Breaking News

မင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၅ ၊ ၂၀၂၆


မင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် တတိယမြောက် နိုင်ငံခြားခရီးစဥ်

ပြည်တွင်းကရော နိုင်ငံတကာကပါ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုဝေဖန်ခံခဲ့ရတဲ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတရာထူးကို အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ရယူပြီးနောက် အိမ်နီးချင်းနိုင်ငံတွေထဲက အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ကို မေလ၊ ဇွန်လတွေအတွင်း ၅ ရက်ကြာတဲ့ ခရီးစဥ်တွေအဖြစ် သွားရောက်ခဲ့ပြီးနောက် ဇူလိုင်လထဲမှာတော့ မြန်မာရဲ့ နောက်အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကို တရားဝင်ခရီးစဥ်အဖြစ် သွားရောက်လျက်ရှိပါတယ်။ 

ဇူလိုင်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ လာအိုနိုင်ငံကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်တဲ့ ခရီးစဥ်ရဲ့ ရည်ရွယ်ချက်ကို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဖို့ ဆိုပြီးဖော်ပြထားတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ဟာ အိမ်နီးချင်းဆိုပေမဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယတို့လို ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေတာမျိုး မရှိဘဲ ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေတြိဂံဒေသလို့ ခေါ်ဆိုတဲ့ ထိုင်း၊ မြန်မာ၊ လာအို သုံးပွင့်ဆိုင် ထိစပ်နေတဲ့ နေရာဒေသမှာသာ ထိစပ်မှုရှိတဲ့ နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။ တခေတ်တခါက ရွှေတြိဂံဒေသဟာ ဘိန်းဖြူထုတ်လုပ်ရောင်းဝယ်မှုရဲ့ ဗဟိုချက်နေရာ တခုဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လာအိုနဲ့ ထိစပ်ရာနယ်နိမိတ်ကတဆင့် လာအိုနိုင်ငံဘက်မှာ အလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား သောင်းဂဏန်းနဲ့ ရှိနေပြီး ထိုင်းနိုင်ငံနဲ့ နှိုင်းယှဥ်ရင်တော့ ဒီအရေအတွက်ဟာ အဆများစွာနည်းပါးတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

ကွန်မြူနစ်ပါတီတခုတည်းသာ တည်ရှိခွင့်ပြုထားတဲ့ လာအိုနိုင်ငံဟာ တပါတီစနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး ကုန်းတွင်းပိတ်နိုင်ငံတနိုင်ငံ ဖြစ်သလို လူဦးရေအားဖြင့် ၇ သန်းကျော် ၈ သန်းနီးပါးသာရှိတဲ့ နိုင်ငံငယ်တနိုင်ငံ ဖြစ်ပါတယ်။ ယဥ်ကျေးမှုအရ ထိုင်းနိုင်ငံနဲ့ ပိုမိုနီးစပ်မှုရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနေနဲ့ ၄င်းနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံဖြစ်ပြီး မကြာသေးတဲ့ နှစ်ပိုင်းအတွင်းက တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံကို ဆက်သွယ်ထားတဲ့ ကျည်ဆန်ရထား စီမံကိန်းကို တရုတ်နိုင်ငံရဲ့ နည်းပညာ၊ ချေးငွေ ၇၀ ရာနှုန်းနဲ့ တည်ဆောက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီရထားလမ်းစီမံကိန်းဟာ ခါးပတ်နဲ့ လမ်းစီမံကိန်း BRI ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး တရုတ်နိုင်ငံထဲက အနောက်တောင် ကုန်းတွင်းပိတ်ပြည်နယ် ဖြစ်တဲ့ ယူနန်ပြည်နယ်အနေနဲ့ အရှေ့တောင်အာရှ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကို ဆက်သွယ်ထားတဲ့ အမြန်ရထားလမ်း ဖြစ်လာခဲ့ပါတယ်။ ကုန်ကျစရိတ် ၆ ဘီလျံလောက် ရှိတဲ့ အမြန်ရထားလမ်းစီမံကိန်းဟာ လာအိုအဖို့ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာ ပထမဆုံးသော ကျည်ဆန်ရထားလမ်းရှိလာတဲ့ နိုင်ငံ ဖြစ်လာပါတယ်။ 

လာအိုနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရရှိတဲ့ အရာတွေအနက် တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားကို တရုတ်နိုင်ငံဆီ ရောင်းချတာ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးတို့ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့အတွင်းမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းတို့လို သြဇာကြီးမားတဲ့ နိုင်ငံတနိုင်ငံ မဟုတ်သည့်တိုင် အာဆီယံအဖွဲ့တွင်း မြန်မာနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချမဲ့ အခြေအနေမျိုးမှာ လာအိုအနေနဲ့ မြန်မာအာဏာသိမ်း ခေါင်းဆောင်ကနေ ရွေးကောက်ခံအစိုးရအဖြင့် အသွင်ပြောင်းခဲ့တဲ့ မင်းအောင်လှိုင် အစိုးရအပေါ် ပျော့ပျောင်းတဲ့ သဘောထား ဆုံးဖြတ်ချက်မျိုး ဖြစ်ဖို့ ထောက်ခံပြောဆိုပေးမဲ့ နိုင်ငံတနိုင်ငံအဖြစ် ရှုမြင်နိုင်ပါတယ်။ 

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ အိမ်နီးချင်းနိုင်ငံတွေ တနိုင်ငံပြီးတနိုင်ငံ စည်းရုံးရေးဆင်းနေတဲ့ အသွင်က ထင်ရှားသလို အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း အာဏာသိမ်း စစ်အစိုးရ အနေအထားမှာ သံတမန်ရေးအရ ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးခြင်း မပြုခဲ့သည့်တိုင် ရွေးကောက်ပွဲ ကျင်းပပြီး အရပ်ဝတ်လဲကာ ရွေးကောက်ခံအစိုးရ အဖြစ်ပုံဖေါ်လာတဲ့အခါ ချီးမွမ်းခြင်း မပြုသည့်တိုင် သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံလာတဲ့ အနေအထားမျိုး တွေ့လာရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက မင်းအောင်လှိုင် အစိုးရကို တိတိလင်းလင်း ထောက်ခံအားပေးကြောင်း ပြသခဲ့ခြင်းကလည်း အချို့သော မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအဖို့ မင်းအောင်လှိုင် အစိုးရနဲ့ တရားဝင် ဆက်ဆံဖို့ လမ်းပွင့်လာစေတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ 

လာအိုခရီးစဥ်အတွင်း မဲခေါင်မြစ်ပေါ်က မီဂါဝပ် ၂၈၀၀ နီးပါးရှိ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေကို ပူးပေါင်း လေ့လာဖို့ သဘောတူညီမှုတရပ် လက်မှတ်ထိုးခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ 

လာအိုနိုင်ငံခရီးစဥ်ဟာ အိန္ဒိယ၊ တရုတ်ခရီးစဥ်တွေလို သဘောတူစာချုပ်တွေ ချုပ်ဆိုတာမျိုးထက် သံတမန်ရေးအရ မဟာဗျူဟာမြောက် မိတ်ဘက် ဆက်ဆံရေးလို အနေအထားမျိုးအတွက်သာ ရည်ရွယ်တဲ့ ခရီးစဥ်လို့ ဆိုနိုင်ပါတယ်။ 

၃ ရက်ကြာ လာအိုနိုင်ငံခရီးစဥ်အတွင်း အသေးစား အလတ်စား လုပ်ငန်းဖြစ်တဲ့ ပိုးထည်၊ လက်မှုပစ္စည်းလုပ်ငန်းတွေ လေ့လာတာ၊ ဘုရားဖူးတာ စတဲ့ခေါင်းစဥ်တွေသာ တွေ့ရမှာလည်း ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လာအို ခရီးစဥ်ကို ရွေးကောက်ပွဲပြီးနောက် တက်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ အစိုးရအနေနဲ့ တနိုင်ငံပြီးတနိုင်ငံ တရားဝင်ဆက်ဆံလာတယ်ဆိုတဲ့ သံတမန်ရေးအသိအမှတ်ပြုမှုကို ပြသချင်တာက အဓိက ရည်မှန်းချက် ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ 

အာဆီယံအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံအစိုးရ ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေး၊ နိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးတွေမှာ ပြန်လည်ဖိတ်ကြားဖို့ လောလောဆယ်မှာတော့ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှု ရဖို့ မလွယ်သေးတာ တွေ့ရမှာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီထဲက ပေါက်ပန်းဈေး ပြောဆိုတတ်တဲ့ ဘူးလက်လှဆွေလို လွှတ်တော်ကိုယ်စားလှယ်လိုမျိုးတွေက အာဆီယံအဖွဲ့က နုတ်ထွက်ဖို့ လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုတာမျိုးနဲ့ တဖက်မှာ အာဆီယံအဖွဲ့ကို ဘေးတီးမဲ့ နိုင်ငံရေးကစားကွက်တွေ လုပ်နေသလို မင်းအောင်လှိုင် အစိုးရဟာ တဖက်မှာလည်း ၄င်းတို့အပေါ် သဘောထားပျော့ပျောင်းတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကို သံတမန်ရေးအရ စည်းရုံးရေး ဆင်းနေတာကို ထင်ထင်ရှားရှား တွေ့မြင်ရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar