ရှမ်းမြောက်က ညီနောင် မဟာမိတ် ၂ ဖွဲ့အကြားက စစ်ရေးတင်းမာမှုက တော်လှန်ရေးအင်အားစုတွေအဖို့ ထိုးနှက်ချက် ဖြစ်စေနိုင်
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၂ မြင်ကွင်း
(မိုးမခ) မတ် ၁၃ ၊ ၂၀၂၆
ရှမ်းမြောက်က ညီနောင် မဟာမိတ် ၂ ဖွဲ့အကြားက စစ်ရေးတင်းမာမှုက တော်လှန်ရေးအင်အားစုတွေအဖို့ ထိုးနှက်ချက် ဖြစ်စေနိုင်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ TNLA နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA တို့အကြား လတ်တလော စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားနေကြတဲ့ သတင်းတွေ မတ်လ ၁၂ ရက်နေ့မှာ ဖေါ်ပြလာကြပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ စတင်ထိန်းချုပ်ခါစကာလ ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကတည်းက MNDAA တပ်တွေလည်း မြို့ရဲ့နေရာအချို့မှာ ဝင်ရောက်နေရာယူတပ်စွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့ဟာ မန္တလေး-မူဆယ်သွားလမ်းမကြီး နဘေးမှာ တည်ရှိပြီး တအာင်း၊ ကချင်၊ ရှမ်း နဲ့ အခြားလူမျိုးစုတွေ နေထိုင်ကြတဲ့ မြို့ဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာကတည်းက TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြို့ဖြစ်ပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း KIA ရဲ့ ဆက်ဆံရေးရုံး နဲ့ ပတ်သက်လို့ TNLA တပ်ဖွဲ့ဝင်တွေနဲ့ KIA တပ်ဖွဲ့ဝင်တွေအကြား ပွတ်တိုက်မှုတွေ၊ အငြင်းအခုံဖြစ်မှုတွေရှိခဲ့ပြီး TNLA က KIA ဆက်ဆံရေးရုံးကို အင်အားသုံး ဖယ်ရှားခဲ့တဲ့ အဖြစ်အပျက်တွေလည်း ယခင်နှစ်တွေက ဖြစ်ပွားခဲ့ပါတယ်။ TNLA နဲ့ KIA တပ်တို့အကြား အောက်ခြေ တပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်တာ၊ ထိုးကြိတ်တာ၊ ရိုက်နှက်ခံရတာတွေက ကွတ်ခိုင်မြို့မှာတင်မက ပြည်ထောင်စုလမ်းမပေါ်က နမ့်ဖတ်ကာတို့လို နေရာတွေမှာလည်း ဖြစ်ပွားခဲ့တာပါ။ TNLA တပ်နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြို့နဲ့ နယ်မြေတွေမှာ KIA တပ်ဖွဲ့ဝင်တွေ ယူနီဖောင်းနဲ့ ဖြတ်သန်းသွားလာတာမျိုး၊ ထိစပ်နေတဲ့ လမ်းတွေမှာ ဖြတ်သန်းခွင့်နဲ့ ပတ်သက်ပြီး အငြင်းအခုံဖြစ်ပွားတာမျိုးနဲ့ လုံခြုံရေးဂိတ် ဖွင့်ပြီးတားဆီးစစ်ဆေးတာမျိုးကို လက်မခံဘဲ ဖျက်ဆီးတာ တပ်ဖွဲ့ဝင်တွေကို အင်အားသုံးဖယ်ရှားပြီး အခြားနေရာကို ရွှေ့ပြောင်းတာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး TNLA နဲ့ KIA တပ်ဖွဲ့တို့အကြား ခေါင်းဆောင်ပိုင်းအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမယ့် ဘယ်လို ဆွေးနွေးသဘောတူညီမှု ရကြသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိလို့ မသိရှိကြရပါဘူး။ သို့ပေမဲ့ TNLA နဲ့ KIA တပ်ဖွဲ့အကြား အငြင်းအခုံဖြစ်မှုတွေကတော့ ခုနောက်ပိုင်း ထပ်မံဖြစ်ပွားတာ မတွေ့ရတော့ပါဘူး။
အခု လပိုင်းတွေမှာ TNLA နဲ့ MNDAA တို့အကြား ဖြစ်ပွားတဲ့ ပွတ်တိုက်မှုတွေက KIA နဲ့ ဖြစ်ပွားစဥ်ကထက် ပိုပြီး အင်အားများတာ၊ အခြေအနေတင်းမာတာမျိုး တွေ့ရပါတယ်။ မကြာသေးခင်လပိုင်းက ကွတ်ခိုင်မြို့ရဲ့ လမ်းမကြီးတွေမှာ MNDAA က တပ်ဆင်ထားတဲ့ CCTV တွေကို TNLA တပ်ဖွဲ့က ဖြုတ်သိမ်းရာက စလို့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၂ ဖွဲ့အကြား ပွတ်တိုက်မှုဖြစ်ပွားရာမှာ သေနတ်ဖောက်တဲ့အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မကြာခင်မှာ လားရှိုးဘက်ကနေ သိန္နီကိုဖြတ်ပြီး ကွတ်ခိုင်ကို တင်ပို့မယ့် ရိက္ခာ၊ လောင်စာနဲ့ လူသုံးကုန် တွေ၊ လားရှိုးကနေ နမ္မတူဘက် တင်ပို့မယ့် ကုန်ပစ္စည်း၊ ရိက္ခာ နဲ့ လောင်စာတွေကို MNDAA က သယ်ဆောင်ခွင့်မပြုပဲ ပိတ်ပင်ခဲ့ပါတယ်။ တောင်းဆိုတဲ့ အချက်တွေကို မလိုက်နာခဲ့ရင် တရုတ်နိုင်ငံဘက်က ၄င်းနဲ့ နယ်စပ်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေကို လုပ်ဆောင်သလို MNDAA က တအာင်းဒေသကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်မှုတွေက TNLA ကို ဖိအားဖြစ်စေခဲ့ပြီး ခုတရက် နှစ်ရက်အတွင်းမှာတော့ ကွတ်ခိုင်မြို့ဆီကို MNDAA တပ်တွေ အရှေ့၊ အရှေ့မြောက် စတဲ့ ၄င်းတိုနယ်မြေတွေကနေ ဦးတည်လာပြီး ပိတ်ဆို့ထားမယ့် လက္ခဏာတွေ မြင်လာနေရတာ ဖြစ်ပါတယ်။
အခုလို ၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့အနက်က ၂ ဖွဲ့အကြား ကုန်စည် ပိတ်ဆို့မှု၊ စစ်အင်အား ချထားတဲ့အထိ ဖြစ်လာကြတဲ့ အကြောင်းရင်းတွေက နယ်မြေစိုးမိုး အုပ်ချုပ်ခွင့်လို့ တခွန်းထည်း ပြောမယ်ဆို ပြောနိုင်ပါတယ်။ နယ်မြေစိုးမိုးအုပ်ချုပ်ခွင့်အတွက်၊ မိမိတို့ လူမျိုးလွတ်မြောက်ရေး အုပ်ချုပ်ခွင့်ရရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် အာဏာရှင်စစ်တပ်ကို တိုက်ခိုက်ခဲ့ကြရာမှာ မဟာမိတ် အဖြစ်လက်တွဲနိုင်ခဲ့ကြပြီးမှ အခုလို နယ်မြေစိုးမိုးခွင့်၊ အုပ်ချုပ်ခွင့် ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလုနီး အခြေအနေတွေကို ရောက်ရှိလာကြတာပါလဲ။
ဒီလို မဟာမိတ် တပ်ဖွဲ့တွေအချင်းချင်း အကြားအကျိုးစီးပွား ပဋိပက္ခဖြစ်ပွားတာ နယ်မြေ ဖြတ်သန်းခွင့်၊ စိုးမိုးခွင့် အငြင်းပွားတာတွေကို အဖြေရှာနိုင်တဲ့ နိုင်ငံရေး အယူဝါဒဆိုင်ရာ ဘုံတူညီမှုတွေ မရှိကြတာလားလို့လည်း မေးခွန်းပေါ်ထွက်လာသလို ရန်သူဘက်က စွပ်စွဲဝါဒဖြန့်သလို စစ်ဘုရင်ဝါဒ အငွေ့အသက်တွေ သို့မဟုတ် စစ်ရေးသည်သာလျင် အဆုံးအဖြတ်ပေးတယ်ဆိုတဲ့ စဥ်းစားမှုတွေကို ကိုင်စွဲထားကြသလားဆိုတဲ့ မေးခွန်းလည်း ရှိလာနေတာ ဖြစ်ပါတယ်။
အချို့က အခုလို မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းအကြား ပွတ်တိုက်မှုတွေ၊ တင်းမာမှုတွေ ဖြစ်ပွားရတာဟာ ရန်သူရဲ့ သွေးခွဲ သပ်လျှိုမှုလို့ စွပ်စွဲကောင်း စွပ်စွဲကြလိမ့်မှာ ဖြစ်ပါတယ်။ ရန်သူရဲ့ သွေးခွဲသပ်လျှိုမှုတွေ လုပ်ဖို့ ကြိုးစားသည့်တိုင် မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်မှုတွေ စတင်လာတဲ့အခါ နိုင်ငံရေးအရ ဆွေးနွေးတာမျိုးနဲ့ ဖြေရှင်းကြရင် သွေးခွဲ သပ်လျှိုမှုတွေက အရာမထင်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ခံအား ကောင်းနေခဲ့ရင် အပရောဂါ မဝင်နိုင်တဲ့ သဘောလို့ဆိုနိုင်ပါတယ်။
တော်လှန်ရေး မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေအကြားမှာ နယ်မြေ စိုးမိုးအုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး စစ်ရေးအရ ကိုယ်တိုက်ကိုယ်အုပ်ချုပ်ဆိုတဲ့ မူဝါဒတွေ ကျင့်သုံးမှုမျိုး မပြုမူဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ ဒီဒေသတွေမှာ အစဥ်အဆက် နေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းကြောင်းနဲ့ လူမှုစီးပွားကြောင့်၊ စစ်ရေး၊ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် လူမျိုးစုတွေ ရွှေ့ပြောင်းခံရတာ၊ ဝင်ရောက်နေထိုင်လာကြတာ စတဲ့ အကြောင်းအချက်တွေလည်း လျစ်လျူရှုဖို့ မသင့်ပါဘူး။
အဓိကအချက်ကတော့ မဟာမိတ်လို့ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အတိုင်း စစ်ရေး၊ နိုင်ငံရေး၊ တဖက်နဲ့ တဖက် အမြင်၊ အယူအဆမတူ အကျိုးစီးပွားမတူညီတာတွေရှိခဲ့ရင် ဆွေးနွေး ညှိနှိုင်းနိုင်တဲ့ စဥ်းစားမှု၊ လုပ်ထုံးလုပ်နည်းနဲ့ လက်တွေ့ကျင့်သုံးမှုတွေ ရှိမှသာ လက်နက်ကိုင် ပဋိပက္ခဝဲထဲ နောက်တကျော့ ပြန်မကျရောက်မယ့် သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar