Breaking News

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေစဥ် အရပ်သား ၂၅ ဦး ဗုံးဒဏ်ကြောင့်သေဆုံး၊ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့အကြားက ပဋိပက္ခ

မြန်မာနွေဦးခရိုနီကယ် - မတ် ၉ မြင်ကွင်း

(မိုးမခ) မတ် ၁၀ ၊ ၂၀၂၆


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေစဥ် အရပ်သား ၂၅ ဦး ဗုံးဒဏ်ကြောင့် သေဆုံး၊ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့အကြားက ပဋိပက္ခ

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်က ကျောင်းကုန်း နဲ့ ဒါးဆိပ်ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းဝင်ရောက်လာချိန်မှာ အရပ်သား ၁၆၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။  အဆိုပါ ကျေးရွာတွေအနီး စစ်တပ်နဲ့ KNLA တပ်တို့အကြားတိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီရဲ့ တပ်က ဒရုန်းနဲ့ လေယာဥ်တွေကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သား ၂၅ ဦးဝန်းကျင် ထိမှန် သေဆုံးခဲ့ရတယ်လို့ ကရင်သတင်းစဥ် KIC ဒေသတွင်း သတင်းဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။ 

သေဆုံးသူတွေအထဲ အသက် ၆ နှစ်အရွယ် ကလေးငယ်က စလို့ အသက် ၆၀ ဝန်းကျင်အထိ ပါရှိပြီး အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၈ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့မှာပဲ အဆိုပါဒေသက ထီးပုလုကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဝင်ရောက်ပြီး ဒေသခံ အမျိုးသား အသက်၃၅ နဲ့ ၅၃ နှစ်အကြား ၅ ဦးကို သတ်ဖြတ်ခဲ့တာကြောင့် တနေ့တည်း အရပ်သား စုစုပေါင်း ၃၀ ဝန်းကျင် သေဆုံးခဲ့ရတာလို့ KIC သတင်းဖော်ပြချက်အရ သိရပါတယ်။ 

အခုဖြစ်ရပ်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့် အရပ်သား ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေထဲ နောက်တခု စာရင်းထဲထပ်မံထည့်သွင်းရမယ့် အဖြစ်အပျက်တခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်နဲ့ချီ ထိခိုက်သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့သလို အဲဒီအဖြစ်အပျက်မတိုင်ခင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း မိုးကုတ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ အစရှိတဲ့ ဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု တခုပြီးတခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အရပ်သား ထိခိုက်မှု အများဆုံးဖြစ်ရပ်တွေက ကချင်၊ ရခိုင် နဲ့ စစ်ကိုင်းတိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ဖြစ်ရပ်တခုထည်းနဲ့တင် ၁၆၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။ 

မြေပြင်မှာ နေ့ရာတိုင်းကို ထိုးစစ်မဆင်နိုင်တဲ့ စစ်တပ်အဖို့ နေ့စဥ်နဲ့အမျှ မြန်မာနိုင်ငံ တောင်ဘက်ကနေ မြောက်ဘက်၊ အရှေ့အနောက် အလယ်ပိုင်းမကျန်၊ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ တိုက်ပွဲမဖြစ်သော်လည်း တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှု စုဝေးမှုနဲ့ ရိက္ခာ၊ လောင်စာဆီသယ်ဆောင်တဲ့ လမ်းကြောင်းတွေရဲ့ သတင်းအချက်အလက် စုဆောင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုဟာ အာဏာသိမ်းစစ်တပ်အတွက် ဘယ်လောက်ထိ အရေးပါနေသလဲလို့ မေးရင် မြေပြင်စစ်ပွဲ အနိုင် အရှုံး အဆုံးအဖြတ်အထိ မပေးနိုင်ပေမယ့်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေသာမက တိုက်ပွဲဖြစ်ပွားတဲ့ ဒေသ၊ တော်လှန်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာနေထိုင်နေကြတဲ့ ဒေသခံလူထုအပေါ်မှာ ကြီးမားတဲ့ ဖိအားဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ 

MNDAA, TNLA တို့လို ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မြေပြင်မှာ နယ်မြေတွေ အများအပြားသိမ်းယူထားကာ ခုခံကာကွယ်နိုင်သည့်တိုင် အပစ်ရပ်ဖို့ သဘောတူခဲ့ရတဲ့ အကြောင်းအချက်တွေထဲ လေကြောင်းတိုက်ခိုက်မှုကလည်း အဓိကကျတဲ့ အချက်တခုအနေနဲ့ ပါဝင်ခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ရှိလာချိန် အထိတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး နဲ့ ပတ်သက်တဲ့ ထိရောက်စွာတုံ့ပြန်နိုင်တဲ့ အနေအထားမရှိသေးဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဗုံးခိုကျင်းတူးပြီး လုံခြုံအောင် အကာအကွယ်ယူတာ၊ လေယာဥ်တက်လာတဲ့အခါမှာ ကြိုတင် ပြင်ဆင်နိုင်အောင် ဆက်သွယ် အသိပေးတဲ့ စနစ်၊ လူစုလူဝေး မလုပ်ခြင်းအားဖြင့် ထိခိုက်မှုအရေအတွက်ကို လျော့ချတဲ့နည်းလမ်းတွေ အပြင် တိုက်လေယာဥ်၊ ဗုံးကြဲလေယာဥ်၊ ရဟတ်ယာဥ်နဲ့ ဂျိုင်ရိုကော့ပတာတွေကို ဖျက်ဆီးတိုက်ခိုက်နိုင်မယ့် လက်နက်လိုမျိုးတွေ လက်ဝယ်ရဖို့ မလွယ်ကူသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုက ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ထဲက ၂ ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်တို့ အကြား မကြာသေးတဲ့ သီတင်းပတ်တွေက အောက်ခြေ လက်နက်ကိုင်တပ်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး  ရိက္ခာ၊ လောင်စာဆီ နဲ့ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေ ပိတ်ပင်ထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ကွတ်ခိုင်မြို့က လမ်းမတချို့မှာ တပ်ဆင်ထားတဲ့ CCTV စောင့်ကြည့်ရေးကင်မရာတွေကို TNLA က ဖြုတ်သိမ်းခဲ့ပြီး MNDAA တပ်ဖွဲ့နဲ့ TNLA အကြား အခြေအတင် ဖြစ်တာ၊ ရိုက်နှက်တာ၊ သေနတ်ပစ်ဖောက်တာတွေ အထိ ဖြစ်ပွားခဲ့ပြီးနောက် MNDAA ဘက်က TNLA ထိန်းချုပ်နယ်မြေတွေဆီ ရိက္ခာ၊ ကုန်စည်၊ လောင်စာဆီတွေ သယ်ဆောင်ခွင့်မပေးဘဲ ပိတ်ပင်ထားတာ သီတင်းပတ်နဲ့ ချီရှိလာပြီဖြစ်ပါတယ်။ 

လားရှိုးမြို့ကနေ TNLA ထိန်းချုပ်ထားတဲ့ မြို့ဖြစ်တဲ့ ကွတ်ခိုင်မြို့ဘက်ကို ရိက္ခာ၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် မပြုတဲ့အခြေအနေဖြစ်ပါတယ်။ ကနဦး စက်သုံးဆီနဲ့ ဆန်တို့ကိုသာ MNDAA ပိတ်ပင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အခြားသောကုန်ပစ္စည်းတွေကိုပါ သယ်ဆောင်ခွင့်မပေးတော့ဘူးလို့ ဒေသသတင်းမီဒီယာ တခုဖြစ်တဲ့ ရွှေဖီမြေက ဖေါ်ပြထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးအတွက် ဖွဲ့စည်းခဲ့တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့ရှိတဲ့ အနက်က ရှမ်းမြောက်မှာ အခြေစိုက်တဲ့ ၂ ဖွဲ့ဖြစ်တဲ့ ကိုးကန့်နဲ့ တအာင်းလက်နက်ကိုင် တပ်တို့အကြား နယ်မြေစိုးမိုးခွင့် ဖြတ်သန်းခွင့်၊ အခွန်ကောက်ခံမှု နဲ့ အုပ်ချုပ်ရေးထူထောင်မှုတို့လို ကိစ္စတွေမှာ အကြောင်းခံပြီး ပွတ်တိုက်မှုတွေ ဖြစ်လာကြရာကနေ အခုလို မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့အကြား ကုန်စည်၊ လောင်စာ၊ ရိက္ခာ ပိတ်ဆို့မှုတွေ ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း နယ်မြေ ဖြတ်သန်းမှု၊ လုံခြုံရေး ဂိတ်တွေအထိုင်ချမှုတွေ အပေါ်မူတည်ပြီး TNLA နဲ့ KIA တပ်တွေအကြား အောက်ခြေ အငြင်းအခုံဖြစ်တာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ တခုမက ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီနောက် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေအကြား ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီး အောက်ခြေပဋိပက္ခတွေ ရပ်တန့်သွားခဲ့ပါတယ်။ 

အခုလို စစ်အာဏာရှင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ တပ်တွေအကြား မဟာမိတ် ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အောက်ခြေပဋိပက္ခတွေ နဲ့ ပတ်သက်လို့ အလုပ်ဖြစ်တဲ့ ဖြေရှင်းရေး စနစ်၊ သို့မဟုတ် အဖွဲ့အစည်းတရပ်လိုအပ်နေတယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ရှုမြင်ကြပေမယ့် ခုချိန်ထိ အဲဒီလိုယန္တရား ရှိမနေသေးတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ကာလတွေတုန်းက မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ  FPNCC က ဖျက်သိမ်းခြင်း မရှိသေးပေမယ့် တက်တက်ကြွကြွ လှုပ်ရှားမှုတော့ ရှိမနေတော့တဲ့ အနေအထားဖြစ်ပါတယ်။ 

မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက် မဟာမိတ်အဖွဲ့အစည်းတွေ အများအပြားဖွဲ့စည်းခဲ့ကြပေမယ့် ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်နဲ့ အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ခေတ်ကာလ နောက်ခံအခြေအနေတွေ အပေါ်မူတည်ပြီး ရပ်ဆိုင်းသွားတာ၊ ဖျက်သိမ်းလိုက်တာ စသဖြင့် အမျိုးမျိုးသော ဖြတ်သန်းမှုတွေ အတိတ်မှာ ရှိခဲ့ကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar