မန္တလေးတိုင်းထဲက PDF ထိန်းချုပ်ထားတဲ့ တကောင်းမြို့ လက်လွှတ်လိုက်ရ
မြန်မာနွေဦးခရိုနီကယ် - မတ် ၁၀ မြင်ကွင်း
(မိုးမခ) မတ် ၁၁ ၊ ၂၀၂၆
မန္တလေးတိုင်းထဲက PDF ထိန်းချုပ်ထားတဲ့ တကောင်းမြို့ လက်လွှတ်လိုက်ရ
မန္တလေးတိုင်းထဲက PDF တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ အနက်က နောက်ဆုံးမြို့တမြို့ဖြစ်တဲ့ တကောင်းမြို့ကို မတ်လ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပြန်လည်ထိန်းချုပ်လိုက်တဲ့အကြောင်း သတင်းဌာနအချို့က ရေးသားဖော်ပြထားကြပါတယ်။ Mandalay PDF လို့ အမည်ပေးထားတဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့က မန္တလေးတိုင်းရဲ့ မြောက်ဘက် ဧရာဝတီမြစ်နဲ့ ယှဥ်လျက် တည်ရှိတဲ့ မြို့တွေဖြစ်တဲ့ တကောင်း၊ သပိတ်ကျဥ်း၊ စဥ့်ကူး၊ မတ္တရာမြို့တွေကို ၂၀၂၃ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း သိမ်းယူထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြေပုံမှာ တကောင်းမြို့နယ်က အပေါ်ဆုံးဖြစ်သလို မတ္တရာမြို့နယ်က မန္တလေးမြို့ မရောက်မီ အောက်ဘက်အကျဆုံးမြို့လို့ ဆိုရမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း အနေနဲ့ ဆိုရင် MDY-PDF သိမ်းယူထိန်းချုပ်ခဲ့တဲ့ နယ်မြေတွေဟာ အရှေ့ဘက် ရှမ်းပြည်နယ်မြောက်ပိုင်း အနောက်ဘက် စစ်ကိုင်းတိုင်းတို့အကြား တည်ရှိတဲ့နယ်မြေတွေ ဖြစ်ပြီး မန္တလေး-ဗန်းမော် ကားလမ်းပေါ်နဲ့ ဧရာဝတီမြစ်နဲ့ ယှဥ်လျက် တောင်မြောက် တန်းလျက်ရှိတဲ့မြို့တွေ ဖြစ်ကြပါတယ်။ အရှေ့ဘက်ခြမ်းမှာ ရှမ်းမြောက်နဲ့ ထိစပ်နေတဲ့နယ်မြေတွေမှာ အင်အားကောင်းတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA လှုပ်ရှားထိန်းချုပ်တဲ့ နယ်မြေတွေဖြစ်ပါတယ်။ နယ်မြေ အနေအထားအရ ထိစပ်မှုအရ MDY-PDF အဖွဲ့က TNLA တပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများအပြားရှိခဲ့တာလည်း ဖြစ်ပါတယ်။ မကြာသေးခင် လအနည်းငယ်က TNLA တပ်ဖွဲ့က စစ်တပ်နဲ့ အပစ်ရပ်သဘောတူ လိုက်တဲ့အခါ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ပြန်လွှဲပေးဖို့ ဖြစ်လာခဲ့ပြီး အာဏာသိမ်း စစ်တပ်အနေနဲ့ MDY-PDF ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ စဥ့်ကူး နဲ့ တကောင်းမြို့တို့ကို တမြို့ပြီးတမြို့ ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
မတ္တရာ၊ သပိတ်ကျဥ်း၊ စဥ့်ကူး အစရှိတဲ့မြို့တွေဟာ ဝင်ငွေကောင်းတဲ့ ရွှေတွင်းတွေ အများအပြားရှိတဲ့ဒေသတွေ ဖြစ်ပါတယ်။ PDF တပ်ဖွဲ့တွေ အနေနဲ့ ဒီဒေသကို တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားတဲ့ ကာလတွေမှာ ရွှေတွင်းတွေကိုပါ ထိန်းချုပ်ထားနိုင်ခဲ့ကာ ရွှေတွင်းတွေကနေ ရရှိတဲ့ အခွန်အကောက်က လက်နက်ကိုင်တပ်တွေအတွက် လက်နက်ခဲယမ်း ကောင်းစွာဝယ်ယူနိုင်တဲ့အထိ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က ဒီဒေသတွေကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ဖို့ စေ့ဆော်တဲ့ အဓိကအကြောင်းအချက်တွေထဲ PDF တပ်ဖွဲ့တွေအတွက် ရံပုံငွေအများအပြားရရှိနေတဲ့ ရွှေတွင်းတွေကို ပြန်လည်ထိန်းချုပ်လိုတဲ့အချက်က အရေးပါတဲ့ အကြောင်းတချက်ဖြစ်ပါတယ်။ ဒုတိယ အရေးကြီးတဲ့ အချက်ကတော့ မန္တလေး-မိုးကုတ်-ဗန်းမော် ကားလမ်းပေါ် မှာ တောင် နဲ့ မြောက်တန်းနေတဲ့ မြို့တွေရှိတဲ့ ဒီဒေသဟာ ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ဒေသတွေမှာ အခြေစိုက်ကြတဲ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း နဲ့ အနောက်ပိုင်း ဖြစ်တဲ့ ယော၊ ဂန့်ဂေါ၊ ချင်းပြည်နယ် နဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်း ဒေသတွေက တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ ကူးသန်းဆက်သွယ်ကြတဲ့ စင်္ကြန်လမ်းပေါ်မှာ ရှိတာကြောင့်လည်း ဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ စစ်ရေးမဟာဗျူဟာအရ စဥ်းစားရာမှာ မြန်မာနိုင်ငံ အထက်ပိုင်းကို အရှေ့အနောက်ဖြတ်သန်းနေတဲ့ စင်္ကြန်လမ်းကို ကြားက ဖြတ်တောက်ဖို့ ဆိုရင် မန္တလေးတိုင်း နဲ့ ရှမ်းမြောက်ထိစပ်နေတဲ့ နေရာ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ရှမ်းမြောက်ထိစပ်နေတဲ့နေရာတွေကို ထိန်းချုပ်နိုင်မှ ဖြစ်မယ်ဆိုတာ နားလည် သိရှိထားမှာ အသေအချာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း စင်္ကြန်လမ်းကို ဆုံးရှုံးခြင်းက မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်းတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို ဆုံးရှုံးတဲ့အဓိပ္ပာယ်လည်း ဖြစ်ပြီး စစ်အာဏာရှင်တပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ချိန်နောက်ပိုင်း ရရှိထားတဲ့ အခွင့်အရေးတခုကို လက်လွတ်ဆုံးရှုံးသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်း အထက်ပိုင်း ဧရာဝတီမြစ်နဲ့ ယှဥ်လျက်မြို့တွေ လက်လွှတ်ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ရော အခြားသော တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအနေနဲ့ပါ ပြန်လည်သုံးသပ်ကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလမှာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအကြား ရလာတဲ့ ပေါင်းစည်းလှုပ်ရှားမှုနဲ့ အာဏာသိမ်းစစ်တပ်က အသုံးမချနိုင်သေးတဲ့ ဒရုန်းစစ်ဆင်ရေးကို ဆောလျင်စွာ အသုံးချနိုင်မှုတို့ဟာ အဓိကကျ၊ ထင်သာမြင်သာလည်း ရှိတဲ့အချက်တွေ ဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အားပေးမှု သို့မဟုတ် ဖိအားပေးမှုတွေကလည်း အကြောင်းအချက်တွေ ဖြစ်နိုင်ပါလိမ့်မယ်။ သို့ပေမဲ့ ပြည်တွင်းက လက်နက်ကိုင် အင်အားစုတွေရဲ့ အနေအထားကသာ အဓိကအဆုံးအဖြတ်ပေးတဲ့ အကြောင်းအချက်တွေ ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး အစပိုင်းနဲ့ အလယ်ပိုင်းကာလတွေမှာ တိုက်ခိုက်သိမ်းယူရရှိတဲ့ နယ်မြေတွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်နဲ့ တပ်သားသစ် စုဆောင်းခွင့်တို့လို အကြောင်းအရာတွေက တော်လှန်ရေးအင်အားစုတွေ အကြား ပွတ်တိုက်မှုဖြစ်စေမယ့် အကြောင်းကိစ္စတွေ မဟုတ်ခဲ့ပါဘူး။
၁၀၂၇ စစ်ဆင်ရေး နှောင်းပိုင်းကာလတွေမှာ အဆိုပါ ထိန်းချုပ်နယ်မြေတွေ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက မဟာမိတ် တော်လှန်ရေး အင်အားစုတွေအကြား အကျိုးစီးပွား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားစေပြီး ညီညွတ်ရေး မဟာမိတ် ဆက်ဆံရေးတွေကို အေးစက်စေခဲ့တာ ဖြစ်ပါတယ်။
မန္တလေးတိုင်း မြောက်ပိုင်းနယ်မြေတွေ လက်လွတ်ဆုံးရှုံးရတဲ့ အကြောင်းတွေ အနက် TNLA ရဲ့ စစ်ဆင်ရေး အင်အား အကန့်အသတ်ရှိလာတဲ့အချက်နဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့ရတဲ့ အခြေအနေက အဓိကကျတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။
TNLA နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ MDY – PDF တပ်ဖွဲ့အနေနဲ့ TNLA တပ်တွေ တောင်းခမ်းက ရှေ့မတိုးနိုင်တော့ဘဲ မြောက်ဘက်ကို ပြန်ဆုတ်ခွာရပြီးနောက် နောင်ချို၊ ကျောက်မဲ နဲ့ သီပေါ မြို့တွေ ပြန်လက်လွှတ်ရပြီးနောက် အပစ်ရပ်ဖို့ ဆုံးဖြတ်ကာ မိုးကုတ်နဲ့ မိုးမိတ်ကို ပြန်လွှဲပေးခဲ့ရတဲ့နောက် အာဏာသိမ်းစစ်တပ်ဘက်က မြောက်ဘက် မိုးကုတ်မြို့ကို ပြန်လည်ရရှိကာ တောင်ဘက် သပိတ်ကျဥ်း၊ စဥ့်ကူးတို့ကနေ မြောက်ဘက်ကို ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၂ နှစ်ခွဲနီးပါးအကြာမှာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ညီညွတ်မှုနဲ့ ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်မှုတွေ အားနည်းလာခဲ့သလို စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သိမ်းယူနိုင်ခဲ့တဲ့ နယ်မြေမြို့တွေကို ပြန်လည်လက်လွတ် ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
စစ်ပွဲရဲ့ သဘောသဘာဝအရ အတက်အဆုတ် ဆိုတာရှိစမြဲလို့ ဆိုကြပေမဲ့လည်း စစ်ပွဲ ဆင်နွှဲနိုင်ဖို့ ရန်ပုံငွေ ရရှိရာရေသောက်မြစ်တွေ ဖြတ်တောက်ခံရတာ၊ မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေတွေ စင်္ကြံတွေကို ဖြတ်တောက်ခံရတာတွေက စစ်ရေး နည်းပရိယာယ်ကို ကျော်လွန်ပြီး စစ်ရေး မဟာဗျူဟာအရ ဆုံးရှုံးမှုတွေအထိ ရောက်ရှိလာနိုင်တာ သတိပြုကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar