မောင်လူမွှေး - ပညာသင်္ကြန်
မောင်လူမွှေး - ပညာသင်္ကြန်
မိုးမခ ၊ ဧပြီ ၁၄ ၊ ၂၀၂၆
စစ်တပ်က အာဏာသိမ်းပြီးနောက် သင်္ကြန်ကျတာ ခြောက်ကြိမ်မြောက်ခဲ့ပြီ။ စစ်အာဏာသိမ်းပြီးနောက် ခြောက်ကြိမ်မြောက်သင်္ကြန်ကို မောင်လူမွှေးဟာ ပညာရေးအကြောင်းတွေး၊ ပညာရေးအကြောင်းဆွေးနွေး၊ ပညာရေးအကြောင်း စာရေးရင်းပဲ ဖြတ်သန်းနေတာမို့ မောင်လူမွှေးအတွက်တော့ ဒီနှစ်သင်္ကြန်ဟာ ပညာသင်္ကြန်လို့ ဆိုချင်တယ်။
သင်္ကြန်ကျချိန်ကို လူတွေဟာ သူတို့သန်ရာ အမျိုးမျိုးနဲ့ ဖြတ်သန်းကြတယ်။ ဒီတော့ သင်္ကြန်တွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ကြဘူး။ သက်ကြီးရွယ်အိုတွေ အများစုအတွက် ဥပုသ်သီလသင်္ကြန်ဖြစ်မယ်။ အချို့က ဒုလ္လဘသင်္ကြန်ဖြစ်ပြီးတော့ အချို့အတွက် တရားစခန်းသင်္ကြန် ဖြစ်မယ်။ အချို့အတွက် စတုဒိသာဒါနသင်္ကြန်ဖြစ်မယ်။ အချို့တွေအတွက် သက်ကြီးပူဇော်ပွဲသင်္ကြန် ဖြစ်မယ်။ လူငယ်အများစုအတွက် အပျော်သင်္ကြန် ဖြစ်မယ်။ အဆို၊ အကသင်္ကြန် ဖြစ်မယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ သင်္ကြန်အမျိုးအစားတစ်ခု သိသိသာသာ ပေါ်ထွက်လာတယ်။ အဲဒါကတော့ အားလုံးသိကြတဲ့ တော်လှန်သင်္ကြန်ပဲ ဖြစ်တယ်။ စစ်တပ်က အာဏာသိမ်းခါစ နှစ်နှစ်လောက်မှာ တော်လှန်သင်္ကြန်ဟာ တော်တော်အားကောင်းခဲ့တယ်။ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့ပေါ်လူထုကလည်း စစ်တပ်က ကျင်းပတဲ့ သင်္ကြန်မှာ ပါဝင်ခြင်းမရှိဘဲ တော်လှန်ခဲ့တယ်။ သပိတ်အဖွဲ့ဝင်တွေဟာလည်း သင်္ကြန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ပြီး တော်လှန်သင်္ကြန် ပြုလုပ်ခဲ့ကြတယ်။ တော်လှန်သင်္ကြန်လုပ်လို့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့သူတွေကို မောင်လူမွှေးတစ်ယောက် သင်္ကြန်ကာလရောက်တိုင်း သတိရမိတယ်။
အာဏာသိမ်းပြီးလို့ သုံးနှစ်မြောက်လောက်ကတည်းက မြို့ပေါ်တွေမှာ တော်လှန်သင်္ကြန် အားပျော့သွားခဲ့တယ်။ မွန်းကျပ်မှု၊ ပိတ်လှောင်မှုကို အမြဲခံစားနေရတဲ့ လူငယ်အချို့ဟာ သင်္ကြန်ကာလမှာ မချုပ်တည်းနိုင်ကြတော့ဘူး။ ပျော်ကြ၊ ပါးကြတာကို တွေ့ရတယ်။ စစ်တပ်ကလည်း ဒါကို သိပ်သဘောကျမှာ သေချာတယ်။ လူငယ်တွေသဘာဝ ပျော်ရွှင်တာကို မီးလောင်မြေပေါ်ကလူတွေ နားလည်ခွင့်လွှတ်ပေးပါလို့တော့ ပြောလို့မရဘူး။ ပြောလည်း မပြောအပ်ဘူး။ ဒီလို ကိုယ့်နိုင်ငံက အိမ်တွေ မီးလောင်၊ လူတွေ သေဆုံးနေတဲ့အချိန်မှာ ပျော်ရွှင်နေတဲ့ လူအုပ်ကြီးကို မြင်ရတာတော့ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ပေမဲ့ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတစ်ခုအဖြစ် သဘောထားပြီး နေနေရတော့တာပါပဲ။
မောင်လူမွှေး တတ်နိုင်တာက သင်္ကြန်ကာလကို တော်လှန်နယ်မြေရှေ့တန်းမှာနေပြီး ဖြတ်သန်းနေရတဲ့ ရဲဘော်တွေကို ကရုဏာထားတာ၊ လေးစားဦးညွှတ်တာ၊ အားပေးစကားပြောတာဖြစ်တယ်။ သင်္ကြန်ကာလ ရှေ့တန်းနယ်မြေမှာ၊ တောထဲမှာ ဝိုင်းဖွဲ့ပြီး သင်္ကြန်သီချင်းဝိုင်းဆို၊ ကတဲ့သူက က၊ အပြန်အလှန်ဖျော်ဖြေပြီး တောထဲမှာ တော်လှန်သင်္ကြန်ကို လက်ခုပ်သံတွေနဲ့ ဆင်နွှဲကြတယ်။ သူတို့ဟာ မြို့ပေါ်က မဏ္ဍပ်တွေရှေ့မှာ ကားနဲ့လည်ပြီး ကနေကြတဲ့သူတွေလိုပဲ လူငယ်တွေ ဖြစ်ပါတယ်။
သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ ရှေ့တန်းနယ်မြေက ရဲဘော်တွေဟာ နေချင်စရာ တစ်ကွက်မှမရှိတဲ့ စစ်အာဏာရှင်စနစ်နိုင်ငံကနေ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်အောင် ကူးပြောင်းနေတဲ့ "မြန်မာ့နိုင်ငံရေးသင်္ကြန်" မှာ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ လောင်းထည့်နေကြတဲ့ သမိုင်းဝင် သင်္ကြန်မင်းသားတွေ၊ မင်းသမီးတွေ ဖြစ်တယ်။
နိုင်ငံတစ်ခု ပြောင်းလဲတိုးတက်ဖို့ ပညာဟာ အခရာဖြစ်တယ်။ သူတို့လူတစ်စု စည်းစိမ်ဥစ္စာအတွက် အပြောင်းအလဲမလုပ်ချင်တဲ့၊ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ရဲဘော်တွေဟာ ရှေ့တန်းမှာ တိုက်နေကြတယ်။ မောင်လူမွှေးတို့ ကျောင်းဆရာတွေကတော့ နောက်ကနေ ပညာရေးကို လိုက်တည်ဆောက်ရတယ်။ တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ မောင်လူမွှေးတပည့်တွေနဲ့တင် ပညာရေးကို နောက်မဆုတ်တမ်းလုပ်ဖို့ မောင်လူမွှေးအတွက် လုံလောက်နေပြီ ဖြစ်တယ်။ နှစ်တိုင်း ပညာသင်္ကြန်ဖြစ်ဖို့ လုံလောက်နေပြီ ဖြစ်တယ်။ ပညာသင်္ကြန်ဆိုတော့ ပညာနဲ့ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်။ ပညာသင်္ကြန် ကျင်းပနိုင်တဲ့သူတွေ များများပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar