Breaking News

နေသွင်ညိဏ်း - အေအိုင်၊ စီလီကွန် ကန့်လန့်ကာနဲ့ ဒီမိုကရေရဲ့ အနာဂတ်

အေအိုင်၊ စီလီကွန် ကန့်လန့်ကာနဲ့ ဒီမိုကရေရဲ့ အနာဂတ်
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၃၊ ၂၀၂၆


လွန်ခဲ့တဲ့ ၇ နှစ်လောက်က ဖြစ်မယ်။ AI ကိစ္စ ကျနော် သူငယ်ချင်းတယောက်ကို ပြောတော့ သူက ငါတို့နဲ့ မဆိုင်ပါဘူး။ အဝေးကြီးလို့ ပြောတယ်။ 
Facebook ပေါ်ခါစက။ လူတွေက Facebook ပေါ်က ရေးသမျှကို တကယ်ထင်ကြတယ်။ မြန်မာတွေက social media သုံးရတာ နောက်ကျတယ်။ ဖုန်းနဲ့ အင်တာနက် သုံးရတာလည်း နောက်ကျတယ်။ ဆိုတော့ မြန်မာအများစုအတွက်ပြောရင် keypad ဖုန်းကို မသုံးလိုက်ရဘဲ smartphone ခေတ်ထဲ အူရားဖားရားနဲ့ ရောက်သွားတယ်။ သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သဘောကွဲခွင့် ဆိုတာတွေကို သေချာ နားမလည်ဘဲ social media ခေတ်ထဲ ရောက်သွားတယ်။ အခုဆိုရင် အသက် ၈၀ အရွယ်၊ ၉၀ နီးပါးတွေလည်း Facebook အကောင့်တွေ ရှိတယ်။ တနယ်တကျေး သားသမီး မြေးတွေနဲ့ စကားပြောဖို့ Facebook ရဲ့ Messenger ကို သုံးနေကြတယ်။ ဒါပေမယ့် Facebook ပေါ်က မြင်သမျှတိုင်းကို သူတို နားလည်နိုင်မယ်လို့ ကျနော် မထင်ပါဘူး။ အထူးသဖြင့် AI ခေတ် အရုပ်တွေနဲ့ ပတ်သက်လာရင် သူတို့ အစစ်၊ အမှန် ခွဲခြားဖို့ ခက်ပါတယ်။ 
မြန်မာတွေက နုတ်တရာ စာတလုံး လို့ ပြောလေ့ရှိတယ်။ စာနဲ့ ရေးထားရင် လေးနက်တယ်။ မှန်ကန်တယ်လို့ ယူဆတဲ့ သဘောမျိုးပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ စာတွေဟာ နုတ်နဲ့ ပြောတာလောက်တောင် အတည်မယူနိုင်တော့ပါဘူး။ ဆိုရှယ်မီဒီယာပေါ်မှာရေးထားတဲ့ စာကို ဘယ်သူရေးလဲ ကျနော်တို့ မသိနိုင်ပါဘူး။ နှုတ်အားဖြင့် ပြောမှပဲ ဘယ်သူဘယ်ဝါဆိုတာ သေချာတဲ့ သဘောရှိပါတယ်။ 
တခုလည်း သတိရပါသေးတယ်။ ကွန်ပြူတာတွေ ပေါ်ခါစက အရုပ်တွေကို ဖြတ်၊ ညှပ်၊ ဆက် လုပ်လို့ရတဲ့ Photoshop လို ပရိုဂရမ် software တွေပေါ်လာတော့ ခေါင်းနဲ့ကိုယ်ဆက်ပြီး နိုင်ငံရေးအရအောက်တန်းကျတဲ့ ဝါဒဖြန့်တာတွေ ပေါ်ခဲ့ဖူးတယ်။ သိပ်တော့ မအောင်မြင်ပါဘူး။ 
ဒီကာလတွေမှာ မုဆိုးစိုင်သင်ရင်း လူတွေမှာ အသိဝင်လာတယ်။ စာတိုင်းဟာ မယုံရဘူး။ ပုံတိုင်းလည်း မယုံရဘူး။  ရုပ်သံ ( ဗီဒီယို) ဆိုရင်တော့ ယုံရတယ်။ စိတ်ချရတယ်။ စသဖြင့်... 
အခု AI ပေါ်လာတော့ ရုပ်သံလည်း မယုံရတဲ့ ခေတ်ရောက်လာတယ်။ ဒါပေမယ့် အများစုအတွက် ပြောရရင်တော့ Facebook စသုံးခါစကလိုပဲ အစစ်နဲ့ အတုကို နားလည် နိုင်စွမ်းမှာ ခက်ခဲနေတုန်း။ အထူးသဖြင့် လူကြီးပိုင်းအတွက် အခက်ခဲ ရှိလိမ့်မယ်လို့ ယူဆရတယ်။ 
ကျနော်ဩစတြေးလျနိုင်ငံ မယ်ဘုန်းတက္ကသိုလ်မှာ နိုင်ငံတကာ သတင်းစာပညာ၊ ဘွဲ့လွန်တက်တုန်းမှာ AI နဲ့ ပတ်သက်လို့ ဆွေးနွေးတာတွေ အများကြီး လုပ်ခဲ့ပါတယ်။ AI ဟာ ဘယ်နေရာမှာ ကောင်းပြီး၊ ဘယ်နေရာမှာ သတိထားရမယ်။ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ရေးသားတဲ့အခါ AI ကို အသုံးပြုတဲ့အခါ ဘယ်လို ကျင့်ဝတ်ထားရမလဲ စသဖြင့် အတန်းထဲ အုပ်စုဖွဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ကြပါတယ်။ 
ကျနော်တို့လေ့လာနေတဲ့အချိန် (အခုချိန်ထိလည်း) AI ဟာ ဖွံ့ဖြိုးနေဆဲ ရှိပါတယ်။ သတိထားရမှာက AI ရဲ့ ဖွံ့ဖြိုးတဲ့ နှုန်းဟာ သူ့ရှေ့က တခြားနည်းပညာတွေထက် ပိုလျင်မြန်ပါတယ်။ ဒါကြောင့်လည်း တချို့ပညာရှင်တွေက (သမိုင်းပညာရှင် ယူဗယ်နိုအာ ဟာရာရီအပါအဝင်) ဒီနှုန်းအတိုင်းဆိုရင် အလွန် အန္တရာယ်များလိမ့်မယ်လို့ သတိပေးနေတယ်။ ဒီအကြောင်းကို Nexus မှာရော သူ့ရှေ့က စာ အုပ်တွေမှာပါ ဟာရာရီက သတိပေးခဲ့ပါတယ်။ ဒီအကြောင်းပြောရင် ရှည်မှာ စိုးလို့ ဒီလောက်ပဲထားပါဦးမယ်။ 
ကျနော်တို့ ဆွေးနွေးကြတဲ့အထဲကတချက်ကို ဗဟုသုတအနေနဲ့ ပြန်မျှချင်ပါတယ်။ အဲဒါကတော့ AI ဟာ superficial အပေါ်ယံကျတယ်လို့ ပြောကြတာပါ။ အဓိပ္ပာယ်ကတော့ AI ရဲ့ ဆွေးနွေးချက်တွေဟာ သူ့မှာရှိတဲ့အချက်အလက်တွေပေါ်မူတည်ပြီး အပေါ်ယံဆန်တဲ့၊ ယေဘုယျကျတာတွေကို ဆွေး နွေးနေတာ ဖြစ်လို့ လေးနက်တဲ့ကိစ္စတွေ၊ critical ကျကျ ဆွေးနွေးလို့ မရ (သေး) ပါဘူး။ နောက်ကျရင် ရလာနိုင်ပါတယ်။ ဒါက အများပြည်သူ အခု သုံးနေတဲ့ AI စနစ်တွေကို ပြောနေတာပါ။ လူတွေကို ဒီလိုအပေါ်ယံကျတဲ့စနစ်တွေကို ဖန်တီးပေးထားရင်း ကုမ္ပဏီတွေ၊ အစိုးရတွေက ဘယ်လိုအကျိုးရှိနိုင်မလဲဆိုလဲ စဉ်းစားစရာရှိပါတယ်။ 
တချို့တွေ အမှတ်မှားနေတာလည်း ရှိပါတယ်။ ယုံကြည်စိတ်ချရမှု၊ စစ်မှန်မှုမှာ တကယ်က AI ဟာ Google အဆင့်တောင်မရောက်သေးပါဘူး။ ဥပမာအားဖြင့် Google Scholar မှာ ပညာရပ်နဲ့ ဆိုင်တဲ့ စာတမ်းတွေ ရှိပါတယ်။ တက္ကသိုလ်မှာ အဆိုင်းမင့်တွေ၊ စာတမ်းတွေရေးတဲ့ အခါ Google မှာ တွေ့သမျှစာတမ်းတွေကနေကိုးကားလို့မရပါဘူး။ Google Scholar ကဆိုရင်တော့ အများစုက ရပါတယ်။ 
အခုက ကျနော်မကြာမကြာတွေ့နေတာက AI ကို မေးပြီး၊ AI က ဖြေတာကို တကယ်ထင်ပြီး တင်နေတာပါ။ တချို့လည်း အပျော်သဘောတင်ပါတယ်။ တချို့လည်း AI က ခပ်တည်တည် ရွှီးနေတာကို ကိုယ်တိုင်မဆုံးဖြတ်နိုင်ဘဲ ဇဝဇဝါစိတ်နဲ့ တင်နေပုံရပါတယ်။ တချို့လည်း ခပ်တည်တည်ပဲ AI ကို မေးကြည့်တာ ဒီလိုတွေ့ရတယ်ဆိုပြီး တင်ပါတယ်။ ခက်ရချည်သေးရဲ့။ 
အခုနောက်ဆုံးကတော့ NUG ဝန်ကြီးတယောက်ရဲ့ အိမ်ဆိုပြီး AI ကို မေးထားတာဆိုပြီး တင်လာပါတယ်။ တင်တဲ့ လူရှေ့က ဒေါက်တာဆိုပြီးတွေ့တော့ ကျနော်အတော်စိတ်ညစ်သွားပါတယ်။ ဒေါက်တာဆိုတော့ ဆရာဝန်ဖြစ်ဖို့များပါတယ်။ ဒီလိုပညာတတ်အလွှာက လူတယောက်က AI ကို မေးပြီး ရတဲ့အဖြေကို အများသိအောင် post တင်တာတော့ အတော်ဆိုးပါတယ်။ သိသိနဲ့ဝါဒဖြန့်တာဆိုရင်တော့ ထပ်ပြောစရာတောင်မရှိပါ။  ယုံသူဘယ်လောက်ရှိမလဲ ကျနော်မသိပါ။ 
ကျနော်တို့စကားဝိုင်းတွေမှာ ဒီကိစ္စကိုပဲ ကျနော်က ဆွေးနွေးတာ များပါတယ်။ ကျနော်တို့ နိုင်ငံဟာ နည်းပညာနောက်ကျတယ်။ လူတွေ ပညာရေးစနစ် ညံ့တယ်။ ပဋိပက္ခများတယ်။ ဒါကြောင့် လူတချို့က မသိနားမလည်တဲ့ အများပြည်သူရဲ့ နားမလည်မှုကို နိုင်ငံရေးအရ အမြတ်ထုတ်မှာကို စိုးရိမ်တယ်လို့ ကျနော်ဆွေးနွေးလေ့ရှိတယ်။ တကယ်ကျတော့ ဩစတြေးလျလို နိုင်ငံမှာလည်း ဒီပြဿနာတွေနဲ့ မကင်းပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲကာလတွေမှာ တပါတီနဲ့တပါတီ ပုံရိပ်ကျဆင်းအောင် လုပ်တတ်ကြပါတယ်။ 
အစကနေပြန်ကောက်ရရင် AI ဟာ ကျနော်တို့ဘဝထဲကိုရောက်နေပါပြီ၊ အခုအခြေအနေထိကတော့ ရှေ့က နည်းပညာတွေအတိုင်းပဲ လူတွေက မုဆိုးစိုင်သင်ရင်း သဘောသဘာဝကို နားလည်လာမှာပါ။ အထူးသဖြင့် ဒီနေ့ခေတ်လူငယ်တွေအတွက် စိုးရိမ်စရာ သိပ်မလိုပါဘူး၊ လူကြီးတွေအတွက်ကတော့ အဓိပ္ပါယ်တမျိုး ဖြစ်နိုင်ပါတယ်။ 
ဒီမှာလည်း မြန်မာစကားမှာ သက်ကြီးစကား သက်ငယ်ကြားဆိုတာ ရှိပါတယ်။ ဒီနေ့ခေတ်ကတော့ Reverse Learning လို့ ခေါ်ပါတယ်။ လူငယ်တွေဆီကနေ လူကြီးတွေက ပြန်သင်ရပါမယ်။ 
တခုဆက်စပ်တာရော သတိရတာရော ဒီစကားနဲ့ဒီစာစုကို နိဂုံးချုပ်ပါမယ်။ 

စစ်အေးခေတ်က Iron Curtain ဆိုတဲ့စကားအသုံးရှိပါတယ်။ အရှေ့နဲ့အနောက်ကိုခြားထားတဲ့ နိုင်ငံ ရေးအယူဝါဒတံတိုင်းကြီးလို့ နားလည်ခဲ့ပါတယ်။ လက်ဝဲ၊ လက်ယာ ဆိုပါတော့။ ဒီနေ့ခေတ်ကတော့ Silicon Curtain လို့ ယူဗယ် နိုအာ ဟာရာရီက ပြောလေ့ရှိပါတယ်။ Silicon Valley က ဖန်တီးလိုက်တဲ့နည်းပညာကြောင့် လူတွေအစိတ်စိတ်အမွှာမွှာဖြစ်သွားမှာကို ဆိုလိုတာပါ။ လူတွေဟာ အစွဲနဲ့ မကင်းကြပါဘူး။ ဒါကြောင့် နည်းပညာကိုအသုံးပြုထားတဲ့ဝါဒဖြန့်တာတွေ အလိမ်အညာတွေဟာ အစွဲကိုယ်စီနဲ့လူတွေကြားမှာ အုပ်စုဖွဲ့တာတွေ၊ အမုန်းတွေ၊ အာဃာဂတွေကို အရှိန်ကောင်းကောင်းနဲ့ ပေါ်ပေါက်စေနိုင်တာကိုသတိပေးတာပါ။ ဒီလိုဖြစ်လာရင် လူတွေဟာ မခေါ်နိုင်မပြောနိုင်ဖြစ်လာမယ်။ နောက်ဆုံးကျတော့ လူတွေအချင်းချင်းဆက်သွယ်ဖို့ ဖန်တီးထားတဲ့ ဒီဆက်သွယ်ရေးစနစ်တွေကပဲ လူအချင်းချင်းကြားက ဆက်ဆံရေးကိုဖျက်ဆီးပစ်လိမ့်မယ်။ ဒါဟာ ဒီမိုကရေစီ နိုင်ငံရေးရဲ့ နိဂုံးအထိတောင် ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။
အခုလောက်ဆိုရင် AI ဟာ ကျနော်တို့နဲ့ လည်းဆိုင်တယ်ဆိုတာ ကျနော့်သူငယ်ချင်းလည်း သဘော ပေါက်လောက်ပြီ ထင်ပါတယ်။

နေသွင်ညိဏ်း  

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar