Breaking News

ကမ္ဘာလုံးဆိုင်ရာ ပြိုလဲမှုနဲ့ ကျရှုံးနိုင်ငံဖြစ်လာနေတဲ့ မြန်မာနိုင်ငံ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၃ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၄ ၊ ၂၀၂၆


ကမ္ဘာလုံးဆိုင်ရာ ပြိုလဲမှုနဲ့ ကျရှုံးနိုင်ငံဖြစ်လာနေတဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံမှာ တနိုင်ငံလုံးနီးပါး ကျယ်ပြန့်စွာ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားကာ လုယက်မှု၊ သတ်ဖြတ်မှု၊ မုဒိမ်းပြုကျင့်မှုနဲ့ နေအိမ်ဖောက်ထွင်း ခိုးယူမှုလို ရာဇဝတ်မှုတွေကို ထမင်းစားရေသောက် ကျူးလွန်သလို ကျူးလွန်နေကြတဲ့ အချိန် ကျေးရွာတွေနဲ့ အချို့သောမြို့တွေက လူနေအိမ်တွေကို ရန်သူလက်နက်ကိုင်ကို ထောက်ခံတယ်ဆိုတဲ့ သံသယ၊ စွပ်စွဲမှုတွေနဲ့ မြေလှန်မီးရှို့ဖျက်ဆီးခံနေကြရချိန် လူ့အသက်တချောင်းကို ဥပဒေမဲ့စွာ၊ မျှတလွတ်လပ်တဲ့ တရားစီရင်မှု ကင်းမဲ့စွာနဲ့ သတ်ဖြတ်နိုင်ကြတဲ့ အချိန်အခါမှာ ကမ္ဘာတဝှမ်းကို မျှော်ကြည့်လိုက်တဲ့ အခါ ကြီးနိုင်ငယ်ညှင်း၊ စစ်အင်အားကြီးတဲ့နိုင်ငံက အင်အားနည်းတဲ့ နိုင်ငံကို စစ်မက်ဆင်နွှဲ၊ ဖျက်ဆီး အနိုင်ကျင့်နေကြသလို နိုင်ငံတနိုင်ငံအတွင်းမှာလည်း အမှန်တရား၊ တရားမျှတမှုတွေကို ကိုင်စွဲခြင်း မရှိကြတော့ဘဲ၊ ငွေအင်အား၊ လက်နက်အင်အား နဲ့ အာဏာရှိသူတွေက အနိုင်ကျင့် ဖမ်းဆီး သတ်ဖြတ်နေကြတဲ့ အဖြစ်တွေက  နေ့စဥ်လိုလို ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

အရင်းရှင်စနစ် ရဲ့ ဆိုးယုတ်တဲ့ မျက်နှာစာဖြစ်တဲ့ လက်သစ်နယ်ချဲ့စနစ်က မျက်နှာဖုံး အားလုံး ကွာကျပြီး သယံဇာတ ကြွယ်ဝတဲ့နိုင်ငံ၊ နယ်မြေတွေကို ထိန်းချုပ်လုပ်ကိုင်နိုင်ဖို့အတွက် စစ်အင်အားနဲ့ ခေတ်မီလက်နက်နဲ့ နည်းပညာတွေ အသုံးချပြီး နိုင်ငံငယ်တွေ၊ ၄င်းတို့ပြောဆိုတာ နားမထောင်တဲ့ နိုင်ငံတွေကို အနိုင်ကျင့်တဲ့ စစ်ပွဲတွေ ဆင်နွှဲနေကြတာ တတိယကမ္ဘာစစ် နှုတ်ခမ်းပေါ်တောင် ရောက်နေပြီလားလို့ စိုးရိမ်ကြရတဲ့အထိ ဖြစ်လာနေပါတယ်။ 

ဒုတိယကမ္ဘာစစ်ပွဲ ပြီးဆုံးသွားတဲ့နောက် နယ်ချဲ့ အရင်းရှင်နိုင်ငံတွေ ကိုယ်၌က ကမ္ဘာစစ်လိုမျိုး နောက်တကြိမ် မဖြစ်စေလိုတော့တဲ့ အခြေအနေ ရောက်ရှိခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးကို ဖွဲ့စည်းပြီး စစ်ပြီးခေတ် ကမ္ဘာမှာ တည်ငြိမ်ရေးနဲ့ အင်အားချိန်ခွင်လျှာမျှရေးတို့အတွက် တနိုင်ငံနဲ့ တနိုင်ငံအကြား ဖြစ်ပွားတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ ဈေးကွက် သို့မဟုတ် သယံဇာတ ရဖို့အတွက် အင်အားသုံးအနိုင်ယူတာ၊ ဗိုလ်ကျတာတွေကို ထိန်းသိမ်းဖို့ စနစ်တခု ယန္တရားတခု ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ 

နိုင်ငံ ၁၈၀ ကျော် ပါဝင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အချင်းချင်းအကြား ဖြစ်ပွားတဲ့ စစ်ရေး ကိစ္စတွေ၊ နယ်မြေချဲ့ထွင်မှုတွေနဲ့ ပတ်သက်လို့ ကြားဝင်ဖြေရှင်းတာ၊ ညှိနှိုင်းဆွေးနွေးစေခဲ့တာတွေက ဆယ်စုနှစ်အတော်ကြာ ကာလတခုအထိတော့ အောင်မြင်မှုရခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်က စလို့ ကုလသမဂ္ဂရဲ့ သြဇာ၊ အာဏာတွေ ကျဆင်းလာခဲ့ပြီး အခုနှစ်ပိုင်းအတွင်းမှာတော့ နိုင်ငံအချင်းချင်းအကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုတွေနဲ့ စစ်ပွဲတွေကို ဖြေရှင်းပေးနိုင်တဲ့ သြဇာအာဏာ ကမ္ဘာ့ကုလသမဂ္ဂမှာ မရှိတော့ပါဘူး။ 

အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံအချို့ နဲ့ လက်ဝဲဝါဒနဲ့ တပါတီစနစ် အာဏာရှင်အင်အားကြီးနိုင်ငံအချို့က ကမ္ဘာ့ကုလသမဂ္ဂကို အရေးမစိုက်ကြတော့ဘဲ ကမ္ဘာ့ပေါ်က သယံဇာတကြွယ်ဝတဲ့နယ်မြေ/နိုင်ငံတွေနဲ့ ပင်လယ်ရေကြောင်း အချက်အချာကျတဲ့ နေရာမှာ ရှိတဲ့နိုင်ငံတွေကို လက်အောက်ခံ သြဇာခံအဖြစ်ပြုဖို့ ပေါ်ပေါ်ထင်ထင် ကြိုးစားလာကြပြီး အနိုင်ကျင့် ဗိုလ်ကျလာခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီလို ဗိုလ်ကျတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထဲမှာ တချိန်က လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားပါတယ်လို့ ကြွေးကြော်ခဲ့ကြတဲ့ အရင်းရှင်နိုင်ငံကြီးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အရင်းရှင်စနစ်၊ စစ်ပွဲတွေအတွက် လက်နက်ပြင်ဆင်လုပ်ဆောင်နေမှ စစ်ရေးဆိုင်ရာစက်မှုလုပ်ငန်းကြီးတွေ ဝင်ငွေကောင်းကြပြီး ဒီလိုမူဝါဒတွေ ဖြစ်ဖို့ အဲဒီလို လုပ်ငန်းကြီးတွေက နိုင်ငံရေးသမားတွေကို ငွေကြေးပြန်လည်ထောက်ပံ့ အကျိုးပြုကြပြီး ကမ္ဘာကြီးမှာ စစ်ပွဲဖြစ်ပွားနေတာ၊ စစ်မက်ပြင်ဆင်နေကြတဲ့ လမ်းကြောင်းတွေဆီကို အားပေးအားမြှောက်ပြုနေကြတာ ဖြစ်ပါတယ်။ 

စစ်လက်နက် ပစ္စည်းတွေအတွက် လိုအပ်တဲ့ မြေရှား၊ ရေနံ၊ အချို့သတ္တုတွေလို သယံဇာတတွေရဖို့ နယ်မြေချဲ့ထွင်ကာ ကိုလိုနီ တပိုင်းပြုဖို့ အတွက် စစ်အင်အားနဲ့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်ရင်း အရင်းရှင်နယ်ချဲ့ စီးပွားရေး ဖြစ်စဥ်ကို တလှည့်ပြီးတလှည့် လည်ပတ်စေကြတာလည်း ဖြစ်ပါတယ်။ 

ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ နယ်မြေ၊ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ စစ်အာဏာသိမ်းမှု၊ လက်နက်အင်အား စစ်အင်အားနဲ့ နိုင်ငံရေးသမားတွေကို ဖြုတ်ချအာဏာသိမ်းမှုတွေက အရင်းရှင်နယ်ချဲ့ဝါဒ နဲ့ အကျိုးစီးပွားတွေမှာ အရင်းခံနေကြတာလည်း ဖြစ်ပါတယ်။ 

အနောက်နိုင်ငံတွေကနေကြည့်ရင် အရှေ့အလယ်ပိုင်းလို့ ခေါ်ဆိုကြတဲ့ ပါလစ္စတိုင်း၊ လက်ဘနွန်၊ ဆော်ဒီ၊ ကူဝိတ်၊ အီရတ်၊ ဆီးရီးယား စတဲ့နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဖြစ်ပွားလာတဲ့ အစ္စရေးလ်နဲ့ ပါလစ္စတိုင်း အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ပဋိပက္ခအကြောင်းခံက ဗြိတိသျှ နယ်ချဲ့ဝါဒရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ပွားတဲ့ကာလမှာ အော်တိုမင်အင်ပိုင်ယာကို ပြိုကွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အာရပ်လူမျိုးစုတွေနဲ့ ဂျူးတွေကို တဖက်ကို တမျိုးစည်းရုံး အခြားတဖက်ကို တမျိုးစည်းရုံးပြီး အော်တိုမင်အင်ပိုင်ယာကို တိုက်ခိုက်ဖို့ မက်လုံးပေးစည်းရုံးခဲ့တာက စတင်ခဲ့တာ ဖြစ်ပါတယ်။ 

အလားတူ အာဖရိကတိုက်က နိုင်ငံအချို့မှာ စစ်အာဏာသိမ်းမှု မကြာခဏဖြစ်ပွားတာ၊ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်ဖြစ်ပွားမှုတွေက ကိုလိုနီနယ်ချဲ့ဝါဒရဲ့ အကျိုးဆက်တွေ ဖြစ်ပြီး ဒီဒေသတွေက သယံဇာတတွေ နဲ့ သြဇာခံနယ်မြေ စတဲ့ရည်ရွယ်ချက်တွေက အရင်းရှင်နိုင်ငံအချို့အနေနဲ့ ဒီဒေသကို စစ်လက်နက်တွေ ပံ့ပိုးဖို့ စစ်အာဏာသိမ်းမှုတွေကို ထောက်ခံဖို့ နောက်ကွယ်ကပံ့ပိုးဖို့ ဖြစ်စေခဲ့တာ သမိုင်းအဖြစ်အပျက်တွေကို သေချာစွာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ 

အခု လတ်တလော ဖြစ်ပွားနေတဲ့ အီရန်ကို အစ္စရေးလ်နဲ့ အမေရိကန်တို့က စတင်တိုက်ခိုက်တဲ့ စစ်ပွဲရဲ့ အကြောင်းရင်းခံက နူကလီးယားလက်နက် လက်ဝယ်ရဖို့ ကြိုးစားတာကြောင့်လည်း မဟုတ်သလို ဒေသတွင်း အကြမ်းဖက် အုပ်စုတွေကို ငွေကြေးလက်နက် ထောက်ပံ့တဲ့နိုင်ငံဖြစ်လို့ ဆိုတဲ့အကြောင်းပြချက်တွေလည်း မမှန်ပါဘူး။ အစ္စရေးလ် အနေနဲ့ ပါလစ္စတိုင်းဒေသကို အခြေပြုပြီး နယ်မြေထပ်မံချဲ့ထွင်ကာ မူလနေထိုင်တဲ့ဒေသခံတွေကို ဖိနှိပ်အုပ်ချုပ်ကာ နယ်မြေသစ်ဖော်ဆောင်ရေး နိုင်ငံနယ်နိမိတ်ချဲ့ထွင်ရေးကို အတားအဆီးဖြစ်နေတဲ့ လက်နက်ကိုင် အင်အားစုတွေ၊ ထောက်ပံ့ပေးနေတဲ့ အီရန်ကို အင်အားချိနဲ့ပြီး ပြိုကွဲဖို့ ရည်ရွယ်ချက် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ရေနံ သယံဇာတ စီးပွားရေးလုပ်ခွင့် စီမံခန့်ခွဲခွင့်၊ ၄င်းတို့ရဲ့ သြဇာခံမယ့် အစိုးရမျိုး ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး စစ်ပွဲကို စတင်ခဲ့တာသာ ဖြစ်ပါတယ်။ 

အခုစစ်ပွဲကို အမေရိကန် ပြည်သူအများအပြားက မထောက်ခံကြပေမဲ့ စစ်လက်နက်နဲ့ စစ်ပွဲတွေဖြစ်ပွားတဲ့အခါ တင်ဒါတွေ ရရှိကြတဲ့ လုပ်ငန်းကြီးတွေက စစ်ဖြစ်တာကို ထောက်ခံအားပေးကြပါတယ်။ လူ့အသက်တွေ ဆုံးရှုံးကြတာ စစ်ပွဲတွေမှာ စစ်ပွဲ စတင်ဖို့ သို့မဟုတ် ခုခံတိုက်ခိုက်ဖို့ ဆိုတဲ့ဆုံးဖြတ်ချက်တွေအပေါ် ဘာပြောပိုင်ခွင့်မှ မရှိကြတဲ့ သာမန်အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးကြရတဲ့ အဖြစ်တွေအပေါ်မှာ နိုင်ငံရေးသမားတွေနဲ့ စစ်ပွဲကြောင့် အကျိုးအမြတ်ရသူ ဘီလျံနာတွေက ဘာခံစားချက်မှ မရှိကြပါဘူး။ စစ်ပွဲကြောင့် အကျိုးအမြတ်ရသူလို့ဆိုရင် အရင်တုန်းက လက်နက်ထုတ်တဲ့ ကုမ္ပဏီ၊ စစ်ပွဲယန္တရား လေယာဥ်၊ လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းတွေသာ အလွယ်တကူ မြင်နိုင်ကြပေမယ့် အခုအခါမှာ Amazon လိုကုမ္ပဏီက လုပ်ကိုင်နေတဲ့ AI Data Center လို နည်းပညာကုမ္ပဏီ၊ AI နည်းပညာနဲ့ အချက်အလက်တွေစုစည်း သရုပ်ခွဲ ပေးတဲ့ Palantir လို နည်းပညာကုမ္ပဏီတွေလည်း ငွေကြေးအကျိုးအမြတ်များစွာ ရနေကြတာ ဖြစ်ပါတယ်။ 

ကမ္ဘာရဲ့ ရေရှည်ရာသီဥတုတွေ သဘာဝဘေးအန္တရာယ်တွေကို ထိပါးလာနေတဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေ ရုပ်ကြွင်းလောင်စာ၊ ကျောက်မီးသွေး သုံးစွဲမှုလျော့ချရေး၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကြောင့် အကျိုးဆက်တွေနဲ့ ဒုက္ခခံစားနေကြရတဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသ၊ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေက ဒုက္ခသည်တွေလိုအပ်တဲ့ ရိက္ခာ၊ လူသားချင်းစာနာမှုအကူအညီတွေအတွက် ကူညီမှုတွေ သိသိသာသာ ဖြတ်တောက်လာနေချိန်မှာ စစ်ပွဲတွေအတွက် တရက်ကို ဒေါ်လာ ဘီလျံချီ သုံးစွဲဖို့ ဝန်မလေးကြတဲ့ အခြေအနေမျိုး တွေ့နေရပါတယ်။ 

စစ်ပွဲတွေဖြစ်ပွားလာရတဲ့ အကြောင်းတွေက ကမ္ဘာပေါ်မှာရှိတဲ့ သယံဇာတ စီမံခန့်ခွဲ လုပ်ကိုင်ခွင့်တွေနဲ့ နယ်မြေချဲ့ထွင်မှုတွေ အပေါ်မှာ အကြောင်းခံပေမယ့် စစ်ပွဲကြောင့် ပေါ်ထွက်လာတဲ့ သန်းနဲ့ချီတဲ့ စစ်ဘေးတိမ်းရှောင်သူ၊ တရားဝင်/ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေ၊ လူကုန်ကူးမှုတွေနဲ့ စစ်ဘေးတိမ်းရှောင်ရင်း ငတ်မွတ်မှုနဲ့ ရောဂါဘေးကြောင့် သေဆုံးရတဲ့ ဖြစ်ရပ်တွေ အပေါ် စစ်ပွဲကို စတင်တဲ့နိုင်ငံ အစိုးရ၊ နိုင်ငံရေးသမားတွေနဲ့  စီးပွားရေးလုပ်ငန်းကြီးတွေက တာဝန်ရှိတယ်လို့ မခံယူကြပါဘူး။ 

ဒီလို စစ်ပွဲတွေနဲ့ ပတ်သက်ပြီး လူအများရဲ့ အမြင် နားလည်မှုတွေကို ပုံဖော်ကြတဲ့အခါမှာ အရင်းရှင်နယ်ချဲ့ နဲ့ အာဏာရှင်နိုင်ငံကြီးတွေက အထောက်အပံ့ပေးထားတဲ့ သတင်းမီဒီယာတွေက နောက်ခံအကြောင်းရင်းကို ဖုံးကွယ်ပြီး လတ်တလော အဖြစ်အပျက်တွေနဲ့ ပုံဖော်ပေးကြတာလည်း တွေ့နေကြရတာ ဖြစ်ပါတယ်။ အခုလတ်တလော အီရန်-အမေရိကန်+အစ္စရေးလ် စစ်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အများစုက အစ္စလာမ်မစ်ဘာသာရေး အစိုးရ၊ အာဏာရှင် အစိုးရ၊ ဒေသတွင်း အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတဲ့ အစိုးရဆိုတာကိုသာ ပုံဖော်ကြပြီး အစ္စရေးလ် နဲ့ အမေရိကန်ရဲ့ စစ်ပွဲကနေ မျှော်လင့်တဲ့ အကျိုးအမြတ်တွေကို မှေးမှိန်ထားကြတာ ဖြစ်ပါတယ်။ ၂ နှစ်ခွဲကျော်ကာလအတွင်း ဂါဇာဒေသမှာ အရပ်သား ၇၂၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု စစ်ဆင်ရေးတွေကို ကျူးလွန်ခဲ့တဲ့ အစ္စရေးလ် အစိုးရ၊ စစ်တပ်ရဲ့ လုပ်ရပ်တွေ၊ ဂါဇာဒေသ လူမျိုးသုဥ်းသတ်ဖြတ်မှုကို လက်နက်နဲ့ ငွေကြေး အကန့်အသတ်မရှိ ထောက်ပံ့ပေးခဲ့တဲ့ အမေရိကန် ပြည်ထောင်စု အစိုးရ ၂ ဆက် (ဘိုင်ဒင် နဲ့ ထရန့်) ရဲ့ ပူးပေါင်းပါဝင်ကျူးလွန်မှုတွေကို အနောက်နိုင်ငံ main stream မီဒီယာတွေက ဖော့ပြီး မှိန်ပြီး ဖေါ်ပြကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အမေရိကန် လေတပ်က ပစ်ချခံရတဲ့ တိုက်လေယာဥ်က လေယာဥ်အမှုထမ်းကို ဘယ်လိုနည်းပညာနဲ့ ဘယ်လောက် ငွေကြေးသုံးပြီး ကယ်ဆယ်တယ်ဆိုတဲ့အကြောင်း တခမ်းတနား ဖော်ပြနေကြပေမယ့် အမေရိကန် ဒုံးကျည်ထိမှန်ပြီး မိန်းကလေးမူလတန်းကျောင်းက ကျောင်းသူ ၁၅၀ သေဆုံးရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ တာဝန်ခံမှုနဲ့ပတ်သက်လို့ ထပ်မံမဖော်ပြကြတော့တာ တွေ့ရမှာပါ။ အမေရိကန် အစိုးရဟာ သူ့ တိုက်လေယာဥ်က ဝန်ထမ်းရဲ့ အသက်တချောင်းကို ကယ်ဖို့ ငွေကြေးနည်းပညာ အများအပြားအသုံးပြုကာ တပ်ဖွဲ့ဝင် တယောက်ရဲ့ အသက်ကို တန်ဖိုးထားကြောင်းပြကာ ဝါကြွားပေမဲ့ အပြစ်မဲ့ သေဆုံးသူ ၁၅၀ အတွက်တော့ တာဝန်ခံပြောဆိုခြင်း မရှိတာကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မြန်မာပြည်သူပြည်သားတွေ အတွက် သင်္ကြန်အကြို အခါသမယမှာ ဆုမွန်ကောင်းတောင်းပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည် ဆက်လက်ယိုယွင်းလျက် ရှိသော်လည်း အဆိုပါအကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးသွားမယ်လို့ အမေရိကန်က သန္နိဋ္ဌာန်ချထားကြောင်း သံရုံးရဲ့ ပေ့ချ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ သင်္ကြန်အခါ သမယဖြစ်တဲ့ အကြိုနေ့ မှာလည်း နေရာအချို့မှာ တိုက်ပွဲတွေ ကျေးရွာမီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပွားနေပြီး ဒီစစ်ပွဲတွေကနေ လွတ်မြောက်ဖို့က မြန်မာနိုင်ငံ အနေနဲ့ မိမိတို့ဘာသာ ရုန်းကန်ကြိုးစားကြရမဲ့ အနေအထားဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ မတရားမှုတွေ၊ အင်အားသာလျှင် အမှန်တရားဆိုပြီး အနိုင်ယူနေတဲ့ ဖြစ်ရပ်တွေ ကြီးစိုးနေချိန်မှာ ပြည်တွင်းစစ်ကနေ လွတ်မြောက်နိုင်ဖို့ ကမ္ဘာက ကူညီလာမယ့် အကူအညီကို မျှော်လင့်ခြင်းဟာ စိတ်ကူးယဥ်မှု တခုသာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar