင်း သူ လိုလိုလားလား နွေးနွေးထွေးထွေးနဲ့ ပြတယ်။
ထောင်ပဲပြိုမလား လူပဲပြိုမလား စိန်ခေါ်ရဲတဲ့ ပုဂ္ဂိုလ်ကြီး
ဆရာဦးဝင်းတင်ရဲ့ ဘဝကတော့ ကြမ်းတမ်းပါတယ်။ သူအခက်အခဲ အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတယ်။ ၁၉၈၉ ခုနှစ် စတင် အကျဉ်းကျတာက စပြီးတော့ ဆရာဟာ ထောင်ပဲပြိုမလား လူပဲပြိုမလား ဆိုပြီးတော့ ဘဝကို စိန်ခေါ်ရဲတဲ့ ပုဂ္ဂိုလ်ကြီး တယောက်ပါ။ ထောင်ထဲကနေ ထောင်ဘူးဝကို ခေါ်သွားပြီးတော့မှ လွှတ်တော့မယ် ဆိုပြီးမှ ပြန်ပြီး တခါထပ်အကျဉ်းကျဖို့ ဆိုပြီး ထောင်ထဲပြန်သွင်းခံခဲ့ရသူပါ။ထောင်ထဲမှာတင် ၂ ကြိမ်တိုင်တိုင် ထပ်ပြီးတော့ ထောင်ထပ်ချခံခဲ့ရတဲ့ လူတယောက်ပါ။ ဒါပေမဲ့ စိတ်က ဘယ်တော့မှ မယိုင်လဲခဲ့ဘူး။ စိတ်က ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ဆရာရဲ့ကျေးဇူးတွေဟာ ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အများကြီး ရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူထဲပါသူ
စပြီး ပါတီထူထောင်စက ကျမတို့ထဲမှာ နိုင်ငံရေးပါတီ ထူထောင်ဖူးတဲ့ သူတွေလည်း မရှိပါဘူး။ တချို့ နိုင်ငံရေးပါတီဝင် ဖြစ်ခဲ့သူတွေတော့ ရှိတယ်။ ဒါပေမဲ့ ပါတီဝင်သက်သက်နဲ့ ပါတီထူထောင်သူကလည်း မတူပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခိုင်ခိုင်ခန့်ခန့်နဲ့ ပါတီအင်္ဂါရပ်တွေ ကိုက်ညီတဲ့ အဖွဲ့ကြီးဖြစ်အောင် လုပ်ပေးတဲ့ထဲမှာ ဆရာဦးဝင်းတင်က ရှေ့တန်းကပါပဲ။ ဒါကြောင့် ဆရာဦးဝင်းတင်ကို အသိပညာရှင်ကြီး၊ အတတ်ပညာရှင်ကြီး၊ စာရေးဆရာကြီး တယောက်အနေနဲ့ ဆရာ့စာအုပ်တွေက အများကြီးပါ။ ဆရာရေးထားတဲ့ စာအုပ်တွေလည်းရှိတယ်။ ဆရာ့အကြောင်းရေးထားတဲ့ စာအုပ်တွေလည်းရှိတယ်။ ဒါကြောင့် ဆရာ့အကြောင်း တကယ်ကတော့ ကျမ ဘယ်လိုမှ ပြည့်ပြည့်စုံစုံ ပြောလို့မရပါဘူး။ စာအုပ်တအုပ် ဖတ်လိုက်ရင် အကြောင်းက တမျိုးပေါ့လေ။ ဒါကြောင့်မို့လို့ ကျမနဲ့ ဆရာနဲ့ အကြောင်းကို အဓိက ထားပြီးတော့ ပြောတာပါ။ အတွေ့အကြုံ။ ဆရာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဆရာရဲ့ မေတ္တာပေါ့နော်။ ဆရာဦးဝင်းတင်ရဲ့ စိတ်ဓာတ်၊ ပညာ ဒီလိုဟာမျိုးတွေကို မီးမောင်းထိုးပြီး ပြောကြတယ်။ ဒါပေမဲ့ ကျမကတော့ ဆရာ့ရဲ့ နွေးထွေးတဲ့ မေတ္တာအကြောင်းကို ပြောချင်တယ်။ ဆရာဟာ အင်မတန်မှ မေတ္တာများတယ်။ လက်အောက် ငယ်သားတွေကို အင်မတန်မှ ညှာတယ်။ ကာကွယ်တယ်။ စောင့်ရှောက်တယ်။ အဲ့ဒိ စိတ်ဓာတ်တွေကတော့ အပြည့်အဝပဲ။ ဆရာ အကျဉ်းထောင်ထဲမှာ ဆိုလို့ ရှိရင် ကျမ မှတ်မိသလောက်ကတော့ လူငယ်တယောက်နဲ့ အတူ အကျဉ်းကျဖူးတယ်။ တခန်းတည်းနေတုန်း အဲ့သည် လူငယ်က ကျောမှာ ယားတာဖြစ်တော့ ဆရာ ကုတ်ပေးပါဆိုတော့ ကုတ်ပေးတဲ့လူမျိုး။ သားအရွယ် မြေးအရွယ်က ကုတ်ပေးပါဆိုရင် ကုတ်ပေးသူ။ အဲ့သည်လို လုပ်ပေးတာဟာ ကရုဏာ မေတ္တာ အပြည့်အဝနဲ့ပဲ။
အမေစုနဲ့ ဦးဝင်းတင် နောက်ဆုံးတွေ့ခဲ့ခြင်း
ဆရာနဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့တဲ့ အကြောင်း ကျမ ပြောချင်တယ်။ ဆရာ ဆေးရုံရောက်နေပြီ။ အခြေအနေကလည်း အတော်ဆိုးလာပြီ။ ကျမ နောက်ဆုံး သွားတွေ့တယ်။ (သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ အသက် ၈၅ နှစ်အရွယ် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မနက် ၆ နာရီခွဲလောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်။ )။ သူ မကွယ်လွန်ခင် တရက် ၂ ရက်လောက်က ကျမ သွားတဲ့အခါ သတင်းမေးသူတွေလည်း ဝိုင်းနေကြတာပါ။ ကျမကလည်း ထိုင်ပြီး ဆရာကလည်း စကားကို ဖြည်းဖြည်းသာ ပြောနိုင်တော့တာပါ။ အားလုံးက ဆရာ စိတ်ပျော်မဲ့ အကြောင်းတွေကိုသာ ရွေးပြီး ပေါ့ပေါ့ပါးပါး ပြောနေကြပါတယ်။ ဒီထဲက ကျမဖေဖေ အကြောင်းရောက်သွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက "တော်တာကိုး" လို့ တယောက်က ပြောလိုက်တယ်။ အဲ့သည်လို ပြောလိုက်တော့ ဆရာက ဘာပြန်ပြောလိုက်သလဲဆိုတော့၊ ဆရာက အဲ့သည် အချိန်မှာ ခေါင်းအုံးမြင့်မြင့် ခုပြီးတောင် မထိုင်နိုင်တော့ဘူး။ အိပ်နေရတာ။ လှဲနေရတာ။ အဲ့သည်လိုလှဲနေရာက ဆရာပြောလိုက်တာက ဗိုလ်ချုပ်က တော်တာပေါ့။ အတော်ဆုံးကတော့ဗျာ။ သား ၂ ယောက် မွေးပြီးမှ ဒေါ်စုကို မွေးသွားတာပဲတဲ့။ ဆရာက အဲ့သည်လို ပြောတဲ့အခါကျတော့ ကျမ သိပ်ပြီးတော့ အံ့အားသင့်သွားတယ်။ အဲ့ဒါကို သေသေချာချာ ကြည်ကြည်လင်လင် ပြောသွားတယ်။ ပြုံးပြီးတော့ ပြောသွားတော့ ဪ ဆရာဟာ ဟာသလေးလည်း ရှိသေးတယ်ပေါ့နော်။ ဟာသလေးလည်းပါတယ်။ မေတ္တာနဲ့ ပြောသွားတယ်။ နောက်ဆုံး ဆရာ ကျမကို ပြောသွားတဲ့ စကားပဲ။
(မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဦးဝင်းတင်အကြောင်း ဂုဏ်ပြုပြောကြားချက် အစအဆုံးကို သဘောကျလို့ ဖော်ပြပေးလိုက်တာပါ။)
ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်တွက် မွေးနေ့ ဂုဏ်ပြုကဗျာ ရေးခဲ့ပါတယ်။ ဒီကဗျာကို ၂၀၁၂ ဇန်နဝါရီ ၁၆ ရက်ထုတ် ဒီလှိုင်းစာစောင် အတွဲ ၁ အမှတ် ၁ မှာ ဖော်ပြတယ်။ "မီးလျှံထဲကကြာ" တဲ့။
မီးလျှံထဲကကြာ
ရဲ-ဇွဲ-ဉာဏ်-စည်း-တာ
မကြောက်တရားတေးကဗျာ
မီးလျှံထဲက ကြာ။
ရဲဆိုတာ ရဲရင့်ခြင်း
ဇွဲဆိုတာ စွဲမြဲခြင်း
ဉာဏ်ဆိုတာ ဉာဏ်ပညာကြီးမားခြင်း
စည်းဆိုတာ စည်းကမ်းရှိခြင်း
တာဆိုတာ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း
(ဦးဝင်းတင်)
(ဟံသာဝတီ ဦးဝင်းတင်၏ ၉၆ နှစ် မွေးနေ့ နိဂုံး)
အလုပ်လုပ်သူဟာ အေး ပူ ချမ်း နေ့ ည မရွေး လုပ်ပါတယ်။ အလုပ်ပျင်းသူ ကတော့ အေး ပူ ချမ်း နေ့ ည စသည်ဖြင့် အချိန်ရွေး ဆင်ခြေပေးတတ်သလို။
တော်လှန်ရေးမှာပျင်းသူကတော့ ပြည်တွင်းမှာမို့၊ ထောင်ထဲမှာမို့၊ တောထဲမှာမို့၊ နယ်စပ်မှာမို့လို့ ဆိုပြီး အကြောင်းရှာပြီး မလုပ်ပါဘူး။တော်လှန်တိုက်ပွဲ ဝင်လိုသူတိုင်းကတော့ ပြည်တွင်းမှာဖြစ်စေ၊ ထောင်ထဲမှာဖြစ်စေ၊ တောထဲမှာဖြစ်စေ၊ နယ်စပ်မှာ ဖြစ်စေ ဘယ်နေရာ ရောက်ရောက် တောက်လျှောက် လုပ်ပါတယ်။ ဒီလိုလုပ်တဲ့ လူစားမျိုးမှာ ဦးဝင်းတင် ပါဝင်ပါတယ်။ ပါဝင်တာကိုမှ ဦးဆောင်သူ ပဲ့ကိုင်သူ လမ်းပြသူအနေနဲ့ပါ။ သတင်းသမားဘဝတလျှောက်တင်မက ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း ဒီမိုကရေစီ တိုက်ပွဲတွင်းမှာလည်း NLD ခေါင်းဆောင်ဘဝ၊ နှစ်ရှည်ထောင်တွင်းတိုက်ပွဲတွေနဲ့ ထောင်လွတ်ပြီး နောက်ဆုံး အချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြတ်ပြတ်သားသား လုပ်သွားသူပါ။ သူက . . .
စိတ်ဓာတ် မကျိုးပဲ့စေနဲ့
စုဖွဲ့မှု မကျိုးပဲ့စေနဲ့
ကျန်းမာရေး မကျိုးပဲ့စေနဲ့ .....
လို့ မှာကြားထားခဲ့ပါတယ်။
ဒါက သူ "ဖြစ်စေချင်" တဲ့ တော်လှန်ရေး လမ်းညွှန်ပါ။ အခု ၂၀၂၆ ခုနှစ် မတ်လ ၁၂ ရက် ကျရောက်တဲ့ ၉၆ နှစ်ပြည့် သူ့မွေးနေ့မှာ ဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုပြီး သူ "ဖြစ်စေချင်" တဲ့ တော်လှန်ရေးလမ်းကြီးကို ဦးတည် လျှောက်လှမ်းပြီး ပန်းတိုင်အရောက် သူ့ခံယူချက် သူ့ဝါဒ သူ့စိတ်ဓာတ် သူ့ဇွဲ သူ့သတ္တိ သူ့ရည်မှန်းချက်တွေနဲ့အတူ ချီတက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar