Breaking News

နန္ဒ‌အောင် - သိအောင် စာဖတ်ရတယ်ဆိုလို့ ဖတ်ခဲ့တယ်

Image- Credit
 သိအောင် စာဖတ်ရတယ်ဆိုလို့ ဖတ်ခဲ့တယ်
နန္ဒ‌အောင်
(မိုးမခ) ဇွန် ၃၊ ၂၀၂၆


သိအောင် စာဖတ်ရတယ်လို့ ဆရာမောင်သာနိုးက ရေးခဲ့တယ်။ မောင်သာနိုးကို ဆရာနိုးလို့ သူ့တပည့်တွေ၊ စာဖတ်ပရိတ်သတ်တွေက ခေါ်ကြတယ်။ ကျွန်တော် စာတွေဖတ်စ ဘာစာအုပ်တွေ ဖတ်ရ မတုန်း လိုက်မေး၊ ရှာဖွေနေချိန်မှာ ဆရာနိုးအကြောင်း လူတွေ ညွှန်းကြလွန်းလို့ ဆရာနိုးစာတွေ ရှာဖတ်မိတယ်။ သိအောင် စာဖတ်ရတယ် ဆိုတဲ့ ဆရာနိုးဆောင်းပါးလေးနဲ့ တည့်တည့်ကြီးကို တိုးမိတယ်။ ကဲ စဖတ်ပြီဗျာ ဆရာနိုးရဲ့ စာတွေအကြောင်း စာဖတ်မိတ်​ဆွေတို့လည်း ကျွန်တော်နဲ့ လိုက် ဖတ်ကြည့်​ကြဦးမလား။

မော်ဒန်ကဗျာဟာ `ထင်းရှုးပင်ရိပ်´ ဆိုတဲ့ ဆရာမောင်သာနိုးရဲ့ ဘာသာပြန်ကဗျာ ကနေ စတယ်လို့ အများစုက လက်ခံထားကြတယ်လို့ ကြားဖူးတယ်။
ထင်းရှုးပင်ရိပ်ဆိုတဲ့ အသုံးအနှုန်းဟာ ဆရာဒဂုန်တာရာ စကားလုံးဆီက ယူထားတာပါ။ ဆရာဒဂုန်တာရာက`အင်္ဂလိပ်ကဗျာတွေ နိုင်ငံခြားကဗျာတွေ ဖတ်ရတာထင်းရှုးတော​ကြီးထဲ ဝင်သွားရသလိုပဲ´လို့ ရေးသားဖူးတယ်။ အဲဒီစကားလုံးကို ယူထားတတာလို့ ဆရာမောင်သာနိုးက ထုတ်​ဖော်ပြောဖူးတယ်။ သိအောင် စာဖတ်ရတယ်ဆိုလို့ စာဖတ်ခြင်းအကျိုးကြောင့် ကိုယ့်မှာ သိခဲ့ရတယ်ပေါ့ဗျာ။

တကယ်တော့ မောင်သာနိုးဆိုတဲ့ နာမည်ဟာ နိုင်ငံကျော် သတင်းစာဆရာကြီး ဦးညိုမြတို့ မိသားစုနဲ့ ပတ်သက်ပါတယ်။ ပတ်သက်ဆို ဦးညိုမြရဲ့ အဖေဖြစ်တဲ့ ရှေ့နေကြီး ဦးသာဇံက အဲဒီနာမည်ကို ပေးသွားတာပါ။ သတင်းစာဆရာကြီး ညိုမြတို့ အဖေ ဦးသာဇံက အမြင့်ကနေ စစ်ကိုင်းကို ရှေ့နေလိုက်ဖို့လာတိုင်း ဆရာနိုးတို့အိမ်မှာ တည်းကြတာပါ။ ဆရာနိုးတို့အိမ်နဲ့ ဘယ်လောက်တောင်ရင်းဆို သူတို့အိမ်ထဲမှာ တဲလေးထိုးပြီးတောင်နေကြောင်း ရေးထားတာလေးဖတ်ဖူးတော့ သိလိုက်ရတယ်။ မလှမင်း၊ မောင်သာနိုး၊ မောင်အံ့ထူး မောင်နှမသုံးယောက်လုံးရဲ့ နာမည်တွေကိုလည်း ဦးသာဇံကပဲ ပေးထားတာပါ။

သိအောင် စာဖတ်ရတယ်ဆိုတဲ့ အသုံးအနှုန်းဟာ အတော်တာသွားပါတယ်။ ဖတ်လို့ သိတာပဲ ရှိပါသေးတယ်၊ ကိုယ်ဖတ်ပြီးတဲ့ စာရဲ့ အနက်ကိုကော နားလည်ဖို့လိုပါသေးတယ်။ တချို့ကတော့ ဘယ်စာအုပ်ဖတ်ပြီးပြီသာပြောတာ နားမလည်ကြတာတွေ ပါတယ်။ ကျွန်တော့်မှာလည်း စာတွေဖတ်ရင်း အကျင့်တခု ရလာခဲ့ပါတယ်။ ကျွန်တော့်အတွက် မသိသေးတာတွေ သိဖို့၊ လိုအပ်နေတာတွေဖြည့်ဆည်းဖို့ စာတွေကို စွဲမြဲစွာဖတ်လာတဲ့အကျင့်ပါ။ လိုအပ်နေတာတွေကို စာတွေထဲက ရှာဖွေတဲ့ စာ ဖတ်ခရီးသည်လို့ ကိုယ့်ဘာသာသတ်မှတ်ထားတာပါ။ ဒီနေ့ခေတ်လူငယ်တယောက်လို အားကစားရုံသွားပြီး ကိုယ်ကာယခွန်အား ကြီးထွားဖို့သွားမကစားလိုဘဲ၊ စိတ်ခွန်အား တိုးတက်၊ ကြီးထွားဖို့ ကိုယ် ပိုင်စာကြည့်ခန်းထဲကိုသာ သွားဖို့ အားသန်မိပါတယ်။

အဲဒီလောက်စာတွေ အများကြီး ဖတ်တော့ အကုန်ကောမှတ်မိရဲ့လား၊ လူရာကော ဝင်ရဲ့လား မေးကြလိမ့်မယ်။ လူရာဝင် မဝင်တော့ မသိဘူးဗျ၊ဘုန်းကြီးကျောင်းလို နေရာမျိုးမှာ ဦးဇင်းအရာတော့ဝင်တယ် ပြောရမလားပဲဗျ။ ဒီလိုပါ၊ ဆရာနိုးရဲ့ စာထဲမှာ ငိုရယ်ငိုရယ် ဂိုဏ်းနဲ့ပတ်သက်လို့ ဖတ်ဖူးပါတယ်။ ဆရာနိုး အသိတယောက်က ရဟန်းဝတ်တရားအားထုတ်တော့ မဟာစည်လည်းမဟုတ်၊ မိုးကုတ်နဲ့လည်း မဆိုင်၊ စွန်းလွန်းတရားလည်း မဟုတ်ပြန်၊ မေးကြည့်ခါမှ ငိုရယ်ငိုရယ်ဂိုဏ်းဝင် ဖြစ်နေတဲ့လူအကြောင်း ရေးထားတာပါ။ အခု ကျွန်တော် ပြောမှာက အဲဒီဂိုဏ်းရဲ့ကောင်းခြင်း၊ မကောင်းခြင်းကို ဝေဖန်နေခြင်းမဟုတ်ပါ။ အဲဒီသိမှု အခံလေးရှိတော့ ရဟန်းဝတ်တုန်းက ဘုန်းကြီးကျောင်းမှာ ဦးဇင်းတွေနဲ့ ရောက်တတ်ရာရာပြောကြရင်း ဂိုဏ်းတွေအကြောင်းရောက်သွားတယ်။ ကျွန်တော် ရဟန်းခံတဲ့ကျောင်းက သုဓ္ဓမာတွေ၊ ဆရာနိုးစာတွေထဲက ဂိုဏ်းအကြောင်းပြောလိုက်တော့ ကျောင်းထိုင်ဘုန်းကြီးကတောင် ဘယ်လိုသိလဲတွေဖြစ်သွားပြီး ဦးဇင်းအရာတော့ဝင်တယ်လို့ ပြောလိုက်တာပါဗျ။

ဆရာမောင်သာနိးရဲ့ အရေးအသားတွေဖတ်ကြည့်မိရင် ဆရာနိုးရဲ့ အတွေးအခေါ်တချို့အပေါ် ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်)ရဲ့ လွှမ်းမိုးမှု အနည်းငယ် ရှိတာကို တွေ့ရတတ်ပါတယ်။ ဆရာနိုးကိုယ်တိုင်ကလည်း `ဆရာဦးဆန်းထွန်းရဲ့ အဆုံးအမဟာ သူ့ဘဝမှာ အလွန်အသုံးဝင်တဲ့ လူကဲခတ် ကိုက်တံဖြစ်လာခဲ့ရတယ်´လို့ ဝန်ခံဖူးပါတယ်။ ဘာကြောင့်၊ ဘာလို့ ဆရာဦးဆန်းထွန်းရဲ့အတွေးအခေါ်တချို့ဟာ ဆရာနိုးအပေါ် လွှမ်းမိုးသလဲဆိုတာသိအောင်၊ နားလည်သဘော ပေါက်အောင် စာဖတ်ရတယ်ပေါ့ဗျာ။ ဆရာနိုး မန္တလေးတက္ကသိုလ်မှာရှိစဥ်တုန်းက ဆရာဦးဆန်းထွန်းနဲ့က လက်ဖက်ရည်ဆိုင် ထိုင်နေကြပါ။ ဆိုင်ထဲကိုဝင်လာပြီး ခေတ်စားနေတဲ့ လူပေါ်လူဇော်လုပ်နည်းမျိုးနဲ့ အပေါ်ယံဟန်လုပ်ပြီး ရွှန်းရွှန်းဝေအောင်လာပြောတဲ့ လူမျိုးနဲ့တွေ့ရင် ဆရာဦးဆန်းထွန်းက ဆရာနိုးကို " မင်းဘယ်လို သဘောရလဲ၊ အဲဒီလိုအပေါ်ယံ ဟန်လုပ်နေတာမျိုးဟာ မရိုးသားဘူး၊ ဒီလို လူမျိုးကိုရှောင် "လို့ ဆုံးမတတ်ပါတယ်။ သိအောင်ဖတ်ခဲ့မိလို့ ကျွန်တော့်ဘဝမှာလည်း လူပေါ်လူဇော်နည်းနဲ့ လူတွင်ကျယ်များကို ရှောင်နိုင်ခဲ့ပါတယ်။

ဆရာနိုးရဲ့တပည့်တွေဆိုရင် ဆရာနိုးရဲ့ အဆူမခံဖူးသူ မရှိလောက်ပါဘူး။ သူ့တပည့်တွေကလည်း သူတို့ဘယ်လိုအဆူခံရဖူးကြောင်း ရေးကြ၊ပြောကြပါတယ်။ ဆရာနိုးအကြောင်း ရေးမယ်ဆိုရင် သူဆူဖူးတာ ထည့်မရေးကြရင်၊ ငှက်ကို တောင်ပံမပါဖူးလို့ ပြောသလို ဖြစ်ကြမှာပါ။ ကျွန်တော်က တော့ ဆရာနိုးကို အပြင်မှာမဆုံဖူးပေမယ့်၊ သူ့စာတွေကိုဖတ်တော့  စာတွေထဲမှာလည်း ဆူနေတာကိုမြင်မိပါတယ်။ ဆရာနိုးတပည့်တွေနဲ့ဆုံတော့ ဆရာနိုးက မဟာစည်ဆရာတော်ကြီးရဲ့ နည်းတွေ အတော်ညွှန်းတယ်မလား ပြောတော့၊ မင်းဘယ်လိုသိလဲ မေးကြတယ်။ မဟာစည် ဆရာ တော်ကြီး နိုင်ငံခြားကို သာာသနပြုထွက်မယ်လုပ်တော့ ဟောပြောမယ့် တရားစာတွေကို အင်္ဂလိပ်လိုပြန်ပေးဖို့ တာဝန်ပေးဖူးကြောင်း ဆရာနိုးရေးထားတာ ဖတ်ဖူးလို့ ကိုယ်ကပြောနိုင်လိုက်တာပါ။ ဒါကို တချို့က အပြင်မှာမဆုံဖူးဘူးဆိုတာ မယုံကြလေရဲ့။

ဆရာနိုးစာတွေဖတ်ပြီး ရပ်ကွက်ထဲက အရက်သမားကြီးရဲ့ကိစ္စကို ဖြေရှင်းပေးဖူးတယ်။ကျွန်တော်တို့အရပ်ဆီမှာ အရက်သောက်တဲ့ လူတယောက်ကို အဲဒီလူသိပ်​ကြာ​ကြာမခံတော့ဘူးလို့ ပြောရင် အဲဒီလူဟာ ဘီအီးအရက်သောက်နေသူပါ၊ သိပ်မခံတော့ဘူးဆိုတာကလည်း အခုနောက်ပိုင်းက ဘီအီးမစစ်လို့ပါ။ အရက်ဖြူလို့လည်း ခေါ်ကြတယ်။ ရပ်ကွက်ထဲက အရက်သမားကြီးက ဘီအီးသောက်နေကျ၊ သူသောက်တဲ့ အရက်နဲ့ ပတ်သက်ပြီး ဘဝင်မကျတာလေး ရှိနေတယ်။ အရက်မကောင်းလို့တော့ မဟုတ်ဘူး၊ သူသောက်တဲ့အရက်ဖြူကို ဘာလို့ ဘီအီးလို့ခေါ်တယ်ဆိုတာ သူမသိတာဘဲ။ သူလိုက်မေးကြည့်တော့လည်း ရထားမှားစီးတဲ့ခရီးသည်လို သွားချင်တဲ့နေရာမရောက် ဖြစ်နေတယ်။ အဲဒီမှာ ကျွန်တော်နဲ့ သွားတွေ့တယ်၊ ကျွန်တော်ကလည်း မသိတာတွေ သိရဖို့၊ ကိုယ်လိုအပ်တာတွေ ဖြည့်ဆည်းဖို့ စာဖတ်နေတဲ့လူကိုးဗျ။ ဒါကြောင့် မြန်မာအရက်ဖြူကို ဘာလို့ ဘီအီးအရက်လို့ နှုတ် ကျိုးနေကြကြောင်းလိုက်ရှာဖတ်ကြည့်​တော့ သိအောင် စာဖတ်ရတယ်လို့ ပြောဖူး၊ ရေးဖူးတဲ့ ဆရာ မောင်သာနိုးရေးထားတဲ့ ဆောင်းပါးထဲကျမှ အဖြေကိုတွေ့တော့တယ်ဗျာ။ Burma Economic Development Corporation ( မြန်မာ့စီးပွားရေး ဖွံဖြိုးမှုကော်ပိုရေးရှင်း) ဆိုတဲ့အဖွဲ့ကြီးက ခေတ်မီစက်ကြီးတွေနဲ့ အရက်ဖြူချက်လုပ်တာကို  BEDC အရက်ဖြူဆိုပြီး နာမည် စတွင်တယ်။ ကော်ပိုရေးရှင်းကပေးတဲ့နာမည်မဟုတ်ပေမဲ့ ကော်ပိုရေးရှင်းကို လူတွေက အစွဲပြုပြီး BEDC လို့ခေါ်ရင်းကနေ နောက်ပိုင်းကျ DC ပြုတ်ပြီး BE ဆိုပြီးဖြစ်သွားတာပဲ။ လူကြိုက်လည်းများတော့ ဘီအီး ဘီအီး ဆိုပြီး ဖြစ်သွားတာပဲလို့ ဆရာနိုးရေးထားတာ ဖတ်ဖူးမှ သိတော့တယ်။ သိအောင် စာဖတ်ပြီး အရက်ဖြူသောက်သုံးတဲ့ လူကြီးကို ဖြေရှင်းပေးလိုက်တဲ့ ကိစ္စ။

ဆရာမောင်သာနိုးရဲ့ မလင်းပြာ ကဗျာဟာ လူပြောအတော်များကြပြီး၊ နှစ်သက်ကြကြောင်း သတိ ထားမိ​လေရဲ့။ ဆရာနိုးက မလင်းပြာကဗျာကို သူဘယ်လိုရေးဖြစ်သွားပုံကို သိချင်လို့ လိုက်ရှာဖတ်ကြည့်မှ သိတော့တယ်။ ဆရာနိုးက `မလင်းပြာနဲ့ ကျွန်တော်´ဆိုတဲ့ ဆောင်းပါးထဲမှာ သူဘယ်လိုကြောင့်ရေးဖြစ်သွားတယ်ဆိုတာလေးကို ရေးထားဖူးတယ်။ ဆရာနိုးက` မလင်းပြာဆိုတာ ဆရာနိုးငယ်စဥ်က ဘာလိုလိုဖြစ်ဖူးတဲ့ မိန်းကလေးကို သူ့ဘာသာ နာမည်ပြောင်း ပေးထားတာပါ။ ဆရာနိုး အသည်းကွဲသွားတော့ အဲဒီအချိန်က သူ့ရင်ထဲ ကဗျာပဲရေးချင်စိတ်တွေ ဖြစ်နေကြောင်း၊ လူထုတိုက် ရောက်သွားတော့ လူထုဒေါ်အမာ ( ဆရာနိုးတို့ အခေါ်က ဒေါ်ဒေါ် ) ဆောင်းပါးတောင်းတယ်။ အဲဒီအချိန်အခါတုန်းက ဆရာနိုးက လက်ဝဲအတွေးအခေါ်နဲ့ စာရေးဆရာပေါက်စ။ သူရေးချင်နေတာက အသည်းကွဲကဗျာ၊ သူယုံကြည်နေတဲ့ အလုပ်နဲ့ ရင်မှာဖြစ်နေတာတွေကို ဘယ်လိုပေါင်းစပ်ဖော်ပြပေးရမလဲဆိုတာ ဆရာနိုးတယောက် စဥ်းစားလေရဲ့။ အပေါင်းအသင်းတွေသာ သိသွားရင် ဟားတိုက်ကြမယ့်ဖြစ်ခြင်းကိုဗျ။နောက်ဆုံးမှာတော့ ဆရာနိုးတယောက် အပေါင်းအသင်းတွေ မေးငေါ့တာကနေ လွတ်အောင် မာယာကော့ဖ်စကီးယ်ကို အဖော်ညှိရတော့တယ်ဆိုပြီး ရေးထားတယ်။ ဆိုဗီယက်ကဗျာဆရာကြီး မာယာကော့ဖ်စကီးယ်က သူအသည်းကွဲသွားတဲ့အခါ နာမည်ကျော် ဘောင်းဘီဝတ်မိုးတိမ် ကဗျာကြီးကို ရေးခဲ့တာကိုး။ ဖော်ထုတ်တင်ပြတဲ့ အရေးအသားတွေက ရေးတတ်တော့ ကမ္ဘာကျော်သွားပြီး ဆရာနိုးကတော့ သူ့ကိုယ်သူကမ္ဘာမကျော်သော်လည်း အပေါင်းအသင်းတွေ မေးငေါ့တာကနေ လွတ်အောင် အားတင်းပြီး ရေးထားကြောင်း´ ​ရေးထားတယ်။ ဒီစာကိုဖတ်ပြီး ဆရာနိုးရဲ့ မလင်းပြာကဗျာကို ရှာဖတ်မယ်ဆိုရင် ကဗျာဖတ်သူတယောက်တိုးသွားတာပေါ့ဗျာ၊ ဘာကြောင့်ရေးဖြစ်ကြောင်း သိချင်လို့ မလင်းပြာနဲ့ ကျွန်တော် ဆောင်းပါးရှာဖတ်ရင် စာဖတ်သူတယောက်တိုးသွားတာပေါ့။ ဆရာနိုးလေနဲ့ ပြောရရင် အလေနတောစာတွေဖတ်တာမှ မဟုတ်တာ။

ကိုယ်လိုအပ်နေတာတွေ ဖြည့်ဖို့ စာဖတ်တယ်၊ ကိုယ်သိချင်တာ သိရဖို့ စာတွေထဲက ရှာကြည့်တယ်။ စာဆိုပေမယ့်လည်း တချို့စာတွေက အဆိပ်အတောက်ဖြစ်တဲ့ အ​ရေးအသားမျိုးဆိုရင်တော့ သိမှုအခြေခံထဲကနေ ဖယ်ရှားထားရမယ်။ ကိုယ့်ရဲ့ နာမည်ပြောင်ကို သူငယ်ချင်းမိတ်ဆွေတွေက ပေါက်စီလို့သာ ခေါ်ကြတာ၊ ပေါက်စီရဲ့ ဖြစ်ပေါ်လာပုံလည်း မသိခဲ့။ စာတွေဖတ်တော့မှ ဆရာညီစေမင်းရဲ့ ဒါဖတ်ပြီးမှ... ဆိုတဲ့စာအုပ်လေးကျေးဇူးကြောင့် တရုတ်ဘာသာစကား(အများသုံး)ဖြစ်တဲ့ မန်ထို ( ManTou ) လို့ခေါ်တာ သိရပြီး၊ဖြစ်ပေါ်လာပုံပါ သိရတော့တယ်။

လက်ဖက်ရည်ဆိုင်မှာ တွေ့တဲ့ လူတချို့က လူမူကွန်ယက်ပေါ်မှာ သူတို့ဖတ်လိုက်ရတဲ့ အကြာင်းလေးပြောကြတယ်။ ဂျပန်နိုင်ငံက တက္ကသိုလ်မှာဆိုရင် ဂျပန်ဘာသာစကားနဲ့ ကိုရီးယားမှာဆိုလည်း သူတို့ဘာသာစကားနဲ့ပဲ တက္ကသိုလ်မှာ င်ကြားပြီး၊ မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာလည်း မြန်မာဘာသာစကားနဲ့ပဲ သင်ကြားမယ်ဆိုရင် ပညာတတ်တွေ ပိုများလာနိုင်တယ် ဆိုတဲ့အကြောင်းလေးပါ။ ဘယ်သူရေးတယ်ပေါ့၊ ခုမှတွေ့ရှိချက်ကြီးလို သူတို့ကလာပြောနေကြတော့ ကိုယ်သိအောင် ဖတ်ထားတာလေး ပြောရသေးတယ် ‘ မြန်မာစကားနဲ့ သင်ဖို့ တခေတ်တခါက ကြိုးပမ်းကြပါသေးတယ်။ တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေး ဌာနရယ် ဖွင့်ထားပြီး ကြိုးပမ်းကြပါသေးတယ်။အ ကြောင်းကြောင်းကြောင့် ဌာနကြီးလည်းပျက်၊ မြန်မာစကားနဲ့ သင်ဖို့အိပ်မက်တွေနဲ့ ဝေးခဲ့တာပါ ’ ဆိုပြီး။ သိအောင် စာဖတ်ထားတာကိုးဗျ။

ဆရာနိုးရဲ့ ဗမာစာတတ်ဖို့လိုတယ်ဆိုတဲ့ စာအုပ်ဖတ်ဖူးတယ်။ ဗမာစာနဲ့ပတ်သက်လို့ ရေးထားတဲ့ ဆောင်းပါးတွေကိုစုပြီးပြန်ထုတ်ထားတာပါ။ ရေးထားတဲ့ တချို့ဆောင်းပါးတွေရဲ့ အချိန်ကာလသိချင်ပေမယ့်၊ သိဖို့ကမလွယ်။ နှစ်တွေတော့ အတော်ကြာပြီထင်တာပဲ။ ဆရာနိုး ဆောင်းပါးထဲမှာ ဗမာစာသင်ကြားရေးနဲ့ပတ်သက်လို့ ဆရာနိုးရဲ့အမြင်ကို ရဲရဲကြီးတင်ပြထားတာ ဖတ်ဖူးတယ်။ဆရာနိုးက ဗမာစကားကို ရေးချဖို့အတွက် အက္ခရာ၁၉လုံးပဲလိုတယ်။ က၊ ခ၊ င၊ စ၊ ဆ ၊ ည၊ တ၊ထ၊ န ၊ ပ၊ ဖ၊ မ၊ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ အ။ ဆရာနိုး အမြင်က မူလတန်းအဆင့်မှာ ဗမာစကားလုံး အက္ခရာ ၁၉ လုံးကိုပဲ သင်ကြားပေးဖို့လိုလိမ့်မယ်လို့ ယူဆတယ်။ အထက်တန်းအဆင့်၊ တက္ကသိုလ်အဆင့်ရောက်မှ ကျန်တဲ့အက္ခရာတွေပါပေါင်းပြီး ဗျည်း  ၃၃ လုံးကို သင်ကြားဖို့ အသေးစိတ်တင်ပြထားတယ်။ ဆရာနိုးဆောင်းပါးကို အပြည့်အစုံဖတ်ကြည့်မှ ရှင်းကြလိမ့်မယ်။ ဗမာစကားလုံးဖြစ်တဲ့ အက္ခရာ ၁၉လုံးကလွဲရင် ကျန်တဲ့အက္ခရာတွေဟာလည်း သာမာန်လူတွေရဲ့ နေ့စဥ်လူနေမူ့ဘဝထဲမှာ သိပ်မပြောကြသလိုပဲလို့ ကျွန်တော်ကတော့ ဆင်ခြင်မိတယ်။ ပညာရပ်ဆိုင်ရာ အထူးပြုသမားတွေကတော့ တမျိုးပေါ့ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တူမ​လေးရဲ့ မူလတန်းအဆင့် သူငယ်တန်းဖတ်စာအုပ်လေးကို ကြည့်မိတော့ မြန်မာစာမှာ ဃ၊ ဈ ၊ဋ ၊ဌ၊ ဍ၊ ဎ၊ ဏ၊ ဠ တို့ကို ဖြုတ်ထားတာတွေ့ရတယ်။ ပထမတန်းမှာတော့ ဗျည်း ၃၃ လုံး အကုန်လုံးပါပါတယ်။ စာဖတ်ခရီးသည်တယောက်အနေနဲ့ ဆရာ မောင်သာနိုးပြောသမျှ၊ ရေးသမျှ ဟုတ်ပ၊ မှန်ပပြောနေခြင်း၊ သဘောတူနေခြင်းမဟုတ်ဘဲ သိအောင်ဖတ်ထားတာလေး ပြန်ပြောတာပါဗျာ။ ပုဂ္ဂိုလ်ရေးကိုးကွယ်နေခြင်းမဟုတ်ဘဲ သိအောင်ဖတ်ထားမှ ကောင်း၊ မကောင်း ဆင်ခြင်လို့ရတာမလား။

ဆရာနိုး လေသံနဲ့ ပြောရရင် အလေနတော စာတွေဖတ်တာလျှော့ပြီး သုတ၊ ရသစာပေတွေ တတ်အားသရွေ့ သိအောင်ဖတ်ဖြစ်ပါတယ် ။ ဒါကြောင့် သိအောင်စာဖတ်ရတယ်ဆိုလို့ဖတ်ခဲ့တယ်ပေါ့ဗျာ။

နန္ဒ‌အောင်
 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar