Breaking News

SCEF က ဘာတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်မလဲ

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၁ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၂ ၊ ၂၀၂၆

SCEF က ဘာတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်မလဲ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ (SCEF) လို့အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ကြားကာလ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေပါဝင်စုစည်းထားတဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၀ ရက်နေ့မှာ လူသိရှင်ကြား အသိပေးကြေညာခဲ့ပါတယ်။ 

ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က အသွင်ကူးပြောင်းမှုကာလ အစီအမံ ပြဌာန်းကျင့်သုံးမှု မတိုင်မီတော်လှန်ရေးကာလမှာ ဖွဲ့စည်းတာလို့ ဆိုထားပြီး မဏ္ဍိုင်အစုအဖွဲ့ ၃ ခု ကို အခြေပြုဖွဲ့စည်းမယ်လို့ ဆိုပါတယ်။ အဲဒီ မဏ္ဍိုင်အစုအဖွဲ့ ၃ ခု ကတော့ ၁.ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြု ကိုယ်စားလှယ် ၂.ပြည်သူ့ကိုယ်စားပြု/ကိုယ်စားလှယ် ၃.အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ် အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ 

အဲလို အုပ်စု ၃ စုကို အခြေပြုပြီးဖွဲ့စည်းထားတယ်လို့ ဆိုပေမယ့် လောလောဆယ်မှာတော့ ပထမဆုံးမဏ္ဍိုင် ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့ အမှတ် ၂ မဏ္ဍိုင် အစုအဖွဲ့က ပြည်သူ့ကိုယ်စားလှယ်လို့ ဆိုတဲ့ CRPH တို့သာ ပါဝင်တာတွေ့ရပြီး အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင်အစုအဖွဲ့က မပါဝင်သေးပါဘူး။ 

ဒီနေရာမှာ SCEF မှာ ပါဝင်နိုင်ဖို့ အရည်အချင်းသတ်မှတ်ချက်တွေလည်း သတ်မှတ်ထားတယ်လို့ ဧပြီ ၁၁ ရက်နေ့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားပေမယ့် ယေဘုယျဆန်တဲ့ သတ်မှတ်ချက်တွေ ဖြစ်နေသေးတာတွေ့ရပါတယ်။ 

အဖွဲ့ဝင်တွေ ထပ်ပြီးပါဝင်လာနိုင်ဖို့ ဆက်လက်စည်းရုံးသွားမယ်လို့ ပြောဆိုထားတာလည်း တွေ့ရပါတယ်။ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် တပ်တွေ အနည်းဆုံး ၁ ဒါဇင်ထက်မက ရှိနေပြီး အဓိက အင်အားကြီးတဲ့အဖွဲ့အချို့က ပထဝီနိုင်ငံရေးအနေအထားအရ မပါဝင်နိုင်တာ သို့မဟုတ် ၄င်းတို့အနေနဲ့ သီးခြားရည်မှန်းချက် ရှိကောင်းရှိနေနိုင်တဲ့ အချက်တွေကြောင့် SCEF မှာ ပါဝင်နိုင်ဖို့ ခက်ခဲမယ့် အနေအထားလည်း တွေ့နေရပါတယ်။ ဥပမာအားဖြင့် ပြောရရင် Arakan Army ၊ UWSA, MNDAA, TNLA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ SCEF မှာပါဝင်လိုတဲ့ ပါဝင်နိုင်တဲ့ အရိပ်လက္ခဏာ မတွေ့ရပါဘူး။ Arakan Army လိုအဖွဲ့အနေနဲ့ သီးခြား ရည်မှန်းချက်ရှိနေလိမ့်မှာ ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် အဖွဲ့၊ FPNCC လို မဟာမိတ်အဖွဲ့တွေမှာသာ ပါဝင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ UWSA အနေနဲ့ကတော့ ဆယ်စုနှစ် ၃ ခုဝန်းကျင် ရထားတဲ့ နိုင်ငံခြားဆက်ဆံရေးကလွဲရင် မိမိတို့ကံကြမ္မာမိမိတို့ ဆုံးဖြတ်အုပ်ချုပ်ပိုင်ခွင့်ရနေတဲ့ အနေအထားမှာ ဗဟိုအစိုးရနဲ့ တိုက်ရိုက်ပြဿနာ မဖြစ်အောင် နေထိုင်ဖို့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး မပျက်ဖို့ ၂ ချက်ကို အခြေခံထားတာကြောင့် SCEF မှာ ပါဝင်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ 

၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးစတင်ပြီး လပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ NUCC လို အဖွဲ့ ရှိနေလျှက်နဲ့ အခုလို SCEF ဘာကြောင့်ထပ်ဖွဲ့ဖို့ လိုအပ်သလဲ ဆိုတဲ့မေးခွန်းလည်း ရှိနေတာပါ။ NUCC မှာပါဝင်တဲ့ ကိုယ်စားပြု အစုအဖွဲ့တွေကိုကြည့်တဲ့အခါ အခု SCEF နဲ့ အသွင်သဏ္ဍာန်တူတဲ့ စုဖွဲ့မှုတွေလို့ ဆိုနိုင်ပါတယ်။ NUCC မှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အထွေထွေသပိတ်ကော်မတီတွေ ကိုယ်စားပြုပါဝင်နေတာ ဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့ အစပိုင်းကာလမှာ မြို့ပေါ်မှာအားကောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ အင်အားစုတွေ ဖြစ်လို့ ကိုယ်စားပြုပါဝင်နေတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ 

နွေဦးတော်လှန်ရေး ၅ နှစ်ကြာလာပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်က အဓိကလမ်းစဥ်ဖြစ်လာတဲ့ အခုလို အခြေအနေမှာတော့ အထွေထွေ သပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အဓိကမကျတော့တဲ့ အနေအထားလို့ ရှုမြင်လာကောင်း ရှုမြင်နိုင်ပါတယ်။ 

ဒီအခြေအနေတွေက NUG, CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက NUCC ကို ဆက်လက် အသုံးမပြုချင်တော့တဲ့ အမြင်မျိုး ရှိလာတာလည်း ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ယခု SCEF မှာပါဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ NUCC မှာပါဝင်မှုကို ဆိုင်းငံ့ထားတဲ့ အကြောင်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ဒီလို အပြောင်းအလဲ အနေအထားကို အကဲခတ်ကြည့်တဲ့အခါ SCEF ဟာ NUCC နေရာမှာ အစားထိုးဖို့ ရည်ရွယ်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတရပ်လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။

SCEF အနေနဲ့ စစ်ရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို စုစည်းညှိနှိုင်းဖို့ အဓိကရည်ရွယ်ထားပြီး တော်လှန်ရေး အောင်မြင်ရေးအတွက် ဦးဆောင်ညှိနှိုင်းခေါင်းဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း အဖွဲ့ဖွဲ့စည်းပြီးနောက် တင်ပြရာမှာ တွေ့ရှိရပါတယ်။ 

အခုလို SCEF ဖွဲ့စည်းနိုင်ခြင်းက စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားမယ့် လက်နက်ကိုင် တော်လှန်ရေးအတွက် ဘယ်လောက် သက်ရောက်မှုတွေ ရှိလာစေမလဲ။ ၁၀၂၇ စစ်ဆင်ရေးရဲ့ စစ်ရေးအောင်မြင်မှု အမြင့်ဆုံးအချိန်ကာလ ဖြစ်တဲ့ ၂၀၂၄ နှစ်လယ်ပိုင်းနဲ့ နှောင်းပိုင်း ကျော်လွန်ပြီးနောက် တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ အပြောင်းအလဲ နဲ့ အရှေ့မြောက်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့  စစ်အာဏာရှင်တပ်နဲ့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ 

ယခု SCEF မှာပါဝင်တဲ့ K3C လို့ အတိုကောက်ခေါ်ဆိုတဲ့ KIA, KNLA,KA, CNF နဲ့ NUG လက်အောက်က PDF တပ်တွေအနေနဲ့ စစ်ရေးအရှိန် ဘယ်လိုပြောင်းလဲအောင် ဖေါ်ဆောင်ကြမလဲ ဆိုတဲ့မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar