Breaking News

မောင်လင်းရိပ် - ရိုးရိုးလွမ်းချင်းတစ်ပုဒ်

Art- Than Htay Maung
ရိုးရိုးလွမ်းချင်းတစ်ပုဒ်
မောင်လင်းရိပ်
(မိုးမခ) မတ် ၉၊ ၂၀၂၆

မင်းမရှိတော့တာ ကောင်းတာပါပဲကွာ
မင်းရှိရင်လည်း ကောင်းမှာပါပဲ
လယ်သမားကြီးတွေလိုလို ဟိုလူတွေလေ ပန်းဂျုံစိုက်ကြမလို့တဲ့
မင်းရှိရင် အားကိုးရမှာပဲလို့ ငါတွေးမိ
မင်းအကြိုက်ဆုံးဝါဒက ခရီယေးရှင်း တူ ရီယယ်လတီ*ပဲ မဟုတ်လား
ဒြပ်မဲ့ကားတွေသာ မင်းပဲလို့ မှတ်ချက်ချချင်သူတွေလည်း ရှိချင် ရှိမှာပ
တစ်လောက တစ်ယောက်ဟာ နောက်တစ်ယောက်ကို အဆုံးမရှိ အစမရှိ လှမ်းပြောသတဲ့
ဟိုဘောလုံးကန်တဲ့ ကောင်မလေးရဲ့ ရုပ်ဟာ ဟိုလူနဲ့ မတူဘူးလားတဲ့
မင်းလူတွေရဲ့ သံယောဇဉ်တွေက အဲဒီလို။ မင်း အရိပ်ကြည့်ခဲ့ရုံ သစ်ပင်ကလေးကနေ
အပွင့်ပွင့်အသီးသီး အသီးကအပင်ပေါက်တာတောင် အပင်ကလေးဟာ မင်း ရပ်နေပုံအတိုင်းပဲတဲ့
အဲဒီဝါးရုံရိပ်က ပက်လက်ကုလားထိုင်မှာ မင်းထိုင်ရင် 
မင်းဘေးက ခုံတန်းဘေး လာထိုင်ပြီ မင်း ကျောသပ်ပေးတတ်တဲ့ ကြောင်ကလေးကို 
အခု ငါက ညည နှစ်ထပ်အိမ်လေးရဲ့ အပေါ်ထပ် ငါတို့အိပ်တဲ့ဆီ ချီချီပြီး ခေါ်လာရတာပေါ့
ပြီးခဲ့တဲ့ တစ်မိုးကျော်က မိုးတွင်ထဲ မိုးစဲနေပွင့်ရက်တွေမှာ ဒီကောင်ဟာ
အုတ်ခုံလေးမှာ ထိုင်ရင်း အုတ်ခုံဘေး ပန်းအိုးထဲက နှင်းဆီ ပွင့်ကလေးကို 
သုံးလေးရက် ဆက်ပြီး ငေးနေတာ ငါတွေ့လို့ သူ့ကို နှင်းဆီကြောင်လို့ နာမည်ပေးထားတယ်
နှင်းဆီကြောင်ဆိုပြီး သူ့အကြောင်းရေးတဲ့ကဗျာကို မင်းဆီ လှမ်းပို့ပေးချင်လိုက်တာ
ဒီမှာ မီးလျှံထဲ နှင်းဆီအစစ်တွေ ပွင့်တဲ့ အခါကောင်းကျရင်
မင်းရှိရင် ကောင်းမှာပဲလို့ ငါ လွမ်းလွမ်းဆွေးဆွေး တမိလိမ့်မယ်

မတ် ၈၊ ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar