မောင်ဘဦး - ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
မောင်ဘဦး - ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
မိုးမခ ၊ မတ် ၈ ၊ ၂၀၂၆
ဒီနေ့အဖို့ မြို့တက်ရတာ အစစအရာရာ အဆင်မပြေ။ စကတည်းက ယဉ်သကိုဆိုသလို ရွာနဲ့မြို့ကြား ခွေးဂိတ်ကစပြီး အရစ်ခံရသည်။ ဒါကြောင့် သည်ဂိတ်ကို ကွင်းသွားကြတာ ဖြစ်မည်။ မိမိမှာမူ အသက်ကလည်းကြီးပြီ၊ ပင်စင်ကိစ္စကလည်း အရေးကြီးသည်ဆိုတော့ ကွင်းမနေတော့။ ပြီးတော့ ကွင်းလမ်းမှာ ရွာ ၃ ရွာ၏ ရွာလယ်လမ်းမမဟုတ်သော အိမ်ကြိုအိမ်ကြားများမှ မြွေလိမ်မြွေကောက် ထိုးဖောက်ထွက်ပြီးမှ တောလမ်းအတိုင်း လာရသည်။ ပြီးမှ ဘွားကနဲ ကားလမ်းမကြီးပေါ် ပြန်တက်ရ၍ ရှေ့မှလူသွားလူလာ မမြင်ရလျှင် မျက်စိလည်လမ်းမှားကာ ခွေးဂိတ်ကတုတ်ကျင်းတည့်တည့်သို့ ဝင်သွားတတ်သေးသည်လေ။
ဤခွေးဂိတ်သည်ကား မနေ့တနေ့လေးကမှ စဖွင့်ပေသိ အတွင်း-အပြင် သဲအိတ်ဘန်ကာ ၂ ထပ်၊ အပြင် ကတုတ်ကျင်း ၁ ထပ် အကျအနဖြစ်သည်။ အစစ်အဆေးအမေးအမြန်းလည်း ထူသည်။ ထူရုံမက ရစ်လည်းရစ်သည်။ ရစ်ရုံမျှမက နှာဘူးက ထသေးသည်။ မောင်နှင့်နှမ၊ သားနှင့်အမိ မရှောင်၊ မကြားဝံ့မနာသာများလည်း ပြောတတ်သည်။ တကယ်လက်တွေ့လည်း လုပ်သည်...တဲ့။ ဪ... ဒင်းတို့မှာက ဒီတသက်အဖို့ မောင်နှင့်နှမ၊ သားနှင့်အမိဆိုတာ ရှိမှမရှိနိုင်တော့တာပဲလေ...။
"...ဘယ်သွားမှာလဲ...? ...ပင်စင်ကိစ္စ...? ...ထောက်ခံစာပါလား...? ...ရွာမှာအုပ်ကြီးမရှိလို့...? မပါရင် တသောင်း...။ ...ပိုက်ဆံမပါ ဆိုင်ကယ် ထားခဲ့...။"
"...ညည်းတို့ကကော...? ...ရွာဘုရားပွဲသွားကြမလို့...? ...ဖုန်းနံပါတ်ပေး...။ (စမ်းခေါ်ကြည့်၏) နံပါတ်လိမ်ပြောရင်တော့ ဒီည မပြန်ရဘူးသာ မှတ်...။ (ဖုန်းမြည်သံ ပေး၏) အပြန် အရက်ဝယ်လာခဲ့...။ မပါရင် နှစ်ညလောက်ကို ခေါ်ထားမယ်...။ ဘော်ဒီလေးတွေက ခပ်တောင့်တောင့် ခပ်မိုက်မိုက်ဟ..."
"...ဈေးသည်...။ အိတ်ထဲက ဘာတွေလဲ...? အော်... ဈေးဖိုးငွေလေးပါတော်... တဲ့လား? အပြန် အကြော် ၅ ထောင်ဖိုးနဲ့ ကောက်ညှင်းပေါင်း ၁၀ ထုပ် ဝယ်ခဲ့...။ မပါရင်တော့... တည ခေါ်ထားလိုက်ရုံပဲ...။"
ရွာနဲ့အနီးတဝိုက်မှာ စစ်ကြောင်းထိုးကာ ဂျိုင်ရိုကော့ပတာ၊ စက်တပ်လေထီးနဲ့ ထုနေလို့ စစ်ရှောင်စဉ်က 'ယူရို' (ဆီးနဲ့ကျောက်ကပ်ဆရာဝန်) နဲ့ ပြလိုက်ရသဖြင့် ၂ နှစ်စာလောက် ပင်စင်မထုတ်နိုင်ခဲ့။ တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းထဲမှာတုန်းက ရွာနီးချုပ်စပ် စစ်ရှောင်တွေ များသည်။ ပရိသတ်များလွန်းတော့ ဆီး၊ ဝမ်း ချုပ်တော့သည်။ ဆီးက သွားချင်ရက်နဲ့ မသွားနိုင်။ ကိုယ်ဝန်ဆောင်ဗိုက်လို ဖြစ်လာကာ အရေးပေါ်ဆေးခန်း ပြခဲ့ရသည်။ "မန္တလေး သွားပါ" တဲ့။ ကံဆိုး-ကံကောင်း၊ မန္တလေးရောက်ပြီးနောက်ရက် ရွာဘက်ကျောင်း ဓမ္မာရုံကို ဂျိုင်ရိုကော့ပတာနဲ့ ဗုံးကြဲခံရသည်။ ကလေးလူကြီး အတော်သေကြ၊ ဒဏ်ရာရကြသည်တဲ့။ မန္တလေးမှာ တည်းခိုဖို့ ဘုန်းကြီးကျောင်းသို့ မိတ်ဆက်ပေးလိုက်သော ကိုယ်တော်လေးပါ ပါသွားရှာသည်။
မန္တလေးတွင် 'အင်ဒွဲလင်း ကသီတာ' ဆီးပိုက်တပ်ရသည်။ 'အာထရာဆောင်း-ရီဇာတ်' က 'ဘီပီအိတ်ချ်-စတိတ်ချ်ဖိုး'၊ ဆီးကြိတ်ကင်ဆာဆိုလား။ 'တီ-ယူ-အာ' လုပ်ရမည်တဲ့။ ဘတ်ဂျက်က ခွင့်မပြု။ မလုပ်နိုင်။ ဆီးပိုက်တန်းလန်းနှင့် ဆီးဗူးကို ခါးမှာချည်...၊
'× ခံနိုင်ရည် × ခံနိုင်စွမ်း ×
× ဓာတုဆေးဝါး ကျားကန်ရင်း ×' ...ဆိုသလို၊ 'တမ်ဆူလိုဆင်'၊ 'ဒူတက်' တို့နဲ့ပဲ 'ယူရီနရီ စစ်စတမ်' ကို ကျားကန်ခဲ့ရသည်ပေါ့။
ဒီလိုနဲ့ ရွာပြန်ရောက်လို့ မထုတ်ဖြစ်ခဲ့တဲ့ ၂ နှစ်စာပင်စင်လေး ထုတ်မည်သွားတော့ ၅ နှစ်လောက်ထုတ်နေကျ ပင်စင်က အသစ်ပြန်လျှောက်ရမှာပါတဲ့။ အသစ်ပြန်လုပ်တော့ နာမည်လွဲနေပါသတဲ့။ မှတ်ပုံတင်မှာက 'ဦးကိုကိုနိုင်'။ စမတ်ကတ်မှာက 'ဦးကိုကိုခိုင်'။ လက်ရေးဖြင့် စာရင်းသွင်းသူက 'နငယ်' ခေါင်းမပါဘဲ 'ခကွေး' ဖြစ်သွားသည်။ သည်တော့ 'နိုင်' က 'ခိုင်' ဖြစ်သော စမတ်ကတ်မှာ ၅ နှစ်စာအထိ ထုတ်ပြီးပေမင့် ယခု အသစ်ပြန်လုပ်သောအခါ 'နိုင်' နှင့် 'ခိုင်' က ဒုက္ခပေးနေပြန်တော့သည်လေ။
"...ဂျာကြီးနဲ့ရော ဒုဂျာကြီးနဲ့ရော ဒီတလလုံး မတွေ့နိုင်သေးဘူး။ ရုံးချုပ် ပို့ဦးမှာနဲ့...။ ခင်ဗျား စမတ်ကတ် နောက် ၃ လနေမှ လာယူလှည့်...။ ဖုန်းလှမ်းဆက်လိုက်မယ်...။"
ဒုက္ခပေးလိုက်ပုံက ဟိုရုံးပြေး၊ သည်ရုံးပြေး၊ အသိသက်သေ ပင်စင်စား ၂ ယောက် ထောက်ခံလက်မှတ်ပါယူ...၊ စုစုပေါင်း ၄ လတာအကြာတွင်မတော့ မထုတ်ဖြစ်သော ပင်စင် ၂ နှစ်စာမှာ ၄ လစာသာ ရပါလေသတည်း။
"...ဘရွတ် ဘရွတ် ဘရွတ်..."
အရေးထဲ ဆီပြတ်ဟန်တူပြီ...။ ပလပ်ဂန့်သွားတာ များလား...။ ဖြုတ်စရာ ပလပ်ခေါင်းက စခတွေရှို့တဲ့မီးထဲ ပါသွားပြီ။ ဒီဆိုင်ကယ်လေးတောင် ရွာက ဝိုင်းပြီး ဆွဲထုတ်ကြလို့။ အဲသည်တုန်းကများ ရေတွေစိုရွှဲနေအောင် လောင်းကြတာတောင် တာယာနဲ့ကျွတ်က အငွေ့တထောင်းထောင်း။ အမြန်ဆွဲချွတ်လိုက်လို့... သိန်း ၂၀ လောက် သက်သာရာရခဲ့သည်။
ဆီကလည်း နိုင်တီတူး၊ နိုင်တီဖိုက်၊ ပရီမီယံ... အကုန် 'အင်'။ ဆိုင်ကြီး၊ ဆိုင်လတ်၊ ဆိုင်သေး၊ လမ်းဘေးအိမ်ရှေ့က ဆိုင်ပိစိကွေးလေးအထိ စက်သုံးဆီတွေမှာက အကုန် အင်တွေချည်းဆိုတော့... ဝပ်ရှော့ထိုး ပလပ်အသစ််လဲရတာကိုက သုံးလေးခါမကတော့။ ပလပ်တလုံးကလည်း ၄-၅ ထောင်။
"...ဆရာကြီးဆိုင်ကယ်က ကျနော့်ဆိုင်ကယ်လိုပဲ... လူကိုစီးနေပြီ...။ ဆီပြတ်တာဆိုရင်တော့ ရှေ့လမ်းတလျှောက်လုံးမှာက ဆီဆိုင်တွေ ဒီမနက်ကတည်းက ပိတ်ထားတယ်...ဗျ။ ကျနော်တူမ မနေ့က မြို့ကနေ ပြန်လာတာ။ ဆိုင်တိုင်း ဆီမရှိဘူးချည်းတဲ့။ ဆိုင်ကယ်ဆီပြတ်လို့ တွန်းလာတုန်း တပည့်တော်ဖူးတဲ့ ကလေးက မြင်လို့ ရွာရောက်ရုံ ရေသန့်ဗူးသေးတစ်ဗူးစာ ထည့်ပေးလိုက်လို့ ပြန်နိုင်တာ...။"
"ဟာ... ဆရာကြီး။ ဆီပြတ်သွားလို့လား။ လယ်အုပ် (အခြေခံပညာ အလယ်တန်းကျောင်းအုပ်)... အဲ ဆရာကြီးခေါ်ခေါ်နေတဲ့ မလယ့်တလယ်အုပ်လေ။ ဟို လ/ထပညာရေးမှူးကောင်ကို ပြန်ဟောက်လိုက်တဲ့ လယ်အုပ်ဆရာကြီးပေါ့။ 'ထပြ (အထက်တန်းပြ)' ကနေမှ နယ်ကျောင်းတွေ လိုက်စစ်ရတဲ့ 'အေတီအီးအို' (လ/ထပညာရေးမှူး)။ 'အေတီအီးအို' ကနေမှ 'အက်ဒမင်' (စီမံခန့်ခွဲမှုအပိုင်း) တတ်အောင် 'လယ်အုပ်'။ 'လယ်အုပ်' ပြီးမှ 'တီအီးအို'...။ အံမယ် ဒီကောင် 'ဂျမ့်ပရိုမိုရှင်း' ဆိုလား 'တီအီးအို' (မြို့နယ်ပညာရေးမှူး) တန်းဖြစ်သွားသတဲ့။"
"...ကျနော်လည်း ဆီပြဿနာကြောင့် တွန်းလာရင်း ခဏနားနေတာ။ ဒီနားတဝိုက်တော့ ဘယ်မှာမှ ဆီမရနိုင်ဘူး။ ကျနော်တောင် ဆွမ်းအုပ်အဝိုင်းကနေ ကျောက္ကာလမ်းအတိုင်း တွန်းလာတာ။ ကောလိပ်နားကဆိုင်လည်း ဆီမရခဲ့ဘူးဗျာ။ စာရင်းပိတ်သွားပြီတဲ့။ ကားလေးဝင်းနားထိ တွန်းရတော့မှာနဲ့ တူပါရဲ့...။ စကားပြောဖော် ရတာပေါ့...။ ဒီမယ် သူကဆရာ့တပည့်မ ဆရာမကြီးလေ..."
"...အမှန်က ဆီတော့ ရှိမှာပါဗျာ...၊ ဗမာပီပီ တက်ဈေး လိုချင်လို့ မရောင်းကြတာ နေမှာ။ မနက်တိုင် ပရိတ်ပဋ္ဌာန်းတွေ လှိမ့်ရွတ်၊ "ကျန်းမာချမ်းသာကြပါစေ" မေတ္တာတွေ အော်ကြီးဟစ်ကျယ် နင်းကန်ပို့။ လုပ်တော့ကျ တလွဲ။ ရောင်းမယ့်ပစ္စည်းတွေကို 'အင်'၊ ချိန်ခွင်အလေးကတ္တား ဆီပန့်တွေ 'ခိုး'၊ အမြတ်ငွေ နင်းကန်တင်ကြ။ ပါရာ(မိုတာ)တို့ ဂျိုင်ရို(ကော့ပတာ)တို့ ဝဲလို့ ပြေးကြရင် ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာတောင် ကြိုတင် နေရာဦးထားတတ်ကြတဲ့ ကျနော်တို့ 'ရွှေဗမာ' လေဗျာ...။"
"...ဆရာကြီး မှတ်မိသေးလား။ 'အင်္ဂလိပ်အခက်-ဗမာအချက်'...။ သမိုင်းသင်္ခန်းစာလေး...။ အများဒုက္ခရောက်ကြရင် ဗမာတွေက အင်မတန် အကွက်ဆိုက်ကြတယ်လေ။ 'တိုင်းပြည်ပျက်-စီးပွားတက်' ဆိုတဲ့ကောင်တွေပေါ့။"
"...ဒီနေ့ ဘယ်နှရက်လဲ။ စုံလား-မလား..."
"...ကျောင်းဆရာလေးမလုပ်ရတာ ၄-၅ နှစ်အတွင်း ရက်စွဲတွေတောင် မေ့လို့ပါလား..."
"...ဆရာကြီးက တောမှာနေ၊ တောခိုပြီး သတင်းတွေ အပ်ဒိတ်မဖြစ်ဘဲကိုး။ မုံရွာမှာ ဆီရဖို့ မနက် ၄ နာရီကတည်းက တန်းစီရသဗျ။ မုံရွာတက္ကသိုလ်နားက ဆိုင်၊ ကားလေးဝင်းနားကဆိုင်၊ ကျောက်ဆောင်ဆိပ်ကဆိုင်တွေမှာ သောက်သောက်လဲ တန်းစီ ဆီတိုးနေကြသဗျ။ ဒါတောင် မနက် ၇ နာရီလောက်ဆို ဆိုင်နဲ့ တမိုင်အကွာလောက်ထိ တန်းနေတဲ့ နောက်ဆုံးကားမှာ "...ယနေ့အဖို့ ဤကား နောက်ဆုံး၊ ပုံ - ဒင်ကို စက်သုံးဆီဆိုင်..." ဆိုတဲ့ ဗီနိုင်းလေး ဆွဲလို့...။ ဟုတ်မှာပဲလေ။ ဆီခိုးခိုးပို့နေတဲ့ အီရန်က ဂန့်သွားတော့...။ တီလုပ်မှာတောင် ၂ လစာပဲ ဆီရှိတော့သတဲ့။ ထိုင်းကတော့ တလခွဲဆိုလား...။"
"...ဇော်မဲလုံးပြောတာကတော့ ၄၄ ရက်စာတဲ့။"
"...တပြည်လုံးအတိုင်းအတာ 'ရက်' အတိအကျနဲ့ သေချာလွန်းလှချည်လားဗျာ...။"
"...တွန်းရတာ မောလွန်းလို့ အမောပြေ သီချင်းဆိုချင်စိတ်တောင် ပေါက်လာသဗျ။ ခွင့်ပြုပါ ဆရာကြီးရေ...။"
' × ဂုဏ်ဓန မက်လို့ ×
× စုံ-မ ဖွက်ကာ ×
× မယုံတဝက် ယုံတဝက် ×'... ဟုတ်ပေါင်... အကုန်လုံးကို မယုံတာ...။ ကားနံပါတ်တွေ စုံ-မ၊ ဖွက်...။ ဟုတ်ပေါင်... စုံတစ်ရက် မတစ်ရက်သာ ထွက်ခွင့်ပြုမှာပါတဲ့။ ကားနံပါတ်-စုံ ရက်က-စုံ၊ ကားနံပါတ်-မ ရက်စွဲ-မ သာ ထွက်ခွင့်ပြုတာတဲ့ခမျ။"
"...မဲလုံးက ကညနဒေတာလေးနဲ့ အာချောင်လိုက်တာဗျ...။ စုံ-မ' အမှန်တကယ်ဖွက်ထားတဲ့ နပုန်းလိင် ဝတ်သောက်တွေဆိုတာက သောက်သောက်လဲ...။ သူရို့ 'နမခ' ထဲမှာတင်ကို ချင်းလိုပြောရရင် "...သန်းပီး သု(ခ်)..."၊ အားပါးပါး များမှများ...။ အဲ...၊ မစ်ထရီ ဝတ်သောက်၊ ရဲဝတ်သောက်၊ ပျူဝတ်သောက်၊ (ဘုန်းကြီး) ယော ဝတ်သောက်...၊ လူမှုကူညီရေး ဝတ်သောက်...၊ 'သောက်သောက်လဲပါ ဆရာကြီးရာ...။ လူမှုကူညီရေး အန်တီကြီးတယောက်နဲ့ စပ်မိလို့၊ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတင် မုံရွာတမြို့နယ်လုံးမှာ လူမှုရေးဝတ်သောက်ကားပေါင်းက...၊ အင်း...၊ ကျွန်းထဲလိုင်း၊ ဗောဓိလိုင်း၊ ကျောက္ကာလိုင်း၊ သာစည်လိုင်း၊ အလုံလိုင်း၊ မြို့မ (မြို့ပေါ်ရပ်ကွက်များ)...။ အင်း...။ ရာကျော် ထောင်နီးနီးရှိတယ်... ဆရာကြီးရ...။ အဲသည်တုန်းက၊ 'စစ်ကိုင်းနှာပေါက်အရောက် ကားတစီး ဘယ်လောက်'၊ တပ်ထဲကချည်း ဝိုက်၊ အိမ်ခြံမြေတိုက် စုစုပေါင်းကို "သန်းပီး သုခ်"...၊ သောက်သောက်လဲ ပိုင်ကုန်ကြတာလဗျာ။"
"...ဘီပီအိုင် ဆေးဘူးတွေတော့ 'စစ်တပ်အတွက်သာ' လို့ ရေးထားတော့ ၄၄ ရက်ဆိုတာက စောက်တပ်အတွက်ပဲ ပြောတာနေမှာဗျ...။"
"...လေယာဉ်ဆီတွေသာ အမြန်ပြတ်ဖို့ ဆုတောင်းရတာပဲဗျို့...။ ဒါမှ ကျနော်တို့အညာမှာ 'အဲယားစထရိုက်' တွေ မရှိတော့မှာ။"
"...ဇွန်ပန်းရုံအနီးက ရွှံ့ဗွက်ထဲမယ် ဘီးကျွံနေတဲ့ လှည်းကိုတော့ ဗွက်ကိုဖို့ဖို့ မကြိုးစားခိုင်းဘဲနဲ့ 'ဗွက်-ဗွက်အတိုင်းသာ ထားကြဟေ့...၊ ပြိုင်တူသာ ဝိုင်းတွန်းကြ' လို့ ဆရာကြီးရော ကျနော်တို့ရောပဲ... မျိုးဆက်လိုက် သင်ပေးခဲ့ကြတာပဲလေ။ မျိုးဆက်တွေမှ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ ရှေ့နေရှေ့ရပ် တရားသူကြီးတွေ၊ ကန်ထရိုက်တာ ပွဲစား၊ ကုန်သည်ကြီးတွေ...။ ပြီးတော့...၊ စစ်ခွေးဗိုလ်ချုပ်ကြီးတွေအထိတောင် ဖြစ်ကုန်ကြပြီလေဗျာ။ အခုလည်း ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ပေါ့ဗျာ...။ ကိုယ့်ဘီးကိုယ် တွန်းရုံပါနော်။ ကဲ ကဲ ကဲ... ပြိုင်တူ ဆက်တွန်းကြဦးစို့...။"
"...ရွေ့ဟ...။ ရွေ့ကွ...။ ယီးလေလေ့-ယီးလေလေ့။ ရွေ့တော့မယ်ကွ...။"
တော်လှန်သူရဲကောင်း အားလုံး...
သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။
မောင်ဘဦး (၈၇၊ ပေါင်းကျော် ၆)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar