Breaking News

မောင်လူမွှေး - ကျေနပ်တယ်



မောင်လူမွှေး - ကျေနပ်တယ်
(မိုးမခ) မတ် ၁၀၊ ၂၀၂၆


တောကျောင်းဆရာ၊ဆရာမ လင်မယားဖြစ်ကြတဲ့ မောင်လူမွှေးနှင့် မစ်(စ)မွှေး တို့အဖို့ တော်လှန်နယ်မြေက ပညာသင်နှစ်တစ်နှစ်တာ ကုန်ဆုံးခဲ့ပြီ။ ကြုံခဲ့ရတဲ့တစ်နှစ်တာကို ပြန်စဥ်းစားတိုင်း မောင်လူမွှေးတို့ ကျေနပ်ပီတိကို ခံစားရတယ်။ ဆုံးရှုံးတာတွေ ရှိခဲ့တဲ့တိုင် ကျေနပ်မှုကို ခံစားရတယ်။ ချမ်းမြေ့သုခဆိုတာ ရင်ထဲကလာတာ ဆိုတာ အမှန်ပါပဲ။

ပြီးခဲ့တဲ့ ပညာသင်နှစ်တစ်နှစ်တာအတွင်း အမှတ်တရရှိနေတဲ့ ဆုံးရှုံးမှုတွေက မောင်လူမွှေးနဲ့မစ်(စ)မွှေးတို့ရဲ့ ရင်သွေးဦးလေး လေယာဥ်ဒဏ်ကြောင့် ပျက်ကျခဲ့တယ်။ မောင်လူမွှေးရဲ့ ကျေးဇူးရှင် ဆရာကြီး ဆုံးပါးခဲ့တယ်။ မောင်လူမွှေးတပည့်ရင်းတစ်ယောက် တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ မောင်လူမွှေးစာသင်ပေးနေတဲ့ တပည့်တွေထဲက ငါးယောက် ကျောင်းထွက်သွားခဲ့တယ်။ အားကိုးရတဲ့ ဆရာမလေးတစ်ယောက် ကျောင်းကိုစွန့်ခွာသွားခဲ့တယ်။ ဒါတွေက စိတ်ထဲမှာ ရှိနေတဲ့ ဆုံးရှုံးမှုတွေထဲက တချို့ပါ။

မောင်လူမွှေးတို့ လုပ်ဆောင်နိုင်ခဲ့တာတွေကတော့ စစ်ရှောင်ကျောင်းတစ်ကျောင်းကို စတင်မတည် ဆောက်လုပ်တာကစ တစ်နှစ်တာလည်ပတ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ကျောင်းသူကျောင်းသားတွေအတွက် အားကစားကိစ္စလုပ်ဆောင်ပေးနိုင်ခဲ့သလို ဆရာဆရာမအနည်းငယ်ကိုလည်း ပညာပိုင်း၊ ငွေကြေးပိုင်း ထောက်ပံ့မှု ပေးနိုင်ခဲ့တယ်။

အမေရိကားက မောင်လူမွှေးဆရာတွေရဲ့ ကျေးဇူးနဲ့ စစ်ရှောင်ကျောင်းလေးကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေနှင့် ဆရာ၊ဆရာမလေးတွေကို ထောက်ပံ့မှုပေးနိုင်ခဲ့တယ်။ အဲ့ဒီပညာရေးအလှူနဲ့ဆက်စပ်ပြီး ကလေးတွေပညာတိုးတက်ရေးအတွက် မိဘဆရာတွေနဲ့ ဆွေးနွေးခွင့်တွေရခဲ့တယ်။ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်။ စိတ်ဓာတ်ခွန်အားတွေ ရခဲ့သလို ပေးလည်းပေးနိုင်ခဲ့တယ်။ အမေရိကားက ဆရာတို့ရဲ့ ကျေးဇူးကို မောင်လူမွှေးနှင့် မစ်(စ)မွှေးတို့က နှလုံးသားထဲကနေ လေးနက်နက် အောက်မေ့နေတယ်။

ဘာသာရပ်ဆရာအဖြစ် သင်ကြားပို့ချမှုမှာ ကိုယ့်ကို့ယ်ကိုယ်ကျေနပ်မှုတွေ အများဆုံးရခဲ့တယ်။ ဆိုင်ကယ်ဓာတ်ဆီဖိုးသာရှိတဲ့ ကျောင်းလခနဲ့ စာသင်ချိန်တွေကို နောက်မကျဘဲ ခြေလျင်သွားပြီး အချိန်မှန်ဝင်နိုင်ခဲ့တာကို နှစ်ယောက်လုံး ဂုဏ်ယူကြတယ်။ အချိန်ပိုတွေခေါ်သင်ပြီး ကလေးတွေတိုးတက်မှုကို တရိပ်ရိပ်ကြည့်ပြီး ပီတိကို ခံစားနိုင်ခဲ့တယ်။

မောင်လူမွှေး အင်္ဂလိပ်စာစသင်ခဲ့ရတဲ့ အတန်းဆို အလယ်တန်းရောက်နေပေမယ့် လွယ်ကူတဲ့ အင်္ဂလိပ်စကားလုံးတွေကိုတောင် အသံမထွက်တတ်ကြရှာဘူး။ တစ်နှစ်တာပတ်လုံး အင်္ဂလိပ်စာကြောင်းတွေ အသံထွက်ဖတ်တတ်ဖို့ပဲ ဦးစားပေးသင်ခဲ့ရတယ်။ တစ်နှစ်တာသင်ပြီးနောက် သူတို့ အင်္ဂလိပ်စာကို အသံထွက်ပြီး ဖတ်နိုင်လာကြသလို အဓိပ်ပါယျကိုလညျး နားလည်လာတယ်။ သူတို့လေးတွေ မထူးချွန်ကြသေးပေမယ့် မောင်လူမွှေး ကျေနပ်တယ်။

ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ မောင်လူမွှေးထက်အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်သူကတော့ မစ်(စ)မွှေးဖြစ်တယ်။ သူ့ကလေးတွေကို စာတော်အောင်သင်ပေးနိုင်ရုံတင်မက လွတ်လပ်စွာပြောရဲ၊ဆိုရဲ၊ တွေးရဲအောင်ပါ မစ်(စ)မွှေးက လေ့ကျင့် ပေးနိုင်ခဲ့တယ်။ ကလေးတွေနဲ့အတူ လက်တွေ့စမ်းသပ်ချက်တွေကိုလည်း အကောင်အထည် ဖော်လုပ်ဆောင်နိုင်ခဲ့ကြတာကို တွေ့ရတယ်။ တစ်နှစ်တာအတွင်း ကလေးတွေကို ပညာရေးမှာ စိတ်ပါဝင်စားအောင် ပြောင်းလဲပေးနိုင်တဲ့ ဆရာမဖြစ်လို့ ကျောင်းသားမိဘနှင့် ဆရာ၊ဆရာမတွေကြား သင်ကြားရေးမှာ မစ်(စ)မွှေးဟာ မောင်လူမွှေးထက် ဂုဏ်သတင်းကျော်ပါတယ်။ သူ့ကလေးတွေ စာမေးပွဲမှာ အားလုံး D အဆင့်ရရင်တောင် ကျေနပ်တယ်လို့ မစ်(စ)မွှေးက ပညာသင်နှစ်အပြီးမှာ ပြောခဲ့တာကို အမှတ်ရတယ်။

ပြန်စဥ်းစားကြည့်တော့ အံ့သြစရာ၊ တစ်ဘဝလုံးယူဆောင်သွားစရာတွေကို တွေ့ရတယ်။ မောင်လူမွှေးတို့နှစ်ယောက် စာသင်တာကို အားစိုက်ကြတဲ့အတွက် ထမင်းဟင်းကောင်းကောင်း ချက်ပြီး မစားနိုင်ကြတာတွေ၊ မနက်ပိုင်း ဆာလောင်မှုခံစားရတာတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ၊ နေ့စဥ်အခက်အခဲတွေ၊ လေယာဥ်လာရင်ပုန်းရ၊ ပြေးရလွှားရတာတွေ၊ စိတ်ထိခိုက်ခံစားရတာတွေ အများကြီးရှိခဲ့ပေမယ့် ပညာသင်နှစ်ကုန်တော့ စိတ်ထဲမှာပေါ်လာတဲ့ ခံစားမှုက " ကျေနပ်တယ်" ဆိုတာပဲဖြစ်တယ်။

ဘဝမှာ မေတ္တာနှင့် ပညာသုံးပြီး ကိုယ်တတ်စွမ်းနိုင်သမျှအထိ တာဝန်ကျေအောင် လုပ်ရင် ဘယ်လိုရလဒ်မျိုးဖြစ်ပါစေ ကျေနပ်စရာပါလားရယ်ဆိုတာကို ကိုယ်တွေ့သင်ခန်းစာ ကောင်းကောင်း ယူနိုင်ခဲ့ကြပြီဖြစ်တယ်။ အခုနွေရာသီမှာလည်း စိန်ခေါ်မှုတွေက စောင့်နေတယ်။ လာမယ့်ပညာသင်နှစ်အတွက် စိန်ခေါ်မှုတွေက ပိုကြီးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မောင်လူမွှေးတို့ကတော့ ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိအောင် လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ကျေနပ်မှု၊ ပျော်ရွှင်မှု အစစ်တွေဆိုတာ ရင်ထဲက လာတာ ဖြစ်ပါတယ်ခင်မျာ....။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar