အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ် ခံစားကြရဦးမဲ့ ပြည်တွင်းစစ်ပွဲအတွင်းက မြန်မာပြည်
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၃ မြင်ကွင်း
(မိုးမခ) မတ် ၁၄ ၊ ၂၀၂၆
အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ် ခံစားကြရဦးမဲ့ ပြည်တွင်းစစ်ပွဲအတွင်းက မြန်မာပြည်
အရှေ့အလယ်ပိုင်းဒေသနဲ့ အစ္စရေးလ်နဲ့ အမေရိကန်တို့ကို အီရန်နိုင်ငံနဲ့ ၄င်းထောက်ခံအားပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက ခြိမ်းခြောက်နေတယ်လို့ အကြောင်းပြပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် ကမ္ဘာ့ရေနံစျေးနှုန်း၊ ရေနံဝယ်ယူရရှိမှုတွေကို ဆိုးရွားစွာ သက်ရောက်မှုတွေ ရှိလာနေတာကြောင့် ရေနံ၊ သဘာဝဓာတ်ငွေ့ရည်က ထုတ်တဲ့ ထုတ်ကုန်တွေအားလုံးစျေးတက်ပြီး ကမ္ဘာအနှံ့အပြားက နိုင်ငံတွေမှာ လောင်စာဆီ ချွေတာသုံးစွဲဖို့ ၊ လောင်စာဆီပြတ်တောက်သွားတဲ့ အခြေအနေမျိုး မရောက်ဖို့ ခြိုးခြံချွေတာတဲ့နည်းတွေနဲ့ ထိခိုက်မှုသက်သာအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစလို့ လောင်စာဆီသုံးယာဥ်တွေအနေနဲ့ လုပ်ငန်းသုံး၊ ကျန်းမာရေးနဲ့ ခရီးသည်တင်ယာဥ်၊ ကုန်စည်ပို့ဆောင်ရေးတို့က လွဲရင် စုံနံပါတ်ရက်မှာ စုံနံပါတ်ယာဥ်ထွက်ပြီး မ နံပါတ် ရက်မှာ မနံပါတ်ယာဥ် ထွက်ဖို့ စည်းကမ်းသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအဖို့ နဂိုကတည်းက နိုင်ငံရဲ့ နေရာဒေသအပေါ် မူတည်ပြီး လောင်စာဆီစျေးနှုန်း ကွာဟမှုများတာ၊ အချို့သောဒေသတွေမှာ လောင်စာဆီသယ်ဆောင်ခွင့်ကို လက်နက်ကိုင်တပ်တွေက တားမြစ်ထားတာတွေ ရှိနေခဲ့ပြီး ဖြစ်လို့ အခုလို ကမ္ဘာနဲ့ချီတဲ့ လောင်စာဆီစျေးနှုန်းမြင့်တက်မှုနဲ့ ဝယ်ယူဖို့ အကြပ်အတည်းတွေရဲ့ သက်ရောက်မှုကို ထပ်ဆင့်ခံစားကြရဦးမှာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း အစ္စရေးလ် အပေါင်း အမေရိကန်နဲ့ အီရန်တို့အကြား စစ်ပွဲက ဘယ်လောက်ထိ ကြာမယ်ဆိုတာ ဘယ်သူမှ မမှန်းဆနိုင်တဲ့ အခြေအနေမျိုးမှာ ရက် ၃၀ စာ အရံလောင်စာဆီရှိတဲ့ နိုင်ငံ၊ ရက် ၆၀ စာရှိတဲ့ နိုင်ငံနဲ့ ရက် ၉၀ စာရှိတဲ့နိုင်ငံတွေ စသဖြင့် အမျိုးမျိုး ကွဲပြားခြားနားတဲ့ အနေအထားတွေ ဖြစ်ပါတယ်။ ဝယ်ယူလက်စလောင်စာဆီနဲ့ နိုင်ငံတွင်း မှာ သိုလှောင်ထားတဲ့ လောင်စာဆီစုစုပေါင်းဟာ အချို့သော နိုင်ငံတွေလို ၂ လ တာတောင် မရှိတဲ့ အခြေအနေမျိုးဖြစ်တာကြောင့် မြန်မာနိုင်ငံ အနေအထားက အတော်လေး ခက်ခဲတဲ့အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အရှေ့အလယ်ပိုင်းက ရေနံသယ်ယူလို့မရတဲ့ အနေအထားမှာ အခြားသော ရွေးချယ်စရာတခုက ရုရှားဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာအာဏာသိမ်းစစ်တပ်တို့ ဆက်ဆံရေး ကောင်းမွန်သည့်တိုင် သယ်ယူပို့ဆောင်ရမယ့် အကွာအဝေးကြောင့် ဖြစ်နိုင်ချေ ရှိမရှိ မသိရှိသေးတဲ့ အနေအထား ဖြစ်ပါတယ်။
လတ်တလော လမ်းတွေပေါ်မှာ သုံးစွဲနေတဲ့ လောင်စာဆီသုံး မော်တော်ယာဥ်တွေအနက်က ကိုယ်ပိုင်ယာဥ်တွေကို စုံရက် မရက် တလှည့်စီခွဲပြီး အသုံးပြုစေတာနဲ့တင် ပြည်တွင်းက စီးပွားရေး နဲ့ လူမှုရေးတို့ကို အတိုင်းအတာတခုထိ သက်ရောက်မှုတွေ ရှိနေပြီးဖြစ်ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ ရေနံကို မထုတ်လုပ်နိုင်တဲ့ ဘယ်နိုင်ငံမဆို လောင်စာဆီသုံးစွဲမှု ချွေတာဖို့ လိုအပ်ကြတာက အမှန်ဖြစ်ပေမယ့် စီးပွားရေးကိုလည်း ထိခိုက်မှု မကြီးစေဖို့ လူအများပူးပေါင်းပါဝင်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း လောင်စာဆီ ရောင်းချအချိန် ကန့်သတ်တာ၊ စွမ်းအင်သုံးစွဲမှု လျော့နည်းစေဖို့ လေအေးပေးစက်တွေကို အပူချိန် အနည်းငယ်မြှင့်ထားပြီး အသုံးပြုဖို့၊ ဓါတ်လှေခါးတွေကို မသုံးမဖြစ် အနေအထားမှာ သုံးဖို့ ၊ အစိုးရရုံးအချို့ကို နေအိမ်မှ အလုပ်လုပ်ဖို့ စတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းအပြင် လာအိုလို နိုင်ငံမျိုးမှာလည်း လောင်စာဆီချွေတာတဲ့ လုပ်ဆောင်မှုတွေ ကြေညာလုပ်ဆောင်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တော့ အုပ်ချုပ်နေတဲ့ အာဏာသိမ်းစစ်အစိုးရ နဲ့ ပြည်သူလူထုအကြား ပူးပေါင်းဆောင်ရွက်မှုက အနိမ့်ဆုံး အနေအထားမှာ ရှိတာမို့လို့ အာဏာသိမ်းစစ်အစိုးရရဲ့ လုပ်ဆောင်မှုတွေက အောင်မြင်မှုနည်းပါးမယ့် အနေအထား ဖြစ်ပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတာကြောင့် နိုင်ငံရဲ့ နိုင်ငံခြားငွေတွေကို စစ်လက်နက်ခဲယမ်း၊ လေယာဥ်ဆီ အစရှိတဲ့ စစ်အသုံးစရိတ်တွေမှာ ဦးစားပေး အသုံးပြုနေပြီး လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနဲ့ လောင်စာဆီတွေကို အခုလို အရှေ့အလယ်ပိုင်း စစ်ပွဲ မဖြစ်မီကတည်းက လျော့ချဖို့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
အခု အီရန်နိုင်ငံစစ်ပွဲရဲ့ ဂယက်က မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပွဲကြောင့် ချိနဲ့နေပြီးသား စီးပွားရေးအနေအထားတွေကို ထပ်ပြီးဆိုးရွားစေမှာ အသေအချာပင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းပိုင်းဒေသတွေ၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်အချို့ဒေသတွေ နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလိုမျိုးမှာ လောင်စာဆီစျေးတွေက ကန့်သတ်မှု ပိတ်ဆို့ခံရမှုတွေ အခွန်အကောက်တွေနဲ့ နကိုကတည်းက ရန်ကုန်၊ မန္တလေးတို့လို ဒေသတွေထက် ၂ ဆကနေ ၄ ဆလောက်ထိ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လောင်စာဆီမသုံးနိုင်တော့ဘဲ နွားနဲ့ လူနဲ့ ထွန်ယက်နေကြရတဲ့ ဒေသတွေ မြန်မာနိုင်ငံမှာ ခုနှစ်ပိုင်းတွေမှာ ရှိနှင့်နေပြီးဖြစ်ပါတယ်။ အသက်ရှင်ရေးအတွက် အရေးပေါ် ဆေးရုံဆေးခန်းကို သယ်ယူဖို့ လူနာတင်ကားအတွက် လောင်စာဆီကုန်ကျစရိတ်က သိန်း ဆယ်ဂဏန်းအထိ ရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒီကုန်ကျစရိတ်တွေ မတတ်နိုင်တာကြောင့် အသက်ဆုံးရှုံးကြရသူတွေလည်း အများအပြားရှိနေပြီး ဖြစ်ပါတယ်။
ခုလတ်တလော ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ ပြဿနာမတိုင်ခင်ကတည်းက လောင်စာဆီကို မဟာဗျူဟာမြောက် ကုန်စည်အနေနဲ့ ယူဆပြီး ပိတ်ဆို့တာ၊ ကန့်သတ်တာတွေကို အာဏာသိမ်းစစ်တပ်နဲ့၊ အိမ်နီးချင်းနိုင်ငံတချို့ တို့က လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အမျိုးသားညီညွတ်ရေး အစိုးရကလည်း ၄င်းတို့ထိန်းချုပ်နယ်မြေတွေကတဆင့် ချင်းနဲ့ ရခိုင် တို့ဆီ လောင်စာဆီသယ်ယူတာတွေကို စိစစ်ပြီးမှ ခွင့်ပြုသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ လောင်စာဆီကို လက်နက်အဖြစ် အသုံးပြုတာမျိုးကို အမျိုးသားညီညွတ်ရေး အစိုးရကပါ လုပ်ဆောင်လာတာလားလို့ အချို့ကလည်း ဝေဖန်ကြပါတယ်။ ရန်သူ့စခန်းတွေအတွက် လောင်စာဆီကို NUG ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းပြီး သယ်ဆောင်မှု ရှိသလား မရှိသလားတော့ အတိအကျ မပြောနိုင်ပေမယ့်လည်း နကိုကတည်းက စျေးနှုန်းတွေမြင့်တက်နေတဲ့ အနေအထားမှာ ပိုမိုခက်ခဲရှုပ်ထွေးအောင် လုပ်ဆောင်လိုက်သလို ဖြစ်စေနိုင်တာလည်း သတိပြုဖို့လိုမှာ ဖြစ်ပါတယ်။
ပိတ်ဆို့ထားတဲ့ အနေအထားတွေမှာ ငွေကြေး လာဘ်ထိုးပြီး သယ်ဆောင်ရောင်းဝယ်တာတွေ ပေါ်ပေါက်လာနိုင်တာကြောင့် ကုန်စျေးနှုန်းတွေကို ပိုမိုမြင့်တက်စေပြီး စစ်ဘေးကြောင့် ခက်ခဲကြပ်တည်းနေတဲ့ လူထုအဖို့ ဗူးလေးရာ ဖရုံဆင့်အနေအထားမျိုး ဖြစ်စေနိုင်တာလည်း သတိပြုကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar