နေသွင်ညိဏ်း - နောက်ကြောင်းပြန်
နောက်ကြောင်းပြန်
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၆၊ ၂၀၂၆
လွန်ခဲ့တဲ့ ၅ နှစ် ဒီရက်မှာ ဘန်ကောက် အချုပ်ကြီးကနေ လေဆိပ်ကို ဆင်းကြတယ်။ ရိုးရိုးဆင်းတာ မဟုတ်ဘူး။ ရဲအချုပ်ကားပေါ်၊ ငှက်လှောင်အိမ်ထဲက ဝက်တွေလို။ လေဆိပ်ရောက်တော့လည်း ရိုးရိုးခရီးသွားတွေ ဝင်တဲ့ အပေါက်က မဟုတ်ဘဲ၊ တခြားတပေါက်က ထိုင်းလဝက အရာရှိတယောက်ရဲ့ အခြံအရံနဲ့။ ထွက်တော်မူနန်းက ခွာပြီ။
လေဆိပ်ထဲလမ်းလျှောက်နေချိန်မှာ လေထဲလွင့်နေတဲ့လူတယောက်လိုဖြစ်နေတယ်။ အိပ်မက်ထဲလမ်းလျှောက် နေသလို။ ဇဝေဇဝါ၊ မထုံတက်တေး။ ပြီးခဲ့တဲ့ တလလုံး အဖြစ်အပျက်တွေက တခုပြီး တခု ဇယ်စက်သလိုပဲ။ ဦးနှောက်က လိုက်မစဉ်းစားနိုင်သလို ဖြစ်နေတယ်။
ကျောပိုးအိတ်မပါ၊ လက်ဆွဲအိတ်မပါ။ အဝတ်တထည် ကိုယ်တခု။ မဟုတ်သေးပါဘူး။ ကျွတ်ကျွတ်အိတ်တလုံးထဲ ရေဘူးနဲ့ တစ်ရူးတွေ ပါသေးလား။ ကျနော် သိပ်မမှတ်မိတော့။ အရင်က လေဆိပ်တွေထဲ ကျနော် ရောက်ဖူးပါတယ်။ တခါတလေ ခရီးသွားတာ။ တခါတလေလည်း ခရီးဦးကြိုဖို့၊ ခရီးသွားလိုက်ပို့ဖို့ ရောက်ခဲ့တယ်။ လေယာဉ်လက်မှတ်ပေါ်က လေယာဉ်အချိန်ဇယားကို ကျနော် သိတယ်။ ဘယ်ကို ခရီးထွက်နေလဲ ကျနော် သိတယ်။ အခု ကျနော်က ခရီးသွားနေတာလား။ မဟုတ်သေးဘူး။ ကျနော်ဟာ အကျဉ်းသားပဲ။ ပြီးတော့ လေဆိပ်ထဲ အသိမဲ့ လမ်းလျှောက်နေတယ်။
သတိပြန်ဝင်လာတော့ လဝက အရာရှိက ကျနော်တို့ကို နုတ်ဆက်နေတယ်။ ‘ကံကောင်းကြပါစေ’ ။ လက်ထဲမှာ စာရွက်တွေ တထပ်ကြီး။ ကျနော် တခုမှ ဖတ်မကြည့်နိုင်ဘူး။ ဖတ်လည်း မှတ်မိမယ် မထင်ဘူး။ လူက ဇဝေဇဝါ ဖြစ်နေတုန်းပဲ။
ပြီးခဲ့တဲ့ တလလုံး ကျနော် ကောင်းကောင်း မအိပ်ခဲ့ရဘူး။ တိရိစ္ဆာန်ရုံထဲက မျောက်တွေကို လာကြည့်သလို လာလာကြည့်တယ်။ ဘယ်သူတွေ မှန်းလည်း မသိဘူး။ သူတို့ ပြောတာတွေလည်း ကျနော် နားမလည်ဘူး။ သူတို့ လက်မှတ်ထိုးခိုင်းတဲ့ စာရွက်တွေကိုလည်း ကျနော် မဖတ်တတ်ဘူး။ တခါတလေလည်း ဘာမှမဆိုင်တဲ့ မေးခွန်းတွေ လာမေးတတ်တယ်။ ရာဇဝတ်ဂိုဏ်းက လူတွေ၊ ဝရမ်းပြေးတွေနဲ့ တူတဲ့လူတွေရဲ့ ဓာတ်ပုံတွေကိုပြပြီး သူ့ကိုသိလားဆိုတာမျိုးလည်း ပါတယ်။
လက်ထိပ်တန်းလန်းနဲ့အချုပ်ကားပေါ် လိုက်သွား၊ ပြီးတော့ ပြန်လာ။ ဘာဖြစ်လို့ဖြစ်နေမှန်းလည်း မသိရဘူး။ ကိုယ်ဘာဖြစ်နေတာလဲ ကိုယ်မသိဘူး။ ပိုဆိုးတာက အပြင်မှာ ဘာဖြစ်နေလဲဆိုတာလည်း ဘာမှမသိရဘူး။
တလအတွင်း အချုပ် ၃ ခန်း ပြောင်းခဲ့တယ်။ အချုပ်ပထမညတွေဟာ ပြဇာတ်ပထမညတွေလိုပဲ စိတ်ဝင်စားစရာတွေနဲ့။ စိတ်မနှံ့တဲ့လူတယောက်နဲ့ တခန်းတည်းမှာ အတူအိပ်ခဲ့ရတဲ့ညတွေလည်း ပါတယ်။ တကယ်တော့ စိတ်ဖောက်ပြီး တခုခုလုပ်မှာစိုးလို့ မအိပ်ခဲ့ရတဲ့ညတွေ ပြောရမယ်။ မှေးခနဲ့အိပ်ပျော်မယ်ရှိသေး။ သံတခါးဖွင့်သံကြားရပြီး လူတွေထပ်ဝင်လာကြတယ်။ ယမကာနံ့လေးနဲ့ လူတသိုက်ဆိုတော့ မူးပြီးမောင်းတဲ့လူတွေလား မပြောတတ်။ သူတို့က ဟေးလားဝါးလားဆိုတော့ ကိုယ်ပါနည်းနည်း စိတ်သက်သာသလို ရှိလာတယ်။
ဒုတိယအချုပ်ဟာ တကယ်တော့ အရင်က ကိုယ့်ပက်စပို့မှာ ဗီဇာတိုးဖို့ မကြာခဏရောက်ခဲ့တဲ့ ရုံးနဲ့ တဝင်းထဲမှာ။ ဒီတခါတော့ ဘေးဘီကို ဘာမှမမြင်ရဘူး။ သစ်သားခင်းထားတဲ့ သံကြက်တူရွေးကွက်ကာ အခန်းလေး။ နေ့စဉ်မြင်နေတာက မျက်နှာထားကိုတမင်တင်းထားတဲ့ အရပ်မနိမ့်မမြင့် လဝကအရာရှိတယောက်ရယ်၊ သူ့ထက် မျက်နှာအနည်းငယ်ချိုတဲ့အလုပ်သင်ဝန်ထမ်းတယောက်ရယ်။ နောက်ညဆို မီးခလုတ်တွေအကုန်လာဖွင့်တတ်တဲ့ အသားညိုညို၊ အရပ်မြင့်မြင့်၊ ကိုယ်ဟန်တောင့်တင်းတဲ့အရာရှိငယ်တယောက်။
မေလဟာ အချုပ်ခန်းထဲမှာ ပိုပြီး အိုက်စက်စက် ထင်ရတယ်။ အချုပ်ခန်း ဘေး ခပ်ဝေးဝေးက က ပန်ကာရယ်က လေမရောက်ချင်။ ကြမ်းပေါ် အဝတ်ရေဆွတ်ပြီး ခင်းရတယ်။ ပူရတဲ့ကြား ညဆို မီးရောင်က အထိန်သားမို့ အိပ်လို့ မရ။ ဒီလိုနဲ့ပဲ ကြက်အိပ်ကြက်နိုး ညတွေ များခဲ့ရတယ်။
အချုပ်တံခါးက ဖွင့်ချည်ပိတ်ချည်၊ လက်ထိပ်တွေက တင်းလိုက် လျော့လိုက်၊ အချုပ်ကားနဲ့ ဝင်ချည် ထွက်ချည်။ တရက်ကျတော့ ဘယ်က ဘယ်လိုဖြစ်သွားမှန်းမသိဘဲ ရုံးတော်ပေါ်ရောက်ပြီး အမိန့်ချလိုက်တယ်။ နောက်တော့ စီးနေကျကားကို စီးပြီး လေးထောင့်ခန်းလေးထဲ ပြန်ရောက်နေပြန်တယ်။ ဘာတွေ ဖြစ်နေတာလဲ။
တရက်တရက် လူတွေက အပြင်ကနေလာကြည့်တယ်။ တချို့လည်း အရာရှိတွေဝတ်တတ်တဲ့ ဂျက်ကက် အနက်ရောင်နဲ့၊ တချို့လည်း ရဲယူနီဖောင်းတွေနဲ့။ သူတို့လာကြည့်တယ်။ ဘာမှမပြောဘဲ ပြန်ထွက်သွားကြပြန်။ ဘာတွေလဲ။
ရက်တချို့ကြာသွားတယ်။ ဘန်ကောက်ကို ပို့မယ်။ အမိန့်ထဲမှာ ထောင်ဒဏ်လည်း ပါနေတော့ ဘန်ကောက်က ထောင် ပို့မှာလား။ ဘာလား မသိရပါဘူး။ ညကြီး ကားတစင်း ရောက်လာ၊ ဒီတခါ လက်ထိပ်မပါဘဲ တက်ခွင့်ရတယ်။ ဒါကပဲ မဟာ အခွင့်အရေးလိုပါပဲ။ အရာရှိတယောက်က ငှက်ပျောသီး တဖီးနဲ့ ရောက်လာတယ်။ ကားပေါ်တက်ခါနီးလေး နားကပ်လာပြီး ‘ We Understand You’ လို့ ကပ်ပြောသွားတယ်။ ဒီစကားဟာ တလလုံးလုံး တခါတလေ ဂုဏ်သိက္ခာမဲ့သလို၊ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေရတဲ့ အဖြစ်ကို အများကြီး သက်သာရာ ရစေတယ်လို့ ခံစားခဲ့ရတယ်။
ဟုတ်တယ်။ ငါဟာ ဂျာနယ်လစ်တယောက်ပဲ။ ခိုးလို့၊ ဆိုးလို့ အချုပ်ကျနေတာမှ မဟုတ်တာ၊ လူ့ဂုဏ်သိက္ခာနဲ့ အညီ မနေရတာ၊ အောက်ကျနောက်ကျ ဆက်ဆံခံရတာ၊ အကြည့်ခံရတာတွေဟာ အခြေအနေအရ ဖြစ်တာ၊ တကယ်တော့ ငါ့မှာ လူ့ဂုဏ်သိက္ခာရှိတယ်။ ငါ့ဆီက လူ့ဂုဏ်သိက္ခာဟာ ပျောက်ကွယ်မသွားသေးဘူးဆိုတာကို သတိပြန်ရလာတယ်။
ဒါပေမယ့် ဒီလို ဇာတိ ပုည ဂုဏ်မာန စိတ်ဟာ ဘန်ကောက်အချုပ်ရောက်တဲ့အခါ တစစီ။ အချုပ်သံတံခါးတွေ ဖွင့်သံတွေ၊ လက်ထိပ်သံတွေ၊ အော်ဟစ် ဆဲဆိုသံတွေ၊ ရာဇဝတ်သားတယောက်လို ဆက်ဆံခံရတာတွေက ပိုတောင်ဆိုးလာတယ်။ သံတံခါးအောက်ကနေ ဝက်တွေကိုအစာခွက် ထည့်ပေးသလို၊ ထမင်းနဲ့ ဟင်းတွေ ပလပ် စတစ်အိတ်နဲ့ ထိုးသွင်းလာတယ်။ ကြမ်းခင်းပေါ် ဖျာကြမ်းတောင် မရှိတော့ဘူး။ ခေါင်းပေါ်မှာတော့ ပန်ကာတဝီဝီ။ ဝန်ထမ်းတွေရဲ့ ဆက်ဆံပုံကလည်း ပိုရင့်သီးလာတယ်။ ဒီမှာ ကြာကြာနေရရင် မလွယ်ဘူးလို့ တွေးမိတယ်။ နောက် ဘယ်ကိုပို့မှာလဲ။ ဒီထက်ဆိုးတဲ့ထောင်လား။ ငါတို့ကိုလာတွေ့တဲ့ လူတယောက်ယောက်ပေါ်လာမှာလား။
ကံကောင်းထောက်မလို့ နောက်တနေ့မနက်မှာပဲ ချင်းမိုင်ရဲအချုပ်က စလိုက်တဲ့ ခရီးဟာ ဒီနေရာမှာ အဆုံးသတ်တော့မှာ သိလိုက်ရတယ်။ နောက်ထပ်တည တာ ငရဲခန်းဟာ ဘာမှ မဟုတ်တော့သလိုပဲ။ နောက်တနေ့ မနက်မှာ အထုပ်တွေသိမ်းဆိုတဲ့ အမိန့်ရောက်လာပြီး လုံခြုံရေးတွေပါတဲ့ အချုပ်ကားပေါ်တက်။ နောက် လေဆိပ်ဆီ။
အခု ၅ နှစ်ကြာသွားပြီဆိုတော့ တချို့အရာတွေ အသေးစိတ်တွေ ကျနော် မမှတ်မိတော့။ တချို့အရာတွေကို ပြန်မစဉ်းစားချင်။ ဒီနှစ်တွေမှာ ဇာတ်လမ်းပေါင်းများစွာဟာ ကျနော့် စိတ်မှတ်ဥာဏ်ထဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်ခဲ့တယ်။ ပိတ်ကားပေါ်က အရုပ်တွေလို။ ဒီလို အရုပ်ပေါင်းများစွာထဲမှာ ကျနော့် ကိုယ်ပိုင် အရိပ်တခုလည်း ပါသွားတယ်၊ ဒီလောက်ပါပဲ။
တခါက ကျနော် စဉ်းစားဖူးတယ်။ ခရီးသွားတယ်ဆိုတာ ယာယီ သဘောပဲလေ၊ ရထားနဲ့ သွားသည်ဖြစ်စေ၊ ကားနဲ့ သွားသည်ဖြစ်စေ၊ လေယာဉ်ပျံ ဖြစ်ဖြစ်ပေါ့။ ကိုယ်ပိုင်တဲ့ အရာတွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို နောက်မှာ ချန်ထားပြီး တနေရာကို ထွက်သွား၊ ပြီးတော့ ပြန်လာ။ အရာရာဟာ နဂို အနေအထားအတိုင်းပဲဆိုရမယ်။ အနည်းဆုံး မမျှော်လင့်တဲ့ ကံကြမ္မာ မကြုံရဘူးဆိုရင်ပေါ့။
တကယ်တော့ ကျနော်က ကံကြမ္မာဆိုတာကိုသိပ်မယုံချင်တဲ့လူစားမျိုးထဲပါတယ်။ တခါက ပြည်မှာ တက္ကသိုလ်တက်နေတုန်းက ဗေဒင်အင်မတန်မှန်တဲ့ ဆရာတော်တပါးက ‘ မောင်မင်းက နိုင်ငံခြားမှာ နေရမယ့်ကောင်ပဲ’ လို့ ဟောဖူးတယ်။ ကျနော်က ရီနေလိုက်တယ်။ မဖြစ်နိုင်တာ။
အာရင်ဘတ်က သူချစ်တဲ့ အရာတွေဟာ ရုရှားမှာပဲ ရှိတယ်လို့ ပြောသလို ကျနော် ချစ်တဲ့ အရာတွေဟာလည်း မြန်မာပြည်မှာပဲ ရှိတယ်။ ဒီအကြောင်းကို ကျနော်အရှည်ကြီး မပြောချင်ပါဘူး။
ဒီအသက်အရွယ်မှာ ကံကြမ္မာဆိုတာကိုပဲ ကျနော်စိတ်ဝင်စားလာတယ်။ တော်စတွိုင်းပြောတဲ့ သမိုင်းအဖြစ် အပျက်တွေရယ်၊ လူတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုတာကို ကျနော် အများကြီးတွေးမိနေတယ်။ လူဟာ မိမိကံ ကြမ္မာကို မိမိဖန်တီးနိုင်သလား။ ဒါမှမဟုတ် သမိုင်းအဖြစ်ပျက်တွေက လူတယောက်ရဲ့ ကံကြမ္မာကိုဖန်တီးတာလား။ လူတယောက်ရဲ့ ဘဝဟာ အကောက်အကွေ့များတယ်ဆိုပေမယ့် ငှက်မျက်စိနဲ့ကြည့်ရင် မျဉ်းဖြောင့်အတိုင်းသွားနေတာတွေ့ရလိမ့်မယ်ဆိုတဲ့ အာရင်ဘတ်ရဲ့ စကားအဓိပ္ပါယ်လည်း ကျနော်အလေးနက်ဆင်ခြင်နေမိတယ်ဆိုပါတော့။
နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
