Breaking News

သင်္ကြန်အခါသမယမှာ စစ်ပွဲတွေကနေ ရှောင်တိမ်းနေကြရတဲ့ အရပ်သားပြည်သူတွေရဲ့ဘဝ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၀ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၁ ၊ ၂၀၂၆


သင်္ကြန်အခါသမယမှာ စစ်ပွဲတွေကနေ ရှောင်တိမ်းနေကြရတဲ့ အရပ်သားပြည်သူတွေရဲ့ဘဝ

မြန်မာနိုင်ငံမှာ တနှစ်တာမှာ အရှည်ဆုံး အများပြည်သူ အလုပ်နားရက်ဖြစ်တဲ့ သင်္ကြန်အခါသမယမှာ စစ်ပွဲတွေ တိုက်ခိုက်မှုနဲ့ လွတ်ကင်းတဲ့ မြို့၊ ရွာတွေက ပြည်သူလူထုအဖို့ သင်္ကြန်ပွဲဆင်နွှဲတာ ဖြစ်ဖြစ်၊ ဘာသာရေးအရ ကျောင်းကန်ဘုရားသွားကာ ဥပုသ်စောင့်တာ တရားစခန်းဝင်တာတွေ လုပ်နိုင်ကြပေမယ့် စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသအများအပြားက လူထုတွေအဖို့မှာတော့ နေအိမ်တွေကနေ တိမ်းရှောင်နေကြရပြီး သင်္ကြန်အခါသမယမှာ ဘာသာရေး၊ မိသားစု ပြန်လည်တွေ့ဆုံကာ အနားယူဖို့ အခွင့်အရေး မရကြပါဘူး။ အသက်ဘေးလွတ်ဖို့ စားစရာ မလောက်မငနဲ့ အငတ်ဘေး က လွတ်မြောက်ဖို့ ကြိုးစားနေကြရတဲ့ အခြေအနေဖြစ်နေတာကို သတင်းတွေထဲမှာ ဖတ်ရှုကြားသိနေရတာပါ။ 

ခုရက်ပိုင်း မွန်ပြည်နယ်ထဲက ဘီးလင်းမြို့နယ်နဲ့ ကရင်ပြည်နယ်အစပ်ဒေသက စစ်တပ်ရဲ့ စခန်းအချို့ကို KNU/KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူဖို့ တိုက်ပွဲဖြစ်ပွားနေတဲ့ သတင်းတွေနဲ့ တပြိုင်နက်တည်းမှာပဲ ဘီးလင်းမြို့နယ်ထဲက ကျေးရွာအများအပြားကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် လူဦးရေ ၁၃၀၀၀ ကျော် ကျေးရွာတွေကို စွန့်ခွာပြီး တောထဲတောင်ထဲ ရှောင်တိမ်းနေထိုင်နေကြရတဲ့ သတင်းတွေ တွေ့ရပါတယ်။ 

အခုလို ကျေးရွာတွေက လူ တသောင်းကျော် နေအိမ်တွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းက ဘီးလင်းမြို့နယ်ထဲက စစ်တပ်ရဲ့ စခန်းဖြစ်တဲ့ လေးကေ နဲ့ ဝင်းတာပန် စခန်းတွေကို တိုက်ခိုက်မှုနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိ/ မရှိတော့ သတင်းဖေါ်ပြတာတွေမှာ မတွေ့ရပေမယ့် ၄င်းတို့ရဲ့ အထိုင်စခန်းတွေ တိုက်ခိုက်ခံရတာကြောင့် လက်တုံ့ပြန်ပြီး အဆိုပါဒေသက ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်နေတာလို့ မှန်းဆရပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တကျော့ပြန် အရှိန်အဟုန်နဲ့ တောက်လောင်လာတဲ့ ထိုးစစ်ဆင်တာ၊ ခုခံတိုက်ခိုက်တာ စတဲ့ စစ်မီးတွေအကြားမှာ ဒေသခံလူထုတွေ အဖို့ အသက်ဆုံးရှုံး၊ နေအိမ်ဆုံးရှုံး အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

နှစ် ၈၀ နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကာလအတွင်း အချို့ကာလတွေမှာ ထိုးစစ်၊ စစ်ဆင်ရေးစတဲ့ စစ်ရေးလှုပ်ရှားမှုတွေက တနှစ်ပတ်လုံး ဖြစ်ပွားနေတာမျိုး မဟုတ်ခဲ့ပါဘူး။ အများအားဖြင့် မိုးရာသီတွေမှာ ရပ်နားထားလေ့ရှိပြီး ပွင့်လင်းရာသီဖြစ်တဲ့ မိုးအကုန် နိုဝင်ဘာ ဒီဇင်ဘာကနေ မေလကုန် ကာလတွေအတွင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မီးဟာ အရှိန်အဟုန်နဲ့ ပြန်တောက်လောင်လာချိန်မှာ ဘယ်ရာသီ၊ ဘယ်လို အခါသမယမှ ရပ်နားတာမရှိတော့ဘဲ ပွင့်လင်းရာသီဖြစ်ဖြစ် မိုးရာသီဖြစ်ဖြစ် စစ်ပွဲတွေဖြစ်ပွားနေတာ တွေ့ကြရပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်ထားတဲ့ ခရစ်စမတ် အကြိုလို အခါသမယဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်တွေအဖို့ အထွဋ်အမြတ်ထားတဲ့ လပြည့်နေ့၊ သင်္ကြန်အခါသမယလို အခါမျိုးတွေမှာလည်း နိုင်ငံရဲ့ နေရာဒေသအများအပြားမှာ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်တိုက်ပွဲတွေနဲ့ အရပ်သားပြည်သူတွေအဖို့ စစ်ဘေးရှောင်တိမ်းရတာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နေရာဒေသအချို့မှာ ဖြစ်ပွားတဲ့ အချို့စစ်ပွဲတွေလို ဘာသာရေးအရ အလေးထားတဲ့ အချိန်အခါသမယတွေမှာ တဖက်နဲ့ တဖက် ခေတ္တပစ်ခတ်မှု ရပ်ဆိုင်းထားတာမျိုး မြန်မာနိုင်ငံမှာ တွေ့ရလေ့ မရှိပါဘူး။ လက်နက်ကိုင် အဖွဲ့တွေအဖို့ စစ်ရေးအသာစီးရဖို့ ရန်သူ့ တပ်ဖွဲ့ဝင်၊ အခြေချနေရာယူထားတဲ့ စခန်းတွေကို သိမ်းယူနိုင်ဖို့၊ လေကြောင်းက တိုက်ခိုက်ဖျက်ဆီးနိုင်ဖို့ စတဲ့ ရည်ရွယ်ချက် လုပ်ဆောင်မှုတွေက တနှစ်တာပတ်လုံး နေ့နေ့ညည စိတ်ကူးသလို လက်တွေ့လည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

ဗုဒ္ဓဘာသာဝင် အများစုရှိကြတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာတို့အပြင် အခြားသော ရိုးရာနတ်ကိုးကွယ်မှု အသီးသီး ကိုးကွယ်ယုံကြည်သူတွေ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီလို ကိုးကွယ်ရာဘာသာ အမျိုးမျိုးကို ကိုးကွယ်ယုံကြည်ကြတဲ့ မြန်မာနိုင်ငံအဖို့ မတူကွဲပြားတဲ့ ယဥ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးစံတွေ ရှိနေကြတာ ဖြစ်ပြီး လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာတခုနဲ့တခု အကြား သင့်မြတ်စွာ အတူနေထိုင်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ကြတဲ့ ဒေသတွေမှာလည်း ခရစ်စမတ် အခါသမယလို အချိန်အခါမှာ စစ်ဘေးတိမ်းရှောင်နေကြရသလို အစ္စလာမ်ဘာသာဝင်တွေနေထိုင်ကြတဲ့ အချို့သောဒေသတွေမှာလည်း ဥပုသ်လလိုအခါသမယမှာ မိမိတို့နေအိမ်တွေမှာ နေထိုင်နိုင်ခြင်း မရှိဘဲ စစ်ဘေးတိမ်းရှောင်ရတာ၊ ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာ နေထိုင်နေကြရတဲ့အနေအထား ဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့အစည်းတွေ အဖို့ စစ်ရေးအရ အသာရဖို့အတွက် ဘယ်လိုအချိန်အခါပင် ဖြစ်စေ တိုက်ခိုက်နေကြတာ ဖြစ်ပေမယ့် အရပ်သားပြည်သူတွေအနေနဲ့တော့ တနှစ်မှာတခါသာ ရတဲ့ဘာသာရေး အရ အလေးထားတဲ့ အခါသမယ အချိန်ကာလလိုမျိုးမှာ မိသားစု၊ ဆွေမျိုး သင်္ဂဟ၊ ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေနဲ့ အတူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလိုကြမှာ အသေအချာပင် ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar