ကိုသန်းလွင် - မမြင်ရသော ပုံရိပ်များ
ကိုသန်းလွင် - မမြင်ရသော ပုံရိပ်များ
မိုးမခ ၊ မတ် ၃ ၊ ၂၀၂၆
(၁)
ယနေ့နံနက်က သင် စားခဲ့ရသော နံနက်စာ ကိုစဉ်းစားကြည့်ပါ။ ကော်ဖီခွက်ပေါ်တွင်ရှိသော ရုပ်ပုံကို သင် မှတ်မိပါသလား၊ သို့မဟုတ် သင် စားခဲ့ရသောပေါင်မုန့်သည် စက်ပေါ်တွင် အကြာကြီးထားသောကြောင့် မည်းနေသည်ကို သင့်စိတ်ကူးဖြင် တွေးမြင်ကြည့်နိုင်ပါသလား။
လူအတော်များများက ဤပုံစံကို ပြန်ပြောင်းစဉ်းစားကြည့်နိုင်ကြပါသည်။ သို့သော် လူအားလုံး၏ ၄% မှာ ဤသို့ ပုံစံဖော်၍ ကြည့်နိုင်စွမ်း အားနည်းနေခြင်းသော် လည်းကောင်း၊ လုံးဝပုံဖော်မကြည့်နိုင်ဘူးသော် လည်းကောင်း ဖြစ်တတ်ပါသည်။ သုတေသနလုပ်သူ အများစုက ပြောကြသည်မှာ လူတို့အား အတိတ်မှ ပုံရိပ်ကို ဖော်ကြည့်ခိုင်းသောအခါ သူတို့သည် ထိုသို့ မတတ်နိုင်ကြောင်း ထိုပုံရိပ်ကို ဖော်ပြရန် စကားလုံးများလည်းမရှိ၊ ပုံရိပ်သည် အမည်း သို့မဟုတ် ဗလာသက်သက် ဖြစ်နေတတ်ပါသည်။
(၂)
သြစတြေးလျတက္ကသိုလ်မှ ရှိင်း (Mac Shine) သည် ဤသို့ပုံဖော်ခြင်းနှင့် ပတ်သက်၍ တစုံတရာမှားယွင်းနေကြောင်းကို ၂၀၁၃ ခုနှစ်က သတိထားမိခဲ့သည်။ သူနှင့် မိတ်ဆွေများသည် (hallucination) ခေါ် မြင်ချင်ရာမြင်၍ ပုံဖော်နေခြင်းများ၊ ထိုပုံရိပ်များ ထင်ခြင်း၊ မထင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးမိကြသည်။
“ကျွန်တော် မျက်လုံးပိတ်ပြီး စဉ်းစားတဲ့အခါ ဘာပုံမှပေါ်မလာဘူး” ဟု ဆိုသည်။ ဤသို့ ပုံပေါ်မလာရခြင်း ကို ဘယ်သောအခါမှ သူတို့ မဆွေးနွေးကြဟုဆိုသည်။ သူတို့သည် ကျောင်းမှစိတ်ပညာအကြောင်း ဆွေးနွေးပွဲများ၊ ဆောင်းပါး၊ စာစီစာကုံးများတွင် တခါမှ မကြုံရဘူးဟု ဆိုသည်။
လူတို့သည် “ပုံဖော်နိုင်ခြင်း” နှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး မတူညီကြခြင်းကို သိကြသည်မှာ နှစ်ပေါင်း ရာချီ၍ကြာခဲ့ပါပြီ။ အချို့လူများသည် မြင်ဖူးခဲ့သည့် ရုပ်ပုံလွှာကို ပန်းချီနှင့်ပုံဖော်ကြရာတွင် အလွန်ကောင်းမွန်သော ပုံများကို ရကြသလို အချို့လူများမှာ ခပ်ညံ့ညံ့ပုံစံမျိုးသာ ရကြသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလရောက်မှ စာတမ်းတစ်စောင်တွင် အဖန်တေးရှား (Aphantasia) ဆိုသော စကားလုံးကိုတွေ့မှ အချို့လူများတွင် ပုံဖော်နိုင်စွမ်းမရှိကြောင်း သိလာကြသည်။
ထိုအချိန်မှစ၍ အဖန်တေးရှား ဆိုသော စကားလုံးသည် စိတ်ပညာတွင် အရေးကြီးဆုံးစကားလုံးတစ်ခု ဖြစ်လာခဲ့သည်။ ထိုမှတဆင့် စင်နက်သီးရှား (Synaesthesia) ဆိုသော လူတို့တွင် အကြားအာရုံမှ အရောင်များကို ခံစားသိရှိနိုင်ပုံကို သိလာကြသည်။ အာရုံခံအင်္ဂါများ X- Talk ခေါ် တစ်ခုနှင့်တစ်ခု ရောထွေးခြင်းများ ဖြစ်ကြသည်။ အချို့သည် ပရိုဆိုပဂနိုရှား (Prosopagnosia) ခေါ် မျက်နှာများကို ခွဲခြားနိုင်စွမ်းမရှိပုံ တို့ကိုသိလာကြ သည်။ အဖန်တေးရှား က သုတေသနလုပ်စရာ နယ်ပယ် များစွာကို ပွင့်လာစေခဲ့ပါသည်။
ထိုလူများ၏ အပြုအမူတွင် ထိုသို့ချို့ယွင်းချက်များကြောင့် လူတွင်မည်သို့ထိခိုက်မှုရှိပုံကိုလေ့လာ ရန် ဖြစ်သည်။ လွန်ခဲ့သော ၅ နှစ်အတွင်း ထိုသူတို့၏ ဦးနှောက်တွင်ရှိသော ထူးခြားမှုများကိုလေ့လာခဲ့ကြသည်။ စိတ်တွင်ထိုပုံရိပ်များ မည်သို့ပေါ်ပေါက်လာပုံ၊ ထိုပုံရိပ်များ၏ အသုံးဝင်ပုံ၊ နှင့် ၎င်းတို့သည် လူ၏ အသိဉာဏ် (Consciousness) နှင့် မည်သို့ ဆက်စပ်နေပုံတို့ကို ဆွေးနွေးလျက်ရှိကြသည်။
အသိဉာဏ်ဆိုင်ရာ နျူရိုသိပ္ပံပညာရှင် ကေဘီ (Giulia Cabbai) သည် ၂၀၁၅ ခုနှစ်က အဖန်တေးရှား အကြောင်းကို အံ့သြထိတ်လန့်ဖွယ်ရာ တွေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်တွင် ဖြစ်ပေါ်လာသော ပုံရိပ်များမှာ များစွာထင်ရှားလှသောကြောင့် ဖြစ်၏။ ထိုသို့ ဖြစ်နေခြင်းကို ဟိုက်ပါဖန်တေးရှား (Hyperphantasia) ဟု ခေါ်သည်။ ထိုထင်ရှားလှသော ပုံရိပ်များကြောင့် သူ့စိတ်ခံစားချက် စိတ်ထိခိုက်ရပုံ၊ ခံယူချက်၊ မှတ်ဉာဏ်နှင့်ပတ်သက်၍ အဖန်တေးရှား ဖြစ်နေသူ၏ စိတ်ခံစားမှုများကို တွဲဖက်လေ့လာရန် ဖြစ်လာသည်။
အီဒင်ဘတ်တက္ကသိုလ်မှ ဇီးမန်း (Adam Zeman) သည် အဖန်တေးရှား ၏အကြောင်းကို ၂၀၀၃ ခုနှစ်မှ စတင်လေ့လာခဲ့ပါသည်။ သူ တွေ့ခဲ့ရပုံမှာ သာမာန် နှလုံးခွဲစိတ်ကုသခံရသော လူနာတစ်ယောက်သည် ပထမ သူ့စိတ်ခံစားချက်မှာ အဆင်ပြေသလို ရှိသော်လည်း သူ၏ရုပ်ပုံလွှာများကို ဖန်တီးစဉ်းစားနိုင်စွမ်း မရှိတော့ကြောင်း သိလိုက်ရသည်။ သူ့ဦးနှောက်ကို လေ့လာကြည့်သောအခါ စိတ်ကူးနှင့် ပုံဖော်သောအခါ လင်းနေကျ နေရာတွင် အလင်းရောင်မရှိတော့ကြောင်း သိလိုက်ရသည်။ ဤကဲ့သို့ ပုံမဖော်နိုင်သော်လည်း ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား တွင် အရောင်မှိန်သော မျက်လုံးများရှိကြောင်းနှင့် စိတ်ကူးနှင့်မမြင်ရသော ပုံများကို တပတ်လှည့်ကြည့်ရသော ပဟေဠိများကို ဖြေဆိုနိုင်သည်။ ၂၀၁၀ ပြည့်နှစ် ဒေါက်တာ ဇီးမန်း ရေးသော ရီပို့တွင် သူ့ကဲ့သို့ ချို့ယွင်းနေသူပေါင်း လူ ၂၀ ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။ သူတို့သည် တသက်တာလုံး ရုပ်ပုံကို ပုံဖော်၍မကြည့်ခဲ့သူများ ဖြစ်သည်။
အဖန်တေးရှားသည် ၂၀၁၅ ခုနှစ်က သူ ပေးခဲ့သော နာမည်ဖြစ်ပြီး အရစ္စတိုတယ်၏ “စိတ်မျက်လုံး” (phantasia) ကို ရှေ့တွင် A ကို ရေးထည့်ထားခြင်း ဖြစ်သည်။ “စိတ်မျက်လုံးမရှိသူ” ဟု အဓိပ္ပာယ်ရသည်။ အရစ္စတိုတယ်က တွေးခေါ်ခြင်းတွင် ရုပ်ပုံများ လိုသည်ဟု ပြောခဲ့သည်။ ဒေါက်တာ ဇီးမန်းက သတင်းစာတွင် ရေးသောအခါ သူ့ကို လူ ၂၀၀၀၀ ကျော်က ဆက်သွယ်၍ သူတို့မှာလည်း ရုပ်ပုံကို စိတ်ကူး၍မရကြောင်း ပြောကြသည်။ ဒေါက်တာ ဇီးမန်းက ထိုအဖြစ်ကို ရောဂါချို့ယွင်းချက်ဟု မယူဆဘဲ သူတို့၏အမြင်နှင့်ပတ်သက်၍ ထူးခြားသော အတွေ့အကြုံရှိသူများဟုသာ ဖော်ပြခဲ့သည်။ အဖန်တေးရှား ရှိသော လူများတွင် စိတ်မှကြားနိုင်ခြင်း စသော ဂုဏ် ရည်များလည်း ချို့ယွင်းနေကြောင်း တွေ့ရသည်။ အချို့ လူသာမန်တို့တွင် သီချင်းတစ်ပုဒ်ကို စဉ်းစားကြည့်ပါက သီချင်းသံကို စိတ်မှ ကြားနိုင်သည်။ ထို အဖန်တေးရှားလူတို့သည် အိပ်မက် မက်သော် ရုပ်ပုံများကို တွေ့နိုင်ပြီး အချို့ကလည်း မတွေ့ကြရဟုဆိုသည်။ အဖန်တေးရှားဖြစ်သူတို့တွင် ဂျင်းနှင့်ပတ်သက်၍ မျိုးရိုးလိုက်သူများကိုလည်း တွေ့ရသည်။ သင့်ဆွေမျိုးထဲတွင် ထိုလူမျိုးတစ်ယောက် ရှိပါက သင့်တွင်လည်း ဖြစ်နိုင်ခြေမှာ ဆယ်ဆမျှ တိုးတက်သွားသည်။
လူ့အပြုအမူဆိုင်ရာတို့တွင် အဖန်တေးရှား ဖြစ်သူနှင့် မဖြစ်သူတို့တွင် ကွဲပြားမှုမရှိဘဲ လူတို့၏ ဖန်တီးနိုင်စွမ်း (creativity) တွင်မူ ကွဲပြားနိုင်သည်။ အိမ်၏ ဧည့်ခန်းပုံကို ဆွဲရာတွင် သာမန်လူတို့ကသူ့နေရာနှင့်သူ စားပွဲ၊ တီဗွီတို့ကို နေရာချနိုင်သော်လည်း အဖန်တေးရှားလူတို့ကမူ လေးထောင့်ကွက်များသာ ဆွဲနိုင်စွမ်းရှိသည်ကို တွေ့ရသည်။ အဖန်တေးရှား ဖြစ်နေသူတို့က ယမန်နှစ် တွေ့ဆုံပွဲတွင် ဝတ်ခဲ့သည့် အင်္ကျီဝတ်စုံကို မပြောနိုင်ဘဲ သာမန် လူတို့ကမူ အပြာရောင်ဂါဝန်ရှည်ကို ဝတ်လာသည်ဟု ပြောနိုင်ကြသည်။
အဘီယာ (Thomas Ebeyer) ဆိုသူက အဖန်တေးရှား နတ်ဝပ်ကို ထူထောင်ရန် ဝက်ဆိုဒ်တစ်ခု ဖွင့်ခဲ့ရာ ကမ္ဘာတဝန်းမှ ဤအခြေအနေရှိသူများကို ဆက်သွယ်ရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့က သူတို့အတွေ့အကြုံကို ပြောပြကြရာ လူတစ်သိန်းခွဲတွင် လူပေါင်း ၂၀၀၀၀ က သူတို့တွင် ဤအခြေအနေရှိကြောင်းကို ပြောပြကြသည်။ နိုင်ငံပေါင်းစုံမှ လူများဖြစ်ပြီး မာဒါဂက်စကား၊ တောင်ကိုရီးယားနှင့် ကယ်လီဖိုးနီးယားမှ လူပေါင်းများစွာက ဆက်သွယ်ခဲ့ကြသည်။
ဒေါက်တာဇီးမန်းက ပြောကြားရာတွင်လူပေါင်း ၂ ဒသမ ၆ % မျှသော လူများသည် ဟိုက်ပါဖန်တေးရှား ဖြစ် ပြီး ၀ ဒသမ ၇ %မှာ အဖန်တေးရှား ဖြစ်နေကြသည်ဟု ဆိုသည်။ သူ၏ဆာဗေးမှ ထပ်မံသိလာရသည်များမှာ အဖန်တေးရှားသည် မြင်ခြင်းအပြင် အခြား ခံစားမှုများသို့ပါ ကူးပြောင်းသွားနိုင်ကြောင်း တွေ့ရသည်။ သင် ကြိုက်သော သီချင်းတစ်ပုဒ်ကို နားထောင်ကြည့်ပါဆိုလျင် သူတို့စိတ်တွင် ထိုသီချင်းသကိုကြားယောင်သည်။
ဒေါက်တာပီယာဆန် (Dr. Pearson) ဆိုသော ဆရာဝန်ကမူ လူတို့၏မျက်စေ့တွင်ရှိသော သူငယ်အိမ် (pupil) က အလင်းရောင်နှင့်တွေ့လျှင် ကျဉ်းမြောင်းသွားပုံကို လူများတွင် စမ်းသပ်ကြည့်သည်၊ လူသာမန်တို့တွင် အဖြူရောင်တြိဂံ၏ပုံကို စဉ်းစားကြည့်ပါဆိုလျင် သူတို့၏ သူငယ်အိမ်သည် ကျဉ်းမြောင်းသွားသည်။ အဖန်တေးရှား ရှိသူတစ်ယောက်တွင်မူ သူတို့၏သူငယ်အိမ်မှာ ပြောင်းလဲမှုမရှိကြောင်း တွေ့ရသည်။ တဖန် အရေပြားသည် ကြောက်စရာ လန့်စရာများနှင့်တွေ့လျှင် ပိုမို၍ လျှပ်စီးကြောင်း ပိုစီးနိုင် (Conductive) လာသည်။ လျှပ်စစ်စီးကြောင်း စီးရန် လွယ်ကူလာသည်ဟု ဆိုသည်။ သို့သော် အဖန်တေးရှား ရှိသည့်လူတွင်မူ ဤသို့ပြောင်းလဲမှုမရှိကြောင်း တွေ့ရသည်။ စိတ်မျက်စိသည် လူတို့၏ နှလုံးသားရေးရာ ချဲ့ကားနိုင်မှု (Emotional amplifier) ကဲ့သို့ ဆောင်ရွက်ကြောင်း တွေ့ရသည်။ လူတို့၏ အပေါင်းလက္ခဏာဆောင်သော ခံစားချက်များပင် ဖြစ်စေ၊ အနုတ်လက္ခဏာဆောင်သော ခံစားချက်များဖြစ်စေ အဖြစ်အပျက်ကို ပိုမို၍ ချဲ့ကားစေသည်။ အဖန်တေးရှား ရှိသူ တစ်ယောက်အတွက်မူ မည်သို့မှထူးခြားမှုမရှိကြောင်း တွေ့ရသည်။
(၃)
ချားလ်ဒါဝင်က ရေးသားခဲ့ရာတွင် သူသည် ဟိုက်ပါဖန်တေးရှား ဖြစ်ကြောင်း သိသာသည်မှာ မနက်ထမင်း စားပွဲက အတွေ့အကြုံကို ဓာတ်ပုံကို ရှေ့တွင် ထောင်ထားသကဲ့သို့ မြင်ရကြောင်း ရေးသားထားခြင်းပင် ဖြစ်သည်။
ကင်း (Glen Keane) သည် ဝေါ့ဒစ်စနေစတူဒီယိုတွင် ကာတွန်းရေးဆွဲသူတစ်ဦး ဖြစ်ပြီး ကာတွန်းစိတ်ကူးများကို တွေးတောမှုကို သူ့လက်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စိတ်ထက် လက်ကို ဦးစားပေး ဖော်ပြခဲ့သည်။ ဘင်တာ (Craig Venter) မှာ အဖန်တေးရှားဖြစ်နေပြီး သူ့စိတ်ကူးထဲတွင် ရုပ်ပုံမပေါ်သောကြောင့် စိတ်ကို အနှောင့်အယှက် ဖြစ်စေမည့် ပုံတူများကို မမြင်ရသည့်အတွက် သူ စဉ်းစားလိုသည်များကို ကောင်းကောင်းစဉ်းစားနိုင်သည်ဟု ဆိုခဲ့သည်။
ကိုသန်းလွင်
Ref:The people with no mind’s eye By Elizabeth Quill, Nature 5 February 2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar