Breaking News

မောင်လူမွှေး - လူငယ်တွေရဲ့ အိပ်မက်များ

မောင်လူမွှေး - လူငယ်တွေရဲ့ အိပ်မက်များ

မိုးမခ ၊ ဧပြီ ၁၂ ၊ ၂၀၂၆


ပြီးခဲ့တဲ့ ရက်ပိုင်းက လူငယ်စကားဝိုင်းလေးတစ်ခုကို ရောက်ခဲ့တယ်။ စကားဝိုင်းမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးနဲ့ ယောက်ျားလေးတွေ ဆယ်ယောက်ကျော်လောက်ရှိမယ်။ သူတို့ရဲ့ အိပ်မက်တွေ၊ ဖြစ်ချင်တာတွေကို မောင်လူမွှေး နားထောင်ခဲ့ရတယ်။ စကားပြောနေကြတုန်း ဒရုန်းဝဲသံကြားရတော့ မိန်းကလေးအများစုက ထိတ်လန့်သွားကြတယ်။

"ကျွန်မ အသေမခံနိုင်သေးဘူး။ နိုင်ငံခြားတွေ သွားချင်သေးတယ်။ ကမ္ဘာပတ်ချင်သေးတယ်။ ခရီးသွားဘလော့ဂါတွေကို အားကျတယ်" လို့ ပါးဖောင်းဖောင်းနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က ပြောလာတယ်။ တောင်ကြားဒေသလေးမှာ နေရပေမဲ့ သူ့အိပ်မက်က ခရီးသွားဘလော့ဂါတစ်ယောက်။ အင်္ဂလိပ်စာတွေကို ကြိုးစားလေ့လာမယ်လို့ သူက ဆိုတယ်။

နောက်ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကျတော့ ပိန်ပိန်ပါးပါးလေးနဲ့ မော်ဒယ်ဂဲလ်တစ်ယောက်ရဲ့ ရုပ်ရည်မျိုး။ သူ့အိပ်မက်ကရော ဘာပါလိမ့်။

"ကျွန်မ တော်လှန်ရေးထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ချင်ခဲ့တာ။ အိမ်က ငယ်လွန်းလို့ဆိုပြီး မလွှတ်ခဲ့ဘူး။ အခု တော်လှန်ရေးအဖွဲ့တွေ မစည်းလုံးတော့ စိတ်ထဲမှာ တစ်မျိုး ဖြစ်နေတယ်။ မြို့ပေါ်တို့၊ နိုင်ငံခြားတို့ကိုတော့ ကျွန်မ သွားချင်ပေမဲ့ တော်လှန်ရေးကာလမှာ ဘယ်တော့မှမသွားဘူး။ လိပ်ပြာမလုံဘူး။ ဘာလုပ်ရမှန်းလည်း မသိဘူး" လို့ သူက ပြောတယ်။ သည်ကလေးကတော့ လောလောဆယ် အိပ်မက်ပျောက်နေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။

Grade 12 ပြီးထားတဲ့ ယောက်ျားလေးတစ်ယောက်ကတော့ သူ့ရဲ့ငယ်သူငယ်ချင်း ဆုံးပါးသွားတာ အခုထိ ဝမ်းနည်းနေတုန်းလို့ ရင်ဖွင့်တယ်။ ပြီးတော့ သူ အခု ကလေးလေးတွေကို စာစသင်နေပြီ။ မျိုးဆက်သစ်လေးတွေကို ပညာတတ်ဖြစ်အောင် သူ ကြိုးပမ်းမယ်တဲ့။ ဝါသနာအရင်းခံတဲ့ သူ့အိပ်မက်နောက်ကို သူ စလိုက်နေပြီပေါ့။

နောက်အထက်တန်းကျောင်းသူလေးတစ်ယောက်ကတော့ ပညာကို လိုလားပေမဲ့ လေယာဉ်ကို သိပ်ကြောက်တယ်။ ဒီတော့ လေယာဉ်လာတိုင်း ကျောင်းကို ပိတ်စေချင်သတဲ့။ လေယာဉ်လာတာနဲ့ ကျောင်းတက်နေရင်တောင် ကျောင်းဆင်းပေးစေချင်သတဲ့။ စစ်တပ်ရဲ့ လေယာဉ်တွေက သူ့ကို အိပ်မက် မမက်ရဲအောင် ခြိမ်းခြောက်နေတယ်။ အိပ်မက်မမက်ရဲရှာတဲ့ အဲဒီကျောင်းသူလေးဟာ ခေါင်းကိုနည်းနည်းမော့ပြီး ငေးနေရှာတယ်။ သူ့မျက်နှာက စိုးရိမ်ထိတ်လန့်နေတဲ့ အရိပ်အရောင်တွေကို သနပ်ခါးက မဖုံးနိုင်ရှာဘူး။

နောက်ကျမှ ရောက်လာတဲ့ ယောက်ျားလေးတွေကတော့ ဘာမှ ဝင်ရောက်ပြောဆိုတာ မတွေ့ရဘူး။ သစ်ပင်အမြင့်ကြီးတွေ တက်ပြီး ဝမ်းရေး ဖြေရှင်းနေရတဲ့ အရပ်မြင့်မြင့် လူငယ်ဟာ ခေါင်းကို ခပ်ငုံ့ငုံ့ထားပြီး သူများပြောတာတွေပဲ နားထောင်နေတယ်။ သူ့မှာ အိပ်မက်တွေ မရှိတာလား။ ဒါမှမဟုတ် သူ့အိပ်မက်တွေ ဆွံ့အကုန်တာလား။ မောင်လူမွှေးတစ်ယောက် သူ့အပေါ် သနားကရုဏာ သက်နေမိတယ်။

"ဆရာ... ဆယ်မိနစ်လောက် ကျွန်တော်တို့ကို အချိန်ပေးနိုင်မလား" တဲ့။ စကားဝိုင်းပြီးမှ ဆက်သွယ်ရေးနည်းပညာမှာ ဝါသနာပါတဲ့ လူငယ်လေးက လာပြောတယ်။ မေးမြန်းကြည့်တော့ သူတို့လူငယ်လေးတွေစုပြီး ရပ်ရွာမှာ ကျောင်းလခမတတ်နိုင်တဲ့ ကျောင်းသားလေးအချို့ကို ပညာသင်စရိတ် ထောက်ပံ့ဖို့ အစီအစဉ်ဆွဲထားကြောင်း စာရွက်ကလေးကို ထိုးပြပြီး ပြောတယ်။ သူတို့ရဲ့ အိပ်မက်တွေ မသေချာပေမဲ့ သူတို့ဟာ ကိုယ့်မျိုးဆက်တွေအတွက် တတ်နိုင်သမျှ လုပ်ပေးရမယ်ဆိုတဲ့ အသိတော့ ရှိကြတယ်။

မောင်လူမွှေးနဲ့ စကားဝိုင်းဖွဲ့ခဲ့တဲ့ လူငယ်တွေဟာ စစ်တပ် အာဏာသိမ်းတဲ့အချိန်က အလယ်တန်းကျောင်းသား အရွယ်ကလေးတွေ ဖြစ်တယ်။ တော်လှန်ရေးကာလ ငါးနှစ်ပြည့်တဲ့အချိန်မှာ သူတို့ဟာ အထက်တန်းကို ရောက်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေ၊ အထက်တန်းပြီးစ လူငယ်တွေဖြစ်နေကြပါပြီ။ သူတို့ဟာ တော်လှန်နယ်မြေက သူတို့ရပ်ရွာမှာ မခွဲမခွာ နေနေကြတယ်။

သူတို့ မူလတန်းတုန်းက "ငါ့အိပ်မက်ထဲက ကျောင်း" ဆိုပြီး ကျောင်းဆောင်ခန့်ခန့်တွေ၊ ပန်းခြံတွေနဲ့ ရုပ်ပုံကားချပ်တွေ ဝိုင်းဆွဲခဲ့ကြမှာပဲ။ ဒါပေမဲ့ သူတို့ဟာ စစ်တပ်ရဲ့ လေယာဉ်ဒဏ်ကြောင့် သူတို့မူလတန်းတုန်းက တက်ခဲ့တဲ့ ကျောင်းဆောင်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ နေရာတွေမှာ အဆင်ပြေသလို ပညာသင်ယူပြီး အထက်တန်းကို ရောက်ခဲ့၊ ပြီးခဲ့ကြပြီ။ ဒါပေမဲ့ သူတို့ထဲက အချို့က အနာဂတ်အိပ်မက်တွေ ဝေဝါးနေတယ်။ အချို့က အိပ်မက်ပျောက်နေတယ်။ အချို့ အိပ်မက်တောင် မမက်ရဲကြတော့ဘူး။ အချို့က အိပ်မက်တွေ ဆွံ့အလို့။

ကွင်းပြင်မှာ လွတ်လွတ်လပ်လပ် ဘောလုံးကန်နေကြတဲ့ အလယ်တန်းကျောင်းသားကလေးတွေကို မောင်လူမွှေးတစ်ယောက် ငေးကြည့်နေမိတယ်။ သူတို့တွေ အထက်တန်းကျောင်းသားအရွယ်ရောက်တဲ့ အခါကျရင်ရော သူတို့အိပ်မက်တွေ မက်ရဲပါ့မလား။ သူတို့အိပ်မက်တွေ ပျောက်ဦးမှာလား။ သူတို့အိပ်မက်တွေ ဆွံ့အသွားကြဦးမှာလား။ လူငယ်တွေ အိပ်မက်ပျောက်ခဲ့ရင် နိုင်ငံအနာဂတ်ဆိုတာလည်း အကောင်းရှိမှာ မဟုတ်တော့ဘူး။ မောင်လူမွှေးတို့ စည်းစည်းလုံးလုံးနဲ့ အာဏာရှင်စစ်တပ်ကို ဖြိုဖျက်နိုင်မှ လူငယ်တွေ အနာဂတ်အိပ်မက် မက်နိုင်ကြမှာ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar