Breaking News

စက်သုံးဆီ ချွေတာရေးနဲ့ မြန်မာ့စီးပွားရေ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၇ မြင်ကွင်း

(မိုးမခ) ဧပြီ ၈ ၊ ၂၀၂၆


စက်သုံးဆီ ချွေတာရေးနဲ့ မြန်မာ့စီးပွားရေ

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးလ်နဲ့ အမေရိကန်က အီရန်နိုင်ငံကို စတင်တိုက်ခိုက်လိုက်တာဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လောင်စာတွေ ဈေးနှုန်းမြင့်တက်လာပြီး လိုသလောက် ဝယ်ယူဖို့ ခက်ခဲမယ့် အရေးကို အရှေ့အလယ်ပိုင်းဒေသက ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ဝယ်ယူတင်သွင်းနေရတဲ့ နိုင်ငံအားလုံးက နားလည်သဘောပေါက်ခဲ့ကြပါတယ်။ 

နိုင်ငံအသီးသီးမှာ လောင်စာဆီ ပြတ်တောက်မသွားစေဖို့ ချွေတာရေးနည်းလမ်းကို လုပ်ဆောင်ရမဲ့ အရာတွေထဲက အရေးပါတဲ့ လုပ်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ 

ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ဖြန့်ဖြူးရောင်းချတဲ့ အချက်အလက်တွေ ရောင်းချပုံတွေကို အစိုးရတွေက စောင့်ကြည့် ကြပ်မတ်ပြီး မဖြစ်သင့်တဲ့ စျေးနှုန်းတွေ ဖြစ်မလာစေဖို့ အရေးကြီး ဦးစားပေးရောင်းချပေးရမယ့် နယ်ပယ်ကဏ္ဍတွေကို သတ်မှတ်ကြပြီး အစိုးရက စောင့်ကြည့် ကြပ်မတ်လာကြပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေ အနက်က ရေနံမထွက်တဲ့နိုင်ငံတွေ အဖို့ ပိုပြီး အာရုံစိုက် ကိုင်တွယ်ကြရပါတယ်။ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ လာအို နဲ့ ဗီယက်နမ်တို့မှာ ရေနံထွက် လောင်စာဆီ ရောင်းချမှုတွေနဲ့ ပတ်သက်လို့ အစိုးရတွေ ပါဝင်လာကြရပါတယ်။ ဒီအထဲက အချို့သောနိုင်ငံတွေမှာ ဖြန့်ဖြူးမှုဆိုင်ရာ ကိုတာနဲ့ ဦးစားပေးမှုဆိုင်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်လာကြတာလည်း တွေ့ရပါတယ်။ တဖက်မှာလည်း စီးပွားရေးလည်ပတ်မှုကို ကြီးမားတဲ့ သက်ရောက်မှုတွေ မဖြစ်စေဖို့ သတိထားကြရတာလည်း ဖြစ်ပါတယ်။ 

ပြည်တွင်း အသုံးပြုမှုကို ကြပ်မတ်ကြသလို အခုလို စစ်ပွဲဖြစ်နေစဥ်ကာလအတွင်း မိမိတို့နိုင်ငံအတွက် လိုအပ်တဲ့ ရေနံ ပြည်ပက ဝယ်ယူရရှိဖို့ကိုလည်း အာရုံစိုက်ကြရပါတယ်။ အရံသိုလှောင်မှု ကြီးကြီးမားမား ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတောင်းတာတွေ ရှိသလို ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲနေတဲ့ အီရန်နိုင်ငံနဲ့ သံတမန်ရေးအရ ဆက်သွယ်ဆွေးနွေးပြီး မိမိတို့ နိုင်ငံသုံးစွဲဖို့ သယ်ဆောင်လာတဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းခွင့်ရဖို့ ညှိနှိုင်းကြတာလည်း ရှိနေတာပါ။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံက ရေနံ ဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီတခုရဲ့ ရေနံတင်သင်္ဘော ဖြတ်သန်းခွင့်ရခဲ့ကြောင်း သတင်းတွေမှာ ဖတ်ရှုရပါတယ်။ တရုတ် နဲ့ ဂျပန်တို့လို ငွေကြေးအင်အားတောင့်တဲ့ နိုင်ငံတွေ အနေနဲ့ အခုလို အရေးပေါ် အခြေအနေဖြစ်လာရင် လအတန်ကြာ သုံးစွဲနိုင်ဖို့ သိုလှောင်ထားတဲ့ ရေနံတွေကို ခွဲဝေ ရောင်းချပေးဖို့ ရင်းနီးတဲ့နိုင်ငံတွေက တောင်းဆိုတာတွေ ရှိနေကြောင်း သတင်းတွေထဲ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ရေနံဝယ်ယူရရှိရေးအတွက် ဘယ်လို စီမံဆောင်ရွက်နေသလဲ ဆိုတာ အများပြည်သူကို ရှင်းလင်း ပြောဆိုတာမျိုးမတွေ့ ခဲ့ရပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဓါတ်ဆီ ရက် ၄၀စာနဲ့ ဒီဇယ်ဆီ  ရက် ၅၀ စာ ရှိတယ်လို့ ဧပြီလ ၇ ရက်နေ့ နေ့စွဲနဲ့ စစ်အစိုးရက ထုတ်ပြန်လာပြီး ခု ဧပြီလအတွင်း ရေနံတင် သင်္ဘော ၂၆ စင်း တင်သွင်းဖို့ စီမံထားရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အခုလို ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ ဘယ်လောက်ထိ မှန်ကန်နိုင်သလဲ ဆိုတဲ့အပေါ်မှာတော့ သံသယဝင်စရာရှိနေပါတယ်။ 

လောင်စာဆီ ချွေတာ သုံးစွဲတဲ့အစီအစဥ်ကို မတ်လ ၇ ရက်နေ့က စတင်ပြီးနောက်မှာ နေ့စဥ် လောင်စာဆီ သုံးစွဲမှု ပမာဏ ၃ပုံ၁ ပုံနီးပါး လျော့ကျသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ပုံမှန်အခြေအနေမှာ နေ့စဥ်သုံးစွဲမှုပမာဏက ၃.၅၄ ဂါလံသန်း ရှိခဲ့ရာက ချွေတာရေး အစီအစဥ် စတင်ကျင့်သုံးပြီးနောက် တရက်ကို ၂.၅ ဂါလံသန်း အထိလျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီအတွက် နိုင်ငံခြားငွေသုံးစွဲမှု ပမာဏများစွာ လျှော့ချနိုင်မှာ ဖြစ်ပြီး ဒီနှုန်းနဲ့သာ ခြိုးခြံသုံးစွဲခဲ့ရင် နိုင်ငံခြားငွေ တနှစ်ကို ဒေါ်လာ ၂ ဘီလျံခန့် လျော့နည်း သုံးစွဲရမယ်လို့ ဆိုပါတယ်။ 

အခုလို တနေ့ကို  ဂါလန် ၁သန်းနီးပါး ချွေတာလိုက်ခြင်းက ပြည်သူလူထုရဲ့ နေ့စဥ်စီးပွားရေးအပေါ် ဘယ်လောက်သက်ရောက်မှု ဖြစ်သွားသလဲဆိုတာကို ထည့်သွင်းပြောဆိုမထားပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်မြေတွေ အများအပြားကို တော်လှန်ရေးလက်နက်ကိုင် အသီးသီးက ထိန်းချုပ်ထားပေမယ့် ရိက္ခာ၊ လောင်စာဆီ စတဲ့ ကုန်စည်အများစုက ရန်ကုန်၊ မန္တလေးတို့လိုမြို့တွေက တဆင့်နယ်အသီးသီးကို သယ်ယူရောင်းချကြတာ ဖြစ်လို့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသအချို့မှာသာ အိမ်နီးချင်းနိုင်ငံဘက်က တင်သွင်းသုံးစွဲနိုင်ပြီး အများစုကတော့ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေးကတဆင့် သယ်ဆောင်လာတဲ့ လောင်စာဆီကို သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ 

ခြိုးခြံချွေတာရေး အစီအစဥ်က အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့သူတွေကို လောင်စာဆီ တန်းစီဝယ်ယူပြီး ပြန်လည်ရောင်းချဖို့ လမ်းကြောင်းထဲ တွန်းပို့လိုက်သလို ဖြစ်စေပါတယ်။ အလားတူပဲ စက်သုံးဆီဖြန့်ဖြူးတဲ့ဆိုင်တွေအနေနဲ့လည်း တရားဝင် ဖြန့်ဖြူးရောင်းချတဲ့ စျေးနှုန်းနဲ့ ပြင်ပက မှောင်ခိုဈေးနှုန်း ကွာဟချက် ကြီးလာလေလေ တရားဝင်ဈေးထက်မြင့်တဲ့ မှောင်ခိုစျေးနဲ့ ထုတ်ရောင်းတာမျိုးတွေ လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ 

လောင်စာဆီ ဝယ်လိုအားနဲ့ ရောင်းအားမမျှခြင်းက မှောင်ခိုဈေး၊ ရှားပါးမှုတွေကို မွေးထုတ်လိုက်သလို ဖြစ်စေပြီး လူသုံးကုန် ၊ စိုက်ပျိုးရေးထွက် ကုန်စျေးနှုန်း၊ ဝန်ဆောင်ခ စတာတွေကို မြင့်တက်စေခဲ့ပြီ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ကုန်စည်ပို့ဆောင်ခ၊ ခရီးသွားလာစရိတ် အားလုံးကို မြင့်တက်စေခဲ့ပြီး တလတာ အချိန်ကာလအတွင်း လူနေမှုစရိတ် ကြီးမြင့်လာခဲ့တာ တွေ့မြင်နေရပါတယ်။ 

စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍတို့ကို ထိခိုက်မှုက မြန်မာနိုင်ငံစီးပွားရေးနဲ့ လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေရလမ်းတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်။ 

တလတာကြာမြင့်လာပြီဖြစ်တဲ့ လောင်စာဆီ ပြဿနာက နောက်ထပ် ဘယ်နှလ ကြာမြင့်ဦးမလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ကြသေးပါဘူး။ ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ခွဲတမ်းအရ ဝယ်ယူနိုင်တဲ့ စျေးနှုန်းနဲ့ မှောင်ခိုစျေးကွက်က ဈေးနှုန်းက ၂ ဆကနေ ၃ ဆနီးပါးအထိ ရှိနေပြီး နယ်စပ်ဒေသတွေ အဆင့်ဆင့်သော အခွန်အကောက်၊ တားမြစ်မှုတွေကို ကျော်ဖြတ်ပြီးနောက် အစွန်အဖျားနယ်တွေ ရောက်တဲ့အခါ ဈေးနှုန်းက မျှော်လင့်မထားလောက်တဲ့ ၃ ဆကနေ ၅ ဆလောက်ထိ မြင့်တဲ့ ဈေးနဲ့ ဝယ်ယူသုံးစွဲနေကြရတဲ့အကြောင်း သတင်းတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ လောင်စာဆီ အကျပ်အတည်းကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့မှာလည်း ထိခိုက်မှုတွေ အခက်အခဲတွေ စျေးနှုန်းမြင့်တက်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံလောက် ကမောက်ကမ အခြေအနေမျိုး ဖြစ်တဲ့ နိုင်ငံရှိမယ် မထင်ပါဘူး။ 

ဒီလို အခြေအနေတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ စက်သုံးဆီဖြန့်ဖြူးရောင်းချပေးသည့် အခြေအနေ ထုတ်ပြန်ချက်မှာ တခွန်းတပါဒမျှ မပါရှိပါဘူး။ 

လောင်စာဆီ အကြပ်အတည်းက နကိုကတည်းက လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေး အကြပ်အတည်း၊ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ အကျပ်အတည်းတွေနဲ့ မွန်းကြပ်နေပြီးဖြစ်တဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို လည်မျိုညှစ်ခံရတဲ့ သဖွယ် အကြပ်ဆိုက်စေခဲ့တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar