Breaking News

တပေါင်းလပြည့်နေ့/တောင်သူလယ်သမားနေ့မှာ နိုင်ငံရေးအကျဥ်းသား ထောင်ကျော် လွတ်ငြိမ်းခွင့် ကြေညာ


မြန်မာနွေဦးခရိုနီကယ် - မတ် ၂ မြင်ကွင်း

(မိုးမခ) မတ် ၃ ၊  ၂၀၂၆


တပေါင်းလပြည့်နေ့/တောင်သူလယ်သမားနေ့မှာ နိုင်ငံရေးအကျဥ်းသား ထောင်ကျော် လွတ်ငြိမ်းခွင့် ကြေညာ

ဗုဒ္ဓဘာသာဝင်တွေ နေ့ထူးနေ့မြတ်ရက်လို့ သတ်မှတ်ကြတဲ့ တပေါင်းလပြည့်နေ့နဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတဲ့နေ့ကို တောင်သူလယ်သမားနေ့ အဖြစ်သတ်မှတ်တဲ့ မတ်လ ၂ ရက်နေ့တို့ တရက်ထည်းတိုက်ဆိုင်တဲ့နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ကာ/လုံကောင်စီ ရဲ့အမိန့်နဲ့ နိုင်ငံရေးအကျဥ်းသား ၇၃၃၇ ဦး နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ၅၂ (က) တို့နဲ့ အမှုဖွင့်ထားခံထားရသူ ၁၂၀၀၀ ကျော်၊ ရင်ဆိုင်နေဆဲ အမှု ၉၅၀၀ ကျော်ကို ပိတ်သိမ်းလိုက်တယ်လို့ ယနေ့ နံနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်မှာ မကြာခဏ လွတ်ငြိမ်းခွင့်ကြေညာခဲ့ပေမယ့်လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ အခြားသော ပုဒ်မတွေကိုသာ အကျုံးဝင်စေခဲ့ပြီး အခုတကြိမ်လွတ်ငြိမ်းခွင့်ကြေညာရာမှာတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ချခံထားရသူ၊ အမှုရင်ဆိုင်နေသူတွေကို ပထမဆုံးအကြိမ် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ 

အခုလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ ထောင်ချခံထားရသူ တရားစွဲဆိုခံနေရသူတွေကို လွတ်ငြိမ်းခွင့်မှာ အဓိကအုပ်စုအဖြစ် ထည့်သွင်းတာရဲ့ရည်ရွယ်ချက်ဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးအရ ဖိအားပေးမှုတွေကို လျော့ပါးစေဖို့ နဲ့ စစ်တပ်က ကြီးကြပ်ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး လက်နက်ကိုင်နည်းလမ်းနဲ့ ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အင်အားစုတွေကို အားလျော့လာစေဖို့ ရည်ရွယ် လုပ်ဆောင်တာမျိုး၊ အလယ်အလတ်လမ်းကြောင်း မြေပေါ်နိုင်ငံရေး လမ်းကြောင်းဘက်ဆီ ယိမ်းလာစေဖို့ ရည်ရွယ်ချက်တွေ ရှိကောင်းရှိနေလိမ့်မယ်လို့ မှန်းဆရပါတယ်။ 

မတ်လ ၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွေကို ကြည့်ရင် အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေထဲက ၅၀ (ည) နဲ့ ၅၂ (က) ကိုသာ သတ်သတ်မှတ်မှတ်ထည့်သွင်းထားပြီး စစ်အာဏာသိမ်းပြီးခါစနှစ်တွေက ရန်ကုန်မြို့နဲ့ အခြားသောမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်သူတွေကို အကျုံးမဝင်အောင် ရည်ရွယ်ထားတယ်လို့ ယူဆရပြီး လက်နက်ကိုင်လှုပ်ရှားမှု၊ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေကို ငွေကြေးအားဖြင့် ထောက်ပံ့ပေးသူ၊ လှုပ်ရှားမှု သတင်းဖြန့်ဝေပေးသူတွေ၊ တိုက်ခိုက်မှုတွေနဲ့ နီးစပ်တဲ့ သူတွေကိုသာ လွတ်ငြိမ်းခွင့်ထဲ ပါဝင်အောင် ရည်ရွယ်ထားတာ ထင်ရှားနေပါတယ်။ 

NLD ပါတီခေါင်းဆောင်တွေထဲက နေပြည်တော် ကောင်စီ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ ဗိုလ်မှူးချုပ်ဟောင်း ဦးမင်းသူ နဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဟောင်း ဒေါ်မိုးမိုးစုကြည်တို့ လွတ်မြောက်လာကြပါတယ်။ နေပြည်တော် အကျဥ်းထောင်က လွတ်လာတဲ့ ဒေါက်တာ မျိုးအောင်နဲ့ ဦးမင်းသူကို ထုတ်ပြန်ကြေညာချက်ထဲက အကြောင်းအရာပုဒ်မနဲ့ မသက်ဆိုင်ပေမဲ့ စစ်အစိုးရက သီးခြားအမိန့်ထုတ်ပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အခြား ကျောင်းသားသမဂ္ဂ နဲ့ သပိတ်ခေါင်းဆောင် လူငယ်တချို့လည်း မတ်လ ၂ ရက်နေ့ လွတ်ငြိမ်းခွင့်မှာ ပါဝင်လာတာကို သတင်းတွေအရ သိရှိရပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ လွတ်ငြိမ်းခွင့် ကြေညာချက်တွေမှာ ပါဝင်တဲ့ အရေအတွက်တွေက မယုံကြည်ရတာမို့လို့ နိုင်ငံရေးအကျဥ်းသား အခွင့်အရေး စောင့်ကြည့်တဲ့အဖွဲ့တွေ အနေနဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့ အဆိုပါပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ ၇၃၃၇ ဦး ပြည့်ရဲ့လား ဆိုတာ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ မတ်လ ၂ ရက်နေ့ လွှတ်ပေးတဲ့ ကိန်းဂဏန်းတွေအရတော့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်က ၁၈၉၅ ဦး အတည်ပြုထားတာ တွေ့ရပါတယ်။ 

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကတော့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ ၂၃၀၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် အဆိုပါ ကိန်းဂဏန်းတွေက လက်ရှိ အနေအထားမှာ ဘယ်လောက်တိကျမှု ရှိ နိုင်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနိုင်တာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းတို့ စိတ်တိုင်းကျ စီစဥ်လုပ်ဆောင်ပြီး ၄င်းတို့ထွက်စေချင်တဲ့ ရလဒ်အတိုင်း ထွက်အောင် လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၁ လ ကျော်အကြာမှာ အခုလို ထောင်ဂဏန်းနဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးလိုက်ခြင်းဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲပြီးကာလ ၂၀၁၁ နဲ့ ၂၀၁၂ မှာ နိုင်ငံရေးအကျဥ်းသားတွေ ရာထောင်ချီပြန်လွှတ်ပေးပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရရှိအောင် ကြိုးပမ်းမှုနဲ့ အသွင်သဏ္ဍာန်တူတယ်လို့ နိုင်ငံရေး ပညာရှင်တချို့က သုံးသပ်ကြပါတယ်။ ၂၀၁၁/၂၀၁၂ တုန်းက လုပ်တဲ့ ပုံစံမျိုး ထပ်တူလိုက်လုပ်ပေမယ့် ရရှိမယ့်ရလဒ်က မတူနိုင်ဘူးလို့လည်း အဆိုပါ ပညာရှင်က သုံးသပ်ပါတယ်။ 

အဲဒီအချိန်က နိုင်ငံရဲ့ အနေအထားက အခုလို လက်နက်ကိုင် ပဋိပက္ခတွေ နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ အနေအထားမရှိသလို ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရက နိုင်ငံရဲ့ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်တာ၊ ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းအကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကနေ လွှတ်ပေးခဲ့ပြီး နိုင်ငံတကာရဲ့ ယုံကြည်မှုကို အတိုင်းအတာတခုထိ ရယူနိုင်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းက နိုင်ငံရေးအသိုင်းအဝိုင်းတချို့က အဲဒီကာလက ဦးသိန်းစိန် အစိုးရရဲ့ ဖြေလျှော့မှုတွေကို တစုံတရာ သံသယရှိသည့်တိုင် အပြုသဘောဘက်က ရှုမြင်ခဲ့ကြတဲ့ အနေအထား ၊ စစ်အုပ်ချုပ်ရေး နဲ့ အုပ်ချုပ်နေတဲ့ နယ်မြေတွေ မရှိတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ 

အခု ၂၀၂၆ ခုနှစ် အနေအထားကတော့ နိုင်ငံရဲ့ နယ်မြေ ၄၀ ရာနှုန်းကနေ ၆၀ ဝန်းကျင်လောက်အထိ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်လွှမ်းမိုးနိုင်ခြင်း မရှိတဲ့အနေအထား၊ မလွှမ်းမိုးနိုင်တဲ့ နယ်မြေတွေ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ နယ်မြေတွေထဲက ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားချိန်၊ ပြည်တွင်းစစ်မီး အရှိန်အဟုန်နဲ့တောက်လောင်နေတာ ၅ နှစ်နီးပါးရှိနေချိန်မျိုးမှာ ပြန်လည် ရင်ကြားစေ့ရေးလို၊ မြေပေါ်နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ဖိတ်ခေါ်မှုတွေက ဆွဲဆောင်နိုင်ခြင်း မရှိမယ့် သဘောဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေး အကျဥ်းသားတွေ ထောင်ဂဏန်းမျှ လွတ်မြောက်လာခြင်းက ဘာပဲဖြစ်ဖြစ် ဝမ်းမြောက်စရာ၊ မြန်မာ့နိုင်ငံအနာဂတ်အတွက် အဆိုးတွေကြားထဲက ကောင်းတဲ့ အကွက်တကွက်ဖြစ်ပေမယ့်  အကောင်းမြင်တဲ့ စိတ်၊ အမြင်တွေ လွန်မသွားစေဖို့တော့ သတိကြီးစွာ ထားရမယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar