အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ လူထုအပေါ် တာဝန်ခံမှု
မြန်မာနွေဦးခရိုနီကယ် - မတ် ၇ မြင်ကွင်း
(မိုးမခ) မတ် ၈ ၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ လူထုအပေါ် တာဝန်ခံမှု
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးချုပ်ရုံး၊ အညာဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ယခု လပိုင်းတွေမှာ ပေါ်ထွက်လာနေတဲ့ သတင်းတွေက တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ တခုပြီး တခုဆိုသလို ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။
နိုဝင်ဘာလမှာ တိုင်ကြားခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန်က လက်အောက်ဝန်ထမ်းတွေ အပေါ် မောက်မာမှု၊ ငွေကြေးအလွဲသုံးမှု၊ မိသားစု ဆွေမျိုးတွေကို ဌာနတခုထည်း တာဝန်ပေးခန့်အပ်မှု စတာတွေ နဲ့တိုင်ကြားတဲ့ ကိစ္စက သတင်းမီဒီယာ နဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ လနဲ့ချီ ရေးသားပြီး ဝေဖန်မှတ်ချက်ပေးမှုတွေ လည်း အများအပြားပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို အခိုက်အတန့်မှာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ဗိုလ်နဂါး တပ်ဖွဲ့ဝင်တွေနဲ့ NUG လက်အောက်က PDF၊ ပသုံးလုံး စတဲ့အဖွဲ့တွေနဲ့ အချေအတင်ဖြစ်ကြ ပစ်ခတ်မှုတွေ ဖြစ်ကြရာကနေ ဗိုလ်နဂါးတပ်တွေကို စတင်တိုက်ခိုက်ပြီး နောက်တရက်မှာ အာဏာသိမ်းစစ်တပ်ထံ ဗိုလ်နဂါး လက်နက်ချသွားတဲ့ ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် ဝန်ကြီးချုပ်ရုံး အတွင်းဝန်တိုင်ကြားမှု စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ စစ်ဆေးမှု ရလဒ် ပေးပို့တဲ့စာ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။
လူအများစိတ်ဝင်စားတဲ့ ဗိုလ်နဂါး လက်နက်ချတဲ့ ကိစ္စနဲ့ တပြိုင်နက်ထည်းလိုလို ဝန်ကြီးချုပ်ရုံး အတွင်းဝန်ကို တိုင်ကြားမှုကိစ္စဟာ လူစိတ်ဝင်စားစရာ သတင်းအဖြစ် ဖြစ်လာခဲ့ပြန်ပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းဝန်ဖြစ်သူ တိုင်ကြားခံရတာကြောင့် ဝန်ကြီးချုပ် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အနေနဲ့ စုံစမ်းစစ်ဆေးရာမှာ မျက်နှာနာစရာတွေ ရှိနေလိမ့်မယ်ဆိုတာ အများက မှန်းဆထားပြီးဖြစ်ပါတယ်။ တယောက်ရဲ့ အားနည်းချက် တယောက်သိထားကြတာမို့လို့ ထိရောက်တဲ့ အရေးယူမှုမျိုး မလုပ်တာဆိုတဲ့ သံသယနဲ့ စွပ်စွဲမှု conspiracy theory မျိုး မဟုတ်သည့်တိုင် လွတ်လွတ်လပ်လပ် စုံစမ်းမေးမြန်းပြီး ဆုံးဖြတ်ချက် ချနိုင်တဲ့ အနေအထားမျိုးမဟုတ်လို့ အမှန်တကယ်လုပ်သင့်တာက အစိုးရအဖွဲ့ဝင်ထဲက မဟုတ်တဲ့ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်/အဖွဲ့ လိုမျိုးဖွဲ့စည်းပြီး အစီရင်ခံစာ သို့မဟုတ် တရားရေးဌာနလိုမျိုးက ကိုင်တွယ် ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။ ဒါက ဝန်ကြီးချုပ်ရုံးရဲ့ အတွင်းဝန် တိုင်ကြားခံရမှုနဲ့ ပတ်သက်တဲ့ တာဝန်ခံမှုဖြစ်ပါတယ်။
ဗိုလ်နဂါး လက်နက်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘာကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးသဖွယ် တိုက်ခိုက်ဖို့ လိုအပ်တာလဲ ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ မိတ်ဖက်ပဋိပက္ခဖြေရှင်းတဲ့ လုပ်နည်းလုပ်ဟန် ဆိုဆို စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုအချင်းချင်းအကြား ဖြစ်ပွားတဲ့ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းနဲ့ ပတ်သက်လို့ အညာဒေသက မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေက ဝေဖန်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။
သို့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့ လက်နက်ချသွားတဲ့ ညကျမှ ဗိုလ်နဂါး ကျူးလွန်တယ် တာဝန်ရှိတယ်လို့ တိုင်ကြားထားတယ် ဆိုတဲ့ အမှုတွေကို တန်းစီပြီး ထုတ်ပြန်လာပါတယ်။
လက်နက်ချတဲ့ အဖြစ်အပျက် မဖြစ်ပွားမီကတည်းက ဒီတိုင်ကြားမှုတွေ လက်ခံရရှိထားတယ် ဆိုခဲ့ရင် ဘာကြောင့် ထုတ်ပြန်အသိပေးခြင်းမပြုဘဲ လက်နက်ချတဲ့ အခါကျမှ အခုလို မုဒိမ်းမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာလဲ ဆိုတဲ့မေးခွန်းကလည်း ပေါ်ထွက်လာခဲ့တာပါ။
ဒီလို အခြေအနေတွေမှာ SRA လို့ အမည်ပေးထားတဲ့ အထက်အညာနဲ့ အနောက်ဘက် ယော၊ အရှေ့ဘက် ရှမ်းမြောက်နယ်စပ် ဒေသတွေ၊ ကရင်နီ(ကယား)ပြည်က တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့က NUG နဲ့ အွန်လိုင်းအစည်းအဝေး တရပ် ကျင်းပပြီး လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေအကြား ပဋိပက္ခဖြစ်ခဲ့ရင် ပစ်ခတ် တိုက်ခိုက်တဲ့နည်းနဲ့ မဖြေရှင်းဖို့ အချက်ကို ဆွေးနွေးခဲ့တယ်လို့ သတင်းမီဒီယာကို ထုတ်ပြောပြီးနောက်မှာ SRA မဟာမိတ်တပ်ဖွဲ့တွေထဲက ခေါင်းဆောင်နဲ့ တပ်သားတချို့ကို NUG လက်အောက်ခံ PDF တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြန်ပါတယ်။
အခုလို တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေအကြား မဟာမိတ်တွေအကြား ဖမ်းဆီးမှုတွေ ဖြစ်ပွားလာနေခြင်းဟာ ပြည်သူလူထုအနေနဲ့ တော်လှန်ရေးအပေါ်မှာ စိတ်ပျက်အားလျော့မှုတွေ ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာနေပြီး သတင်းဌာနအချို့မှာပါ သတင်းအဖြစ် ဖော်ပြလာကြတဲ့နောက် အဖြစ်အပျက်တခုက NUG လက်အောက်ခံ ယင်းမာပင် တပ်ရင်း အမှတ် ၂၀ မှာ ၄င်းတို့ တပ်ဖွဲ့ဝင် အမျိုးသမီးတဦးကို တပ်ရင်းကို အသိမပေးဘဲ ကျေးရွာထဲ အလှူငွေ ကောက်ခံတယ်ဆိုတဲ့ ပြစ်မှုနဲ့ အချုပ်ချထားစဥ် တပ်ရင်းက တာဝန်ရှိသူနဲ့ တပ်ဖွဲ့ဝင်တို့က မုဒိမ်းကျင့်ခဲ့ကြတယ်ဆိုတဲ့ တိုင်ကြားမှု ဖြစ်ပါတယ်။
အခုလို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့တပ်ရင်း တပ်ဖွဲ့တွေမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေ၊ မဟာမိတ် လက်နက်ကိုင်တပ်အချင်းချင်း ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ လျင်လျင်မြန်မြန် အရေးယူကိုင်တွယ်ပြီး အများပြည်သူကို အသိပေးသင့်တဲ့ အချက်အလက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အဲဒီလို မဟုတ်ခဲ့ရင် ဗိုလ်နဂါး အပေါ် တိုင်ကြားထားတဲ့ မုဒိမ်းမှု၊ အာဏာအလွဲသုံးစားမှုလိုမျိုး ပြစ်မှုတွေကို တော်လှန်ရေးအင်အားစုဖြစ်တဲ့ NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း ကျူးလွန်နေတာပဲ ဆိုတဲ့ ယူဆချက်မျိုး ကောက်ချက်ချမှုမျိုးတွေဆီ ဦးတည်သွားစေမှာ ဖြစ်ပါတယ်။
အထက်က ဖော်ပြတဲ့ အဖြစ်အပျက်တွေ သတင်းတွေ လူမှုကွန်ရက်မီဒီယာမှာ ၊ သတင်းဌာနအချို့မှာ ဖော်ပြနေကြတာကို အရေးထားစရာမလို လူမှုကွန်ရက်မှာ ရေးသားကြ ဝေမျှကြတိုင်း လိုက်ပြီး အရေးတယူ လုပ်စရာမလိုဘူးလို့ ယူဆကြရင် အမျိုးသားညီညွတ်ရေးအနေနဲ့ လူထုအပေါ် တာဝန်ခံမှုကို ထိခိုက် လျော့ကျစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ NUG ကို မလိုလားသူတွေ၊ မလိုလားတဲ့ သတင်းမီဒီယာအချို့က တိုက်ခိုက်နေကြတာရယ်လို့ အလွယ်တကူ ကောက်ချက်မချသင့်ပါဘူး။
အရေးယူ လုပ်ဆောင်ရမဲ့ ကိစ္စတွေကို ကျောသားရင်သားမခွဲခြားဘဲ အရေးယူဆောင်ရွက်၊ လူ့အခွင့်အရေး မူဝါဒဆိုင်ရာတွေမှာ ဘယ်သူ ကျူးလွန်သည် ဖြစ်စေ ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်မှသာ လူထုရဲ့ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ် ဆိုတဲ့အချက်ကို ထပ်ပြီးအလေးပေးထောက်ပြလိုက်ရပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar