မောင်လူမွှေး - ကျွန်တော်တို့အားလုံးရဲ့ အမေ
မောင်လူမွှေး - ကျွန်တော်တို့ အားလုံးရဲ့အမေ
မိုးမခ ၊ မေ ၆ ၊ ၂၀၂၆
စစ်တပ်က အမေ့ကို နေအိမ်အကျယ်ချုပ်ပြောင်းတဲ့အကြောင်း အမေ့ဓာတ်ပုံ ခပ်ဝါးဝါးနဲ့ ထုတ်ပြန်တယ်။ မောင်လူမွှေးတစ်ယောက် ခပ်ဝါးဝါးသာမြင်ရတဲ့ အမေ့မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိတယ်။ အရင်တုန်းက ဓာတ်ပုံအဟောင်းကို ထုတ်ပြန်တာလား၊ အေအိုင်နည်းပညာနဲ့ ထုတ်ပြန်တာလား မပြောနိုင်ပေမဲ့ သေချာတာကတော့ အမေ့မျက်နှာကို ကြည့်တိုင်း အမေ့ရဲ့ မေတ္တာဓာတ်ကို "လှိုက်ခနဲ" ခံစားရတာ ဖြစ်တယ်။ အမေ့ရဲ့ မျက်နှာကို ကြည့်ပြီးနောက် မောင်လူမွှေးဟာ ခင်ဝမ်းရဲ့ "အမေ" သီချင်းကို မကြာမကြာ နားထောင်နေမိပါတော့တယ်။
"အမေရဲ့ ရင်ခွင်မှာ ငါတို့ ကြီးပြင်းခဲ့တယ်... အမေရဲ့ နို့ရည်ကို သောက်စို့ခဲ့ပြီ... အမေရဲ့ချိုတေးမှာ အိပ်စက်ခဲ့ကြတယ်... ငါတို့အားလုံးရဲ့ အမေ... တည်ငြိမ်တဲ့ အသည်းနှလုံးပိုင်ရှင်"
"အမေ့ရဲ့ အခြေအနေ မြင့်မားနေချိန်မှာ ငါတို့တတွေ... လောကကြီး တစ်ခုလုံးမှာ... ပလွှားနိုင်ခဲ့တယ်... ငါတို့အားလုံးရဲ့အမေ... တာဝန်ကျေမှ ပြုံးပျော်တတ်သူ"
တကယ်တော့ မောင်လူမွှေးတို့ နိုင်ငံက လူငယ်တွေဟာ အမေ လွှတ်တော်ထဲကို ရောက်တဲ့ ၂၀၁၂ ခုနှစ်ကစ စိတ်ဓာတ်တွေ တက်ကြွခဲ့ကြတယ်။ အမေ နိုင်ငံကို ဦးဆောင်ခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ကြား ငါးနှစ်တာကာလမှာ မောင်လူမွှေးတို့ နိုင်ငံက လူငယ်တွေဟာ ကမ္ဘာမှာ မျက်နှာမော့ ရင်ကော့ရဲလာကြတယ်ဆိုတာ ငြင်းမရဘူး။
အမေဟာ သူ တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ လူငယ်တွေ အပါအဝင် ပြည်သူတွေကို လွတ်လပ်ခွင့်ရအောင် ကြိုးပမ်းခဲ့တယ်။ အမေ့ကို ထောက်ခံတဲ့ လူငယ်တွေရော၊ အမေ့ကို မထောက်ခံတဲ့ လူငယ်တွေရောကို တန်းတူ ပလွှားခွင့်ရအောင် အမေဟာ ကြိုးပမ်းခဲ့ရှာတယ်။ တကယ်အလုပ်လုပ်တဲ့သူတွေရော၊ ပေါ်ပင်အလုပ်လုပ်တဲ့သူတွေရော အမေ့လက်ထက်မှာ ပလွှားနိုင်ခဲ့ပါတယ်။ အမေဟာ တာဝန်ကျေပွန်ဖို့ကို သူကိုယ်တိုင် စံပြအဖြစ် လူငယ်တွေကို လေ့ကျင့်ပေးခဲ့သူဖြစ်ပါတယ်။
"အမေရဲ့အခြေအနေ ယိမ်းယိုင်နေချိန်မှာ အမေကို စွန့်ခွာ... ထွက်သွားကြတယ်... အမေရဲ့သားများကို ခွင့်လွှတ်နိုင်ခဲ့တယ်... ငါတို့အားလုံးရဲ့အမေ... လောကဓံကို ရင်းနှီးကျေနပ်သူ"
အဆိုတော် ခင်ဝမ်းရဲ့ အမေသီချင်းထဲက ဒီစာပိုဒ်ကို နားထောင်နေချိန်မှာ မောင်လူမွှေးဟာ အမေ့မျက်နှာကို စိတ်ထဲကနေ ရှင်းရှင်းလင်းလင်းမြင်ပြီး ကြည်ညိုမိတယ်။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေရေးတဲ့ စာတွေဖတ်ပြီး ရှစ်ဆယ့်ရှစ် ကျောင်းသားအချို့နဲ့ သဘောထားမတိုက်ဆိုင်တာတွေ ရှိပေမဲ့ အမေဟာ မေတ္တာမပျက်ခဲ့သလို ကာကွယ်မှုကိုလည်း သူ တတ်နိုင်သလောက် ပေးခဲ့တယ်။ စစ်တပ်က ထုတ်ပြန်ထားတဲ့ အမေ့ဓာတ်ပုံမှာလည်း လောကဓံကို ရင်းနှီးကျေနပ်သူရဲ့ ကြည်ညိုဖွယ်ရုပ်ရည်သွင်ပြင်ကို မြင်နေရပါတယ်။
ဒီနိုင်ငံတွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အမေသိမှ သိပါလေစ။ ဒီနိုင်ငံမှာ ကလေးတွေ၊ လူငယ်တွေ များစွာသေဆုံးခဲ့ပြီဆိုတာ အမေ သိပါလေစ။ အမေ့ပုံချိတ်ထားတဲ့ နေအိမ်သောင်းချီပြီး မီးရှို့ဖျက်ဆီးခံထားရတယ်ဆိုတာ အမေ သိပါလေစ။
ဖြစ်နိုင်မယ်ဆိုရင် အကျဉ်းချခံထားရတဲ့ အမေ့ကို နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နွေဦးတော်လှန်ရေးအကြောင်း အကျဉ်းရုံးပြီး ရှင်းပြချင်လိုက်တာ။ ဘယ်သူတွေက ပြည်သူ့အကျိုးကို ရှေးရှုပြီး၊ ဘယ်သူတွေက ပါတီ၊ အဖွဲ့အစည်းအကျိုးကို ရှေးရှုနေကြတယ်ဆိုတာ၊ ဘယ်သူတွေက ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်နေတယ်ဆိုတာတွေ ပြည်သူတွေက အမေ့ကို တိုင်ချင်နေကြမှာ သေချာတာပေါ့။
နွေဦးတော်လှန်ရေးမှာ ပြည်သူ့အကျိုးကို ရှေးရှုနေတဲ့ လူငယ်ရဲဘော်တွေ များစွာရှိနေဆဲပါအမေ။ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး တော်လှန်ရေးကို ထောက်ခံနေတဲ့ ပြည်သူတွေ ထုအလိုက်ရှိနေဆဲပါအမေ။ ဒီလို လူငယ်တွေ၊ ဒီလိုပြည်သူတွေနဲ့ စစ်အာဏာရှင်ပျက်သုဉ်းရေးကို အသက်စွန့်တိုက်ပွဲဝင်နေကြကြောင်း အမေ့ကို ပြောပြချင်လိုက်တာ...။
"အမေ... ကျွန်တော်တို့မှာ ညီအစ်ကိုများစွာရှိတယ်
အမေ နိမ့်ကျနေချိန်မှာ ကျွန်တော်တို့ စိတ်မပျက်ပါ
လောကဓံကို ခံနိုင်တဲ့ အမေ့ရဲ့သားတွေ
လောကကြီးမှာ နိမ့်ကျလျက် အမြဲမနေပါ
သာယာတဲ့အချိန်မှာ ပျော်ရွှင်နိုင်ကြဖို့ ကနေ့ လုံ့လစိုက်ပါ့မယ်
ကျွန်တော်တို့အတွက် အင်အားကတော့ အမေရဲ့ ထာဝရအချစ်ပါ အမေ"
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar