Breaking News

ဖလော်ဒါဟန် - ရိုးသားမှုမှ ကြံ့ခိုင်သည့် စိတ်ဓာတ်ပိုင်ရှင်များ

ဖလော်ဒါဟန် - ရိုးသားမှုမှ ကြံ့ခိုင်သည့် စိတ်ဓာတ်ပိုင်ရှင်များ

မိုးမခ ၊ မတ် ၃ ၊ ၂၀၂၆


ဘဝမှာ အကြိုက်ဆုံးက မိမိလုပ်ချင်တာကို လုပ်ခွင့်ရနေခြင်းကို အကြိုက်ဆုံးပါ။

ဥပမာ - လွတ်လပ်စွာ တွေးမယ်၊ လွတ်လပ်စွာ စာရေးမယ်၊ လွတ်လပ်စွာ ဒေသခံတွေနဲ့ တွေ့ဆုံမယ်။

ကျွန်မအတွက် စက်ဘီးတစ်စီး၊ ခမောက်တစ်လုံး၊ ဖျင်အင်္ကျီတစ်ထည်သည် လူထုကြား တိုးဝင်ဖို့ လုံလောက်သည့် ပြင်ဆင်မှုပါ။

ယခင်အချိန်က လူနေမှုဘဝသည် ဟန်ဆောင်မှုများနဲ့ လူလုပ်ရသည်။ ယနေ့အချိန်သည် ဟန်ဆောင်မှု ကင်းမဲ့စွာနဲ့ ဘဝကို ဖြန့်ကျက်နိုင်သည်။

လူတစ်ယောက်အတွက် အမြင့်ပျံပြီးချိန်မှာ အနိမ့်မှာနေရသည်က ပို၍ ခက်ခဲသည်။ သင်ခန်းစာနဲ့ အလေ့အကျင့် များစွာကို ဖြတ်သန်းရသည်။

ရာသီအလိုက် တပေါင်းလရဲ့ နွေဦးရာသီသည် အပူနှင့် အအေး မမျှတပါ။ မမျှတသည့် လူနေထိုင်မှုမှာ ကျွန်မတို့နေတဲ့ ရပ်ရွာဒေသတွေမှာတောင် ၅ ရက်လောက် အစိမ်း၊ အပြာ၊ အဖြူ ယူနီဖောင်းမျိုးစုံ သေနတ်ထမ်း လမ်းလျှောက်နေကြသည်ကို မြင်နေရသည်။ လုပ်ငန်းတွေ အားလုံးနီးပါး ရပ်ထားကြသည်။

ရပ်၍မရသည့် လစဉ် ဆေးသောက်နေသည့် မိတ်ဆွေတစ်ယောက်ကို မနေ့က တောင်ပေါ်ကို ပါဆယ်ကား တင်ပေးခဲ့ရာ ပုံမှန်ပေးနေကျထက် တဆပိုသွားသည်။

ယနေ့အချိန် အမြင်မတော်သည့် လမ်းဘေး အမှိုက်ပုံကြီးသည် နေ့မြင်ညပျောက် ဖြစ်သွားသည်။ လူကြီးခရီးစဉ်ကြောင့် ပလက်ဖောင်း ဈေးသည်တွေ ပုန်းကွယ်နေကြရသည်။

ပုန်းကွယ်မနေသည်မှာတော့ လိမ်ညာနေသည့် ငွေလိမ်အဖွဲ့ကလည်း လိမ်လို့ရသလောက် ရနိုင်သည့်ဘက်မှ တစ်ကျပ်တစ်ပြားကစလို့ လိမ်နေကြသည်။ မြန်မာပြည်သူတွေအတွက် ကျားဖြန့် ငွေလိမ်ဂိုဏ်းသည် အထူးသတိထားရမည့် အဖွဲ့အစည်းကြီး ဖြစ်သည်။

မိမိပိုက်ဆံဖြင့် အွန်လိုင်းမှ မည်သည့်ပစ္စည်းမှ မဝယ်မိဖို့ အထူးသတိထားကြပါ။ ပေ့ချ်အတုများလုပ်၍ လိမ်လည်နေသူ များစွာရှိကြသည်ကို အထူးဂရုပြုရမည်ဖြစ်သည်။

စနစ်မကောင်းသည့်ခေတ်မှာ မကောင်းသည့်အလုပ်ကို လုပ်၍ ငွေရှာခြင်းသည် လွယ်ကူလှပါသည်။ ဒါကို မည်သည့်အဖွဲ့အစည်းကမှ မတိုက်ဖျက်နိုင်ပါ။ ပြည်သူတွေ အလိမ်ခံနေရသည်။

အမေလူထုဒေါ်အမာသာ ရှိခဲ့ပါရင် "အမေ့တို့ခေတ်ကနဲ့ မတူတာတော့ အမှန်ပဲ" ဆိုသည့် စကားကို ဆိုပါလိမ့်မည်။

သတင်းဆောင်းပါးကောင်းလေးတစ်ပုဒ်အဖြစ် ပြည်သူများကို သတိပေးနိုင်မည်ဖြစ်သည်။ စနစ်မကောင်းသည့်အတွက် ပြည်သူတွေအတွက် သင်ခန်းစာတွေ အများကြီးပါ။

ပြည်သူတွေ မအပါနဲ့။ သတိနဲ့အသိကို ဖြန့်ကြက်ထားကြပါ။

ကျွန်မရဲ့ လွတ်လပ်ခြင်းမှာ တခါတခါ မိမိလုပ်ချင်သည့် အလုပ်ကို လုပ်ခွင့်ရနေခြင်းကလည်း ဘဝရဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာများ ဖြစ်ခဲ့ရပါသည်။

'စီ' များကို ကျွန်မ လေးစားသည်၊ အားကျသည်။ စိတ်ထားရှင်း၍ ရိုးသားမှုအောက်မှာ ဘဝကို ရပ်တည်ကြသည်။ စိတ်ဓာတ် ကြံ့ခိုင်သည့် ပိုင်ရှင်များသည် 'စီ' များဖြစ်ကြသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar