မြန်မာ စစ်ခေါင်းဆောင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဥ်
မြန်မာနွေဦးခရိုနီကယ် - မေ ၃၀ မြင်ကွင်း
(မိုးမခ) မေ ၃၁ ၊ ၂၀၂၆
မြန်မာ စစ်ခေါင်းဆောင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဥ်
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် အနေနဲ့ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဝတ်လဲကာ သမ္မတရာထူးရယူပြီးနောက် လအနည်းငယ်အကြာမှာ အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဥ် သွားရောက်ဖို့ ဖိတ်ကြားခံခဲ့ရပြီး မေလ ၃၀ ရက်နေ့မှာ နေပြည်တော်ကနေ အိန္ဒိယနိုင်ငံ ဂါယာလေဆိပ်ကို ထွက်ခွာသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် တပ်ချုပ်ရာထူးနဲ့ တာဝန်ယူထားတဲ့ ၅ နှစ်တာကာလမှာ အိန္ဒိယနိုင်ငံအနေနဲ့ အခုလို တရားဝင်ဖိတ်ကြားခဲ့တာ မရှိခဲ့ဘဲ ရွေးကောက်ပွဲလည်း ကျင်းပပြီး၊ အရပ်ဝတ်လဲပြီးနောက်မှာ ဖိတ်ကြားတာဟာ ဘယ်လို သဘောမျိုး သက်ရောက်သလဲလို့ မှန်းဆကြည့်တဲ့အခါ ရွေးကောက်ပွဲပြီးနောက် အရပ်ဝတ်လဲလိုက်တဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းဟာ ပြီးခဲ့တဲ့ ၅ နှစ်တာမှာ ရှိခဲ့တဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး နောက်တဆင့်တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာလားလို့ ယူဆစရာ ရှိသလို၊ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထား အပြောင်းအလဲတွေကြောင့် ဆီလျော်တဲ့ ဆက်ဆံရေးမျိုး ရှိစေဖို့ ဖိတ်ကြားတာလား လို့ မှန်းဆစရာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာအာဏာသိမ်းစစ် အစိုးရကို အသိအမှတ်မပြု၊ မဆက်ဆံဘဲ မနေခဲ့ဘဲ ထိတွေ့ဆက်ဆံမှု၊ စစ်တပ်အချင်းချင်း ထိတွေ့ဆက်ဆံမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာ ၈ လေးလုံး အရေးတော်ပုံဖြစ်ပွားပြီးနောက် စစ်အာဏာသိမ်းချိန်မှာ ထိုစဥ်က အိန္ဒိယဝန်ကြီးချုပ် ဖြစ်သူ ရာဂျစ်ဂန္ဒီ အစိုးရအနေနဲ့ မြန်မာအတိုက်အခံအင်အားစုကို အားပေးခဲ့သလို ထိုစဥ်က အိန္ဒိယအစိုးရရဲ့ အောအိန္ဒိယ ရေဒီယိုကနေ မြန်မာအာဏာသိမ်းစစ်အစိုးရကို ဝေဖန်ပြောဆိုတဲ့ထုတ်လွှင့်မှုတွေ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အခြေအနေက ၁၉၈၈ ခုနှစ် နောက်ပိုင်းအခြေအနေမျိုးမဟုတ်ဘဲ အိန္ဒိယအစိုးရ အနေနဲ့ စစ်အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်နဲ့ အဆက်အသွယ် မပြတ်စေခဲ့ပဲ ထိတွေ့ဆက်ဆံမှု၊ တစုံတရာ အကူအညီပေးမှု မူဝါဒနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။
အခု မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ခရီးစဥ်ဟာ ရွေးကောက်ပွဲကျင်းပပြီး ၄ လကျော် ၅ လအကြာ အစိုးရဖွဲ့အပြီး ၂ လမပြည့်ခင်မှာ အိန္ဒိယအစိုးရ အနေနဲ့ သမ္မတ ရာထူးရယူထားသူကို တရားဝင် ဖိတ်ကြားတာဖြစ်လို့ မြန်မာစစ်ခေါင်းဆောင် အနေနဲ့ အိန္ဒိယကို ကျေးဇူးတင်နေမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်နဲ့ နှစ်ဆန်းတုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲမှာလည်း အိန္ဒိယအစိုးရအနေနဲ့ မဲပေးစက်တွေ အကူအညီပေးခဲ့တာ ဖြစ်သလို မကြာသေးခင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခါးခွဲစိတ်တဲ့ ကုသမှုခံယူရာမှာတောင် အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ ကျွမ်းကျင်တဲ့ဆရာဝန် စေလွှတ်ပြီး ကူညီခဲ့တာကို ကြည့်ရင် အိန္ဒိယနဲ့ မြန်မာစစ်ခေါင်းဆောင်တွေ အကြား ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ အိန္ဒိယအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံဖြစ်အောင် ကူညီတာမျိုးထက် အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တဲ့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး၊ ဒေသတွင်း အာဏာချိန်ခွင်လျှာ၊ အိန္ဒိယအရှေ့မြောက်ပိုင်းက ပြည်နယ်အချို့မှာ အိန္ဒိယအစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ သူပုန်အဖွဲ့တွေနဲ့ ပတ်သက်လို့ အိမ်နီးချင်း မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့တို့က ဒီမိုကရေစီ နည်းကျ တက်လာတဲ့ အစိုးရဖြစ်ရေး မဖြစ်ရေးထက် ပိုအလေးထားတာ ဖြစ်ပါတယ်။
တနည်းအားဖြင့် ဆိုရရင် နိုင်ငံရေး စနစ်ကို ထောက်ခံတာ၊ မထောက်ခံတာထက် လုံခြုံရေးကိစ္စရပ်တွေကို ပိုမိုဦးစားပေးပြီး ဆက်ဆံတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အိန္ဒိယ မြန်မာနယ်စပ်တလျှောက်မှာ တောင်ဘက်ဆုံးမီဇိုရမ်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် နယ်ခြားတလျှောက်မှာ ရှိနေကြတဲ့ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်လို့ မီဇိုရမ်ပြည်နယ်အစိုးရကို ဗဟို အစိုးရက ကြီးကြီးမားမား ဖိအားပေးတာမရှိပေမဲ့ ဘာသာစကားနဲ့ လူမျိုး နီးစပ်မှုရှိတဲ့ ချင်းတိုင်းရင်းသားတွေအပေါ် မီဇိုရမ်ပြည်နယ်အစိုးရ လူသားချင်းစာနာမှု အကူအညီတွေပေးတာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံခွင့်၊ ပညာသင်ကြားခွင့်ပေးတာတွေ ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် မြောက်ဘက်က မဏိပူရ်ပြည်နယ်နဲ့ မြန်မာနိုင်ငံဘက်ခြမ်း စစ်ကိုင်းတိုင်း တမူးကဘော်ဒေသမှာတော့ ချင်းပြည်နယ်နဲ့ အနည်းငယ်ကွာခြားတဲ့ ဆက်ဆံရေး အနေအထားဖြစ်ပါတယ်။
အခု မြန်မာစစ်ခေါင်းဆောင်ရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဥ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုခိုင်မာအောင် လုပ်ဆောင်ကြဖို့၊ ကုန်သွယ်ရေး၊ ငွေကြေးဆိုင်ရာ ဆက်ဆံရေး၊ ကာကွယ်ရေး နဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။
ခရီးစဥ်က ၅ ရက်ကြာမြင့်မှာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင် အနေနဲ့ အိန္ဒိယ သမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာပါ။ ရခိုင်ပြည်နယ်ကို ဖြတ်သန်းဖေါက်လုပ်ထားတဲ့ ကုလားတန် ဘက်စုံစီမံကိန်းလို့ ခေါ်တဲ့ အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေအဖို့ ဘင်္ဂလားပင်လယ်အော်ကို ရေလမ်းနဲ့ ကုန်သွယ်ရေး ထွက်ပေါက် စီမံကိန်းကိစ္စလည်း ဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။ ကုလားတန်ဘက်စုံစီမံကိန်းဟာ မီဇိုရမ်ပြည်နယ်ကနေ ကုလားတန်မြစ်ကြောင်းတလျှောက် စုန်ဆင်းလာပြီး စစ်တွေမြို့မှာ ပင်လယ်ဆိပ်ကမ်းကတဆင့် ကုန်စည်ပို့ဆောင်ရေး သယ်ယူရေး အတွက်ရည်ရွယ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ စတင်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကုလားတန်မြစ်ဝှမ်းဒေသ အများအပြားကို လက်ရှိ AA လက်နက်ကိုင်တပ်ဖွဲ့က ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။ စစ်တွေမြို့ရှိ ဆိပ်ကမ်းနဲ့ပတ်သက်တဲ့ ဆောက်လုပ်မှုတွေက ပြီးစီးနေပြီဖြစ်ပေမယ့် ကုလားတန်မြစ်ကြောင်းတလျှောက် တန် ၃၀၀ သွား သင်္ဘောတွေ သွားလာနိုင်အောင် သောင်တူးတာမျိုးတွေ၊ ပလက်ဝနဲ့ အိန္ဒိယနယ်စပ်အကြား ဆက်သွယ်မယ့်ကားလမ်း ဖောက်လုပ်ဖို့ စတာတွေ လုပ်ဆောင်ဖို့ လိုသေးတဲ့အနေအထား ဖြစ်သလို ပြီးခဲ့တဲ့နှစ်တွေမှာ အဆိုပါဒေသတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ AA လက်နက်ကိုင် အဖွဲ့တို့အကြား စစ်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့ကြလို့ အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
အိန္ဒိယ အစိုးရအနေနဲ့ အာဏာသိမ်းစစ်အစိုးရနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလ အတွင်း ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ထားပြီး အဆက်အသွယ် မပြတ်ရှိနေခဲ့ပေမဲ့ အခု အရပ်ဝတ်လဲပြီး ရွေးကောက်ခံ အစိုးရအဖြစ် အသွင်ယူလိုက်တဲ့နောက်မှာ တရားဝင် ခရီးစဥ်ဖိတ်ကြားခဲ့ခြင်းဟာ သံတမန်ရေးအရ အပြည့်အဝထောက်ခံမှုတရပ်သဖွယ် ဖြစ်စေပြီး မကြာခင်ကာလတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြင်တွေ့လာရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။
အိန္ဒိယနယ်စပ်ကို အခြေပြုထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အိန္ဒိယအစိုးရရဲ့ ပေါ်လစီမူဝါဒ အရွေ့ကို သတိနဲ့စောင့်ကြည့် နေကြရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar