အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်က ဒေါက်တာစိန်ဝင်းကွယ်လွန်ခြင်း ဝမ်းနည်းသဝဏ်ပေးပို့
အမေရိကန်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော်နယ်က ဒေါက်တာစိန်ဝင်းကွယ်လွန်ခြင်း ဝမ်းနည်းသဝဏ်ပေးပို့
m.CDM မတ် ၁၂၊ ၂၀၂၆
အမေရိကန်အထက်လွှတ်တော်အမတ်၊ ရီပတ်ဘလစ်ကန်ပါတီ၏ ထင်ရှားသောခေါင်းဆောင်၊ ၎င်းသက်တမ်းတလျောက် မြန်မာ့အရေးကို စူးစူးစိုက်စိုက်ကူညီခဲ့သူ မစ်ချ်မက်ကော်နယ်က ၎င်း၏မိတ်ဆွေလည်းဖြစ်၊ NCGUB ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည့် ဒေါက်တာစိန်ဝင်း ကွယ်လွန်ကြောင်း ကြားသိရလို့ ဝမ်းနည်းသဝဏ်လွှာကို ကျန်ရစ်သူ မိသားစုထံ စာဖြင့် ပေးပို့လိုက်ပါတယ်။
စာထဲမှာ ဝမ်းနည်းကြောင်းအပြင် မိတ်ဆွေအဖြစ် သိကျွမ်းလုပ်ဆောင်ခဲ့ရသည်များအတွက် ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။
စာအပြည့်အစုံမှာ
...
မစ်ချ် မက်ကော်နယ် ကင်တက်ကီပြည်နယ်
အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော် ဝါရှင်တန် ဒီစီ - ၂၀၅၁၀
(၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်
ဒေါ်စီစီ ခင်ဗျာ၊
သင်နှင့် သင်၏ မိသားစုဝင်များက သင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ စိန်ဝင်း၏ ဘဝနှင့် လုပ်ဆောင်ချက်များကို ဂုဏ်ပြုအမှတ်တရ အခမ်းအနားဖြင့် စုဝေးကျင်းပနေကြသည့် ဤအချိန်ကာလတွင်၊ ကျွန်ုပ်အနေဖြင့် လေးစားဂုဏ်ပြုစိတ်ဖြင့် နှလုံးသားအနက်မှ ထွက်ပေါ်လာသော ဝမ်းနည်းကြေကွဲမှုကို ဖော်ပြအပ်ပါသည်။
မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒနှင့် လိုလားချက်များအတွက် ဒေါက်တာ စိန်ဝင်း၏ ဘဝတစ်လျှောက်လုံး မယိမ်းယိုင်သည့် စိတ်ဓာတ်ဖြင့် မြုပ်နှံကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းသည် အများအတွက် အတုယူဖွယ်၊ ဂုဏ်ယူဖွယ် ဖြစ်ပါသည်။ ပြည်ပတွင် နေထိုင်နေရသော်လည်း ပြည်သူ့အကျိုးအတွက် အလျော့မပေးဘဲ ဆက်လက်ထမ်းဆောင်ခဲ့သည့် သူ၏ သန္ဓေစိတ်နှင့် သစ္စာတရားသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီလှုပ်ရှားမှုများ၏ အမြင့်မားဆုံး မော်ကွန်းတခုအဖြစ် ထင်ဟပ်ပြသနေပါသည်။
သူနှင့် သူ၏မျိုးဆက် ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီးပေးဆပ် အပ်နှံခဲ့ကြသည့် ဒီမိုကရေစီအရေးအတွက် ကျွန်ုပ်ကိုယ်တိုင် မိတ်ဆွေတစ်ဦးအဖြစ် တဖက်တလမ်းကနေ ထောက်ခံပံ့ပိုးနိုင်ခဲ့ခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဤအလွန်ခက်ခဲသည့် အချိန်ကာလအတွင်း သင်နှင့် သင်၏ မိသားစုဝင်များနှင့်အတူ ကျွန်ုပ်၏ စိတ်ထဲက ဆုတောင်းမေတ္တာများ ပို့သအပ်ပါသည်။ ဒေါက်တာစိန်ဝင်း ထားခဲ့သည့် အလွန်အဓိပ္ပါယ်ပြည့်ဝသော အမွေအနှစ်ဖြင့် သင်တို့ နှစ်သိမ့်စိတ်နဲ့အတူ ခွန်အားများ ရရှိနိုင်ကြပါစေဟု ဆုတောင်းအပ်ပါသည်။
လေးစားစွာဖြင့်၊
မစ်ချ် မက်ကော်နယ် - အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်အမတ် - ဟူ၍ ဖြစ်ပါတယ်။

အသက် (၈၃) နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီ (၆) ရက်၊ မနက် (၇) နာရီဝန်းကျင်မှာ အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့ ဈာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ University of Maryland - UMD Memorial Chapel မှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ (၂၈) ရက်နေ့၊ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းပီသမှုတွေကြောင့် နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်ပါတယ်။
(သတင်း - မင်းနွေဦး)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။
m.CDM Internet Radio - https://moemaka.net/radio
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar

