Breaking News

K-Shaped Economy ဆိုတာ ဘာလဲ?



K-Shaped Economy ဆိုတာ ဘာလဲ?

ပဲခူးဆား သာဂိ

မိုးမခ ၊ မေ ၁၉ ၊ ၂၀၂၆


K-shaped economy ဆိုတာ စီးပွားရေး ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ လူတချို့နဲ့ လုပ်ငန်းတချို့က အရမ်းကောင်းလာပေမဲ့ တခြားလူတချို့နဲ့ လုပ်ငန်းတချို့က ပိုဆိုးသွားတဲ့ အခြေအနေကို ဆိုလိုပါတယ်။ “K” စာလုံးပုံစံလိုပဲ လမ်းကြောင်းနှစ်ခု ကွဲသွားတာပါ။ တစ်ဖက်က အပေါ်ကိုတက်သွားပြီး တစ်ဖက်က အောက်ကိုကျသွားပါတယ်။ (K)

အပေါ်တက်သွားတဲ့အုပ်စုမှာ အွန်လိုင်း အင်တာနက်ပေါ်က လုပ်ငန်းတွေ၊ နည်းပညာကုမ္ပဏီတွေ၊ ငွေကြေး ရင်းနှီးမြှုပ်နှံသူတွေ၊ အိမ်နဲ့ စတော့ပိုင်ဆိုင်သူတွေ၊ အစကတည်းက ချမ်းသာသူတွေ၊ ဝင်ငွေမြင့်သူတွေ ပါဝင်ပြီး သူတို့က ပို ပို ချမ်းသာလာကြပါတယ်။

အောက်ကျသွားတဲ့အုပ်စုမှာတော့ အခြေခံအလုပ်သမားတွေ၊ အသေးစား မိသားစု လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ လက်လုပ်လက်စားတွေ၊ ဝင်ငွေနည်းသူတွေ ပါဝင်ပြီး သူတို့က ပိုခက်ခဲလာကြပါတယ်။

ဒါကြောင့် စီးပွားရေးတစ်ခုတည်းအတွင်းမှာပဲ တချို့ ကဏ္ဍတွေ တက်လာပြီး တချို့ ကဏ္ဍတွေ ကျဆင်းသွားတာကို K-shaped economy လို့ ခေါ်တာပါ။ အခုဆိုရင် စိုက်ပျိုးရေး မွေးမြူရေးတွေ လုပ်အားစိုက်ထုတ်လုပ်ရသူတွေ ဝင်ငွေကျ၊ စီးပွားကျတာကို ရင်ဆိုင်နေရပါတယ်။

COVID နောက်ပိုင်း အမေရိကန်မှာ ဒီလိုအခြေအနေကို သိသိသာသာ တွေ့ခဲ့ရပါတယ်။ Amazon, Nvidia နဲ့ AI/Tech companies တွေလို ကုမ္ပဏီကြီးတွေ၊ stock market တွေက အမြတ်အစွန်းတက်လာပေမယ့် မိသားစုပိုင် အသေးစားလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ အောက်ခြေလုပ်သားတွေကတော့  အလုပ်လက်မဲ့ဖြစ်တာ၊ အကြွေးတွေ တင်ကုန်တာတွေ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာလည်း K-shaped economy လက္ခဏာတွေ တွေ့နိုင်ပါတယ်။ ဒေါ်လာပိုင်သူတွေ၊ ရွှေနဲ့ အိမ်ခြံမြေပိုင်သူတွေ၊ import/export လုပ်ငန်းတချို့က အခြေအနေကောင်းလာနိုင်ပေမယ့် လစာနဲ့အသက်မွေးသူတွေ၊ အသေစားလုပ်ငန်း မိသားစုလုပ်ငန်းတွေ၊ အခြေခံလုပ်သားတွေ၊ ပုံသေလစာရသူတွေက ငွေဖောင်းပွမှု (ကုန်ဈေးနှုန်းတက်လာတာ) ဖိအားကြောင့် ပိုခက်ခဲလာနိုင်ပါတယ်။

ဒီလိုအခြေအနေရဲ့ အန္တရာယ်ကတော့ လူချမ်းသာနဲ့ လူဆင်းရဲကြား ကွာဟချက် ပိုကြီးလာတာ၊ လူနေမှု အဆင့်အတန်း မညီမျှမှု တိုးလာတာ၊ လူလတ်တန်းစားတွေ အားနည်းလာတာနဲ့ နိုင်ငံရေး၊ လူမှုရေး မတည်ငြိမ်မှုတွေ သည်ထက်ကို ပိုပြီး ဖြစ်လာနိုင်တာပါ။

အကျဉ်းချုပ်ပြောရရင် K-shaped economy ဆိုတာ စီးပွားရေးတွေ တချို့အတွက် ပြန်ကောင်းလာပေမယ့် လူတိုင်းအကျိုးမခံစားရဘဲ တချို့က ပိုချမ်းသာလာပြီး တချို့က ပိုခက်ခဲလာတဲ့ အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။

အမေရိကမှာကတော့ သည်လိုဖြစ်တာကို ထရန့်က အရင်သမ္မတ ဘိုင်ဒင်ကြောင့်လို့ ပြစ်တင်တတ်ပြီး၊ မြန်မာပြည်မှာကတော့ မင်းအောင်လှိုင်က အရင် အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ ပြစ်တင်နေသလား မသိပါ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar