နိုင်ငံတကာအမျိုးသမီးများနေ့နဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
မြန်မာနွေဦးခရိုနီကယ် - မတ် ၈ မြင်ကွင်း
(မိုးမခ) မတ် ၉ ၊ ၂၀၂၆
နိုင်ငံတကာအမျိုးသမီးများနေ့နဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်တာကြောင့် အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပေးမှု၊ နှိုးဆော်မှု အခမ်းအနားတွေ လုပ်ဆောင်ကြတဲ့နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လှုံ့ဆော်မှုတွေ အခုလို နိုင်ငံတကာ အမျိုးသမီးများနေ့မှာ နှစ်စဥ်လုပ်ဆောင်နေကျ ဖြစ်ပါတယ်။ အမျိုးသမီးအခွင့်အရေး နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်၊ ယဥ်ကျေးမှု၊ တရားဥပဒေ၊ ကိုးကွယ်ရာဘာသာ စတာတွေမှာ ဆိုးဆိုးဝါးဝါး ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ မရှိသည့်တိုင် အတိုင်းအတာတခုထိ ခွဲခြားဆက်ဆံမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဘာသာရေး အရသော်လည်းကောင်း၊ ရိုးရာထုံးထမ်းအစဥ်အလာတွေ အရသော်လည်းကောင်း အမျိုးသမီးတွေ အနေနဲ့ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး မရရှိတဲ့ ကိစ္စတွေ အခုအချိန်ထိလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
ဘုရားစေတီအချို့မှာ အမျိုးသမီးဝင်ခွင့် မရှိတာတွေက ဘာသာကိုးကွယ်မှုဆိုင်ရာပေါ် အခြေခံတာ ဖြစ်သလို၊ အမွေဆက်ခံမှု ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အခွင့်အရေးခွဲခြားမှုတွေက လူမျိုးနွယ်အလိုက်သော်လည်းကောင်း ဒေသအလိုက် ထုံးထမ်းအစဥ်အလာအရ သော်လည်းကောင်း ရှိနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာ၊ ရာထူး၊ ငွေကြေးအရ အမျိုးသမီးတွေကို အနိုင်ကျင့်တာ၊ ဖိနှိပ်တာ တန်းတူအခွင့်အရေး မပေးတာတဲ့ ဖြစ်ရပ်တွေ အခြေအနေတွေက အခြားသော နိုင်ငံတွေလိုပဲ မြန်မာ့လူမှုအဖွဲ့အစည်းမှာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ရာထူးအာဏာကို သုံးပြီးအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကာယိန္ဒြေပျက်ပြားစေတဲ့ လုပ်ဆောင်မှုတွေက ခေတ်တိုင်း စနစ်တိုင်းမှာ အနည်းနဲ့အများ ရှိနေကြတာလည်း ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ဆိုးရွားနေတဲ့ ယနေ့လို ကာလမျိုးမှာ လူမှုအသိုင်းအဝိုင်းတွေနဲ့ အလုပ်ခွင်တွေမှာ အဆိုပါ အဖြစ်အပျက်တွေက ပိုမိုဖြစ်ပွားလာကြတာလည်း ဖြစ်ပါတယ်။ တိုင်ကြားတဲ့ စနစ်တွေ ပျက်စီးလာတဲ့အနေအထား၊ အလုပ်မလုပ်ကြတော့တဲ့ အနေအထားနဲ့ ပြည်သူတွေ အနေနဲ့ အုပ်ချုပ်သူတွေကို မယုံကြည်ကြတော့တဲ့ နောက်ခံအခြေအနေတွေကလည်း အမျိုးသမီးအခွင့်အရေး ထိခိုက်မှုတွေကို ပိုပြီးဆိုးရွားစေပြန်ပါတယ်။
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေထဲ အဆိုးဆုံးလို့ဆိုရမယ့် ကိစ္စရပ်က မုဒိမ်းမှုဖြစ်ပါတယ်။ သာမန် အရပ်သားအချင်းချင်းအကြား ဖြစ်ပွားတဲ့ မုဒိမ်းမှု၊ လက်နက်ကိုင် အဖွဲ့ဝင်တွေက လက်နက်အားကိုးနဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်းမှာပဲ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုတွေလို့ အခြေအနေ အနေအထားမတူညီတာတွေကို ခွဲခြားပြောဆိုကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ကြားထဲ တနည်းအားဖြင့် စစ်ပွဲတွေကြားမှာ မုဒိမ်းမှုကို လက်နက်တရပ်သဖွယ် ကျူးလွန်ကြတဲ့ အဖြစ်တွေကလည်း လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာရော မကြာသေးတဲ့ ခေတ်ကာလတွေက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ အတွင်း ဖြစ်ပျက်ခဲ့တာပါ။
၁၉၉၀ ကျော် ခုနှစ်တွေအတွင်းက နဝတ/နအဖ စစ်အစိုးရခေတ် စစ်ဆင်ရေးတွေ အတွင်း ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအတွင်း စစ်အစိုးရတပ်တွေက မုဒိမ်းပြုကျင့်တာကို လက်နက်တရပ်သဖွယ် အသုံးချခဲ့ကြတဲ့အကြောင်း အမျိုးသမီးအခွင့်အရေး အဖွဲ့တွေက အစီရင်ခံစာတွေ ရေးသားဖြန့်ချိခဲ့ကြပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေကို တိုက်ခိုက်တာနဲ့ တပြိုင်နက် ဒေသခံ ကျေးရွာတွေက အရပ်သားအမျိုးသမီးတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတွေကို “License to Rape” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း အရှိန်နဲ့ တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးတောက်ထဲမှာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ တပါတည်း စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ မုဒိမ်းမှုတွေလည်း အရေအတွက်မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ ၄င်းတို့ကို ဆန့်ကျင်တိုက်ခိုက်တဲ့ PDF တွေ အခြေစိုက်တယ်လို့ ယူဆတဲ့ ကျေးရွာတွေကို ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ စစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ အဖြစ်အပျက်တွေ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေ သတင်းတွေထဲ မကြာခဏဆိုသလို တွေ့နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေး အင်အားစုဘက်က လက်နက်ကိုင် အဖွဲ့ဝင်တချို့ကလည်း လက်နက်အားကိုးနဲ့ အရပ်သားအပေါ် မုဒိမ်းကျင့်တာ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ် အလောင်းဖျောက်ဖျက်တဲ့ အဖြစ်အပျက်တွေလည်း ရှိလာနေတာပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းက ချောင်းဦးမြို့နယ်ထဲက ကျေးရွာတရွာမှာ PDF တပ်ဖွဲ့ဝင်တွေက ပလုံကောက်တဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေတချို့ကို ဒလန် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး မုဒိမ်းကျင့်ပြီး အလောင်းဖျောက်ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်နဲ့ပတ်သက်လို့ ဘယ်လို အရေးယူသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိကြရပါဘူး။
မြန်မာနိုင်ငံ အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းတခုက မကြာသေးခင် လပိုင်းအတွင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၅ နှစ်တာအတွင်း လိင်အကြမ်းဖက်မှုပေါင်း ၉၀၀ ကျော်ရှိပြီး အဲဒီကျူးလွန်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တာတွေ ပါသလို တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုတွေလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့တွေလို ကျေးရွာတွေကို ဝင်ရောက်တဲ့အခါမျိုးမှာ အဓမ္မပြုကျင့်တာမျိုး မရှိပေမဲ့ တစုံတရာ အကြောင်းတခုခုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အမျိုးသမီးတွေအပေါ်မှာ အာဏာလုပ်ပိုင်ခွင့်နဲ့ မုဒိမ်းမှုကျူးလွန်တဲ့ အဖြစ်အပျက် အချို့ဖြစ်ပွားလေ့ ရှိတာတွေ့ကြရမှာ ဖြစ်ပါတယ်။
လတ်တလော ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ မှာ ဖြစ်ပွားတဲ့ တပ်ဖွဲ့ဝင် အမျိုးသမီးအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုကို သုံးသပ်ကြည့်ရင် အာဏာ၊ လုပ်ပိုင်ခွင့်၊ လက်နက်နဲ့ အနိုင်ကျင့်တဲ့ မုဒိမ်းမှု ဖြစ်တာထင်ရှားပါတယ်။ ကျူးလွန်ခံရသူက တော်လှန်ရေး တပ်ဖွဲ့ဝင်ဖြစ်တာကြောင့် သာမန် အရပ်သားတွေ ထုတ်ဖော်မပြောဆိုရဲတဲ့ ကိစ္စမျိုးကို အသံထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာ အမျိုးသမီးများနေ့လိုမျိုးနဲ့ ယင်းမာပင် မြို့နယ်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေ၊ အမျိုးသမီးအခွင့်အရေး အဖွဲ့တွေရဲ့ တောင်းဆိုမှု ပေါ်ထွက်လာခြင်းဟာ ကံမကောင်းတဲ့ တိုက်ဆိုင်မှုတရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တင်မကပဲ ဖြစ်ပွားခဲ့ပြီးတဲ့ ဖြစ်ရပ်တွေရဲ့ တရားမျှတမှုရှိဖို့ အရေးယူ ဆောင်ရွက်မှုတွေနဲ့ အနာဂတ်မှာ ထပ်ကာထပ်ကာ မဖြစ်ပွားရအောင် လျင်မြန်စွာ အရေးယူတာ ထိရောက်တဲ့ အပြစ်ပေးမှုတွေ လုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar