Breaking News

စစ်ရေး၊ သံတမန်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၆


စစ်ရေး၊ သံတမန်ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်း

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ရှုမြင်မှုဘယ်လိုရှိလဲလို့ မေးရင် အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဖို့ ပြည်တွင်းစစ်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြဖို့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးလွှတ်ပေးဖို့ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ ဆိုတဲ့ ရှုထောင့်တွေက ချဥ်းကပ်ကြတာလို့ ယေဘုယျအားဖြင့် ပြောနိုင်ပါတယ်။ 

အခု သီတင်းပတ်တွေအတွင်း ဖြစ်ပေါ်နေတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ကြည့်ရင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ အချို့ပါဝင်တဲ့ အာဆီယံ အဖွဲ့ရဲ့ ချဥ်းကပ်ပုံ၊ အာဆီယံမှာလည်း ပါဝင်သလို မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ထိစပ်နေပြီး မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတို့ရဲ့ ချဥ်းကပ်ပုံတွေက အထက်ဖော်ပြတဲ့ ရှုထောင့်တွေကနေ ချဥ်းကပ်ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ဒါက အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံရဲ့ ရှုမြင်ပုံဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက ဒီပြဿနာကို ဘယ်လို ရှုမြင်ချဥ်းကပ်ကြပါသလဲ။ စစ်တပ်အင်အားကို အခြေခံကာ နိုင်ငံရဲ့ အာဏာသိမ်းကာ ၄င်းတို့ အကျိုးစီးပွားအပေါ် ဗဟိုပြုကာ ရွေးကောက်ပွဲကျင်းပပြီး အာဏာရလာတဲ့ စစ်ဗိုလ်ချုပ်ဟောင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေးအစိုးရက ဘယ်လို ရှုမြင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အခြား PDF တပ်ဖွဲ့တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဘယ်လိုရှုမြင်ကြပါသလဲ။ 

စစ်တပ်နဲ့ ကြံ့ခိုင်ရေး အစိုးရကတော့ ၂၀၂၅/၂၆ ရွေးကောက်ပွဲကို ၄င်းတို့ ထိန်းချုပ်ထားနိုင်တဲ့ ဒေသအချို့မှာ ကျင်းပခဲ့ပြီး ဒီရလဒ်ကို တရားဝင်ကြောင်းနိုင်ငံတကာကို သက်သေပြဖို့ ကြိုးပမ်းနေသလို ပြည်တွင်းက ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ၄င်းတို့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ညှိနှိုင်းမှုကော်မတီ (NSPNC) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာတွေ လုပ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးမှု၊ အပစ်အခတ်ရပ်စဲမှု ဆိုတာတွေကို ဒီလမ်းကြောင်းပေါ်ကသာ သွားဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အထဲမှာလည်း စစ်တပ်နဲ့  တိုက်နေတဲ့ အဖွဲ့တွေက အုပ်စုတစုဖြစ်ပြီး စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ 7 Alliance EAOs လို့ ခေါ်ဆိုတဲ့ အဖွဲ့တွေက နောက်အုပ်စုတစု အဖြစ် ခွဲခြားနိုင်ပါတယ်။ တိုက်ခိုက်နေတဲ့ အုပ်စုတွေထဲမှာမှ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ၂၀၂၅ ခုနှစ်မှာ အပစ်ရပ်သဘောတူခဲ့တဲ့ ကိုးကန့် နဲ့ တအာင်းလက်နက်ကိုင် အဖွဲ့လို အဖွဲ့၂ ဖွဲ့ရှိပြီး ကျန်အဖွဲ့တွေနဲ့ မတူတဲ့အနေအထားမှာ ရှိတာပါ။ 

အာဏာသိမ်းစစ်တပ်နဲ့ လက်ရှိအချိန်မှာ တိုက်ခိုက်နေတဲ့အဖွဲ့တွေ အနေနဲ့ ရပ်တည်ချက်အားဖြင့် အပစ်ရပ်ဖို့ တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုမှု၊ တိုက်တွန်းမှုတွေကို လက်မခံတဲ့ ရပ်တည်မှုမျိုး ကိုင်စွဲထားတယ်လို့ နားလည်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက မြို့နဲ့ ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ တောင်းဆိုတဲ့ ရပ်တည်ချက်မျိုး ကိုင်စွဲထားကြတာလို့ ဆိုနိုင်ပါတယ်။ ထိုးစစ်တွေ ရပ်တန့်ဖို့ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်မှသာလျှင် အပစ်အခတ်ရပ်တာ၊ ငြိမ်းချမ်းရေးဆွေးနွေးတာကို လုပ်ဆောင်နိုင်မဲ့ အခင်းအကျင်းလို့လည်း ခံယူထားကြတာပါ။ ဒါ့အပြင် ခေတ်အဆက်ဆက်မှာ အပစ်ရပ် သဘောတူညီချက်တွေကို စစ်တပ်ဘက်က ချိုးဖောက်ခဲ့တဲ့ သာဓကတွေရှိခဲ့တာကြောင့်လည်း စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ယုံကြည်စရာ မရှိဘူးလို့လည်း ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုတော့ စစ်တပ်နဲ့ ကြံ့ခိုင်ရေး အစိုးရဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမျိုး မရှိဘဲ လက်နက်ချဖို့ ကမ်းလှမ်းမှုသာရှိတာတွေ့ရပါတယ်။ NUG ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သဘောသဘာဝ မတူဘဲ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ က ရယူထားတဲ့ ဗဟိုအစိုးရရဲ့ အာဏာကို တိုက်ရိုက်စိမ်ခေါ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်တာကြောင့် စစ်တပ်နဲ့ ကြံ့ခိုင်ရေး အစိုးရအနေနဲ့ NUG ကို အသိအမှတ်မပြုဆိုတဲ့ ရပ်တည်ချက်နဲ့ ရပ်တည် လုပ်ဆောင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ 

အခု ရက်ပိုင်းအတွင်း သံတမန်ရေးအရ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ နိုင်ငံရေးအကြပ်အတည်းကို အဖြေရဖို့ ကြိုးပမ်းတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံ အဖွဲ့၊ အိမ်နီးချင်းနိုင်ငံ အချို့တို့ကတော့ အာဆီယံသဘောတူညီမူ ၅ချက်ကို အခြေပြုပြီး မြန်မာ အရပ်ဝတ်လဲထားတဲ့ စစ်တပ်ကြံ့ခိုင်ရေး အစိုးရ၊ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေ၊ NUG တို့အကြား သီးခြားစီတွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီမူ ၅ ချက် ကို အကောင်အထည်ဖေါ်နိုင်ဖို့နဲ့ စစ်အစိုးရရဲ့ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး၊ NSPNC က ကိုယ်စားလှယ်တွေနဲ့ ဘန်ကောက်နဲ့ ပတ္တရားတို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အနေနဲ့ အာဆီယံအနေနဲ့ အာဆီယံမူကို ကျော်လွန်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ အသွင်ဖြစ်အောင် ဝါဒဖြန့်ဖို့အတွက် ကြံ့ခိုင်ရေးပါတီကြီးစိုးတဲ့ လွှတ်တော်ကို အသုံးချပြီး အာဆီယံကို ဝေဖန်ထိုးနှက်တဲ့ ဆွေးနွေးမှုတွေကို ဘန်ကောက်အစည်းအဝေးမတိုင်ခင် ရက်ပိုင်းအလိုမှာ ချိန်ကိုက် လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီလွှတ်တော် ဆွေးနွေးချက်တွေကို စစ်တပ်ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနဲ့ တွေ့ဆုံစဥ်မှာ ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုလို ဘန်ကောက် နဲ့ ပတ္တရားက သီးခြားစီကျင်းပတဲ့ အစည်းအဝေးတွေ၊ NUG အစိုးရကိုယ်စားလှယ်နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံတာတွေဟာ ဘယ်လို ရလဒ်ကို မျှော်မှန်းပြီး လုပ်ဆောင်နေကြတာပါလဲ။ အာဆီယံ အနေနဲ့တော့ မြန်မာ့အရေး ၊ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အရှိန်လျော့ပါး ရပ်တန့်စေလိုပြီး ပါဝင်တဲ့ အဖွဲ့တွေအချင်းချင်း နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ကြဖို့ ရည်ရွယ်တာ၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတာကြောင့် လက်နက်ကိုင်ပဋိပက္ခ ရပ်ဆိုင်းဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ဆိုရမှာပါ။ အာဆီယံ နဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ အနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့ မချုပ်ငြိမ်းဖို့အထိ မျှော်လင့်ချက် ထားရှိမှာမဟုတ်ပါဘူး။ မြန်မာပြည်တွင်းက စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအဖို့တော့ ဒီအချက်က အရေးကြီးတဲ့ အဓိကရည်မှန်းချက်လို့ ဆိုရမှာပါ။ 

အထက်က တင်ပြခဲ့တဲ့ အာဆီယံ၊ ထိုင်းနိုင်ငံနဲ့ ပြည်တွင်းက အဖွဲ့အစည်းအသီးသီးရဲ့ ရည်မှန်းချက် မျှော်လင့်ချက်နဲ့ လက်ရှိ ရောက်နေတဲ့ အခြေအနေကနေ ပြောင်းလဲဖို့ လုပ်ဆောင်နေတာတွေမှာ ကွာဟချက်တွေ အများအပြား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က လက်ရှိအနေအထားကို တရားဝင်အဖြစ် အသိအမှတ်ပြုစေချင်တာ၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က အပြီးတိုင် ထွက်ခွာသွားစေချင်တာ အိမ်နီးချင်းနဲ့ ဒေသတွင်း အစုအဖွဲ့တွေကတော့ လက်နက်ကိုင် ပဋိပက္ခရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာစေချင်တာ အသီးသီးဖြစ်ကြပြီး လတ်တလော သံတမန်ရေး ကြိုးပမ်းချက်တွေ အောင်မြင်မလား၊ မအောင်မြင်ဘူးလား လို့  အတိုချုပ်မေးခွန်းထုတ်ရင် အဖွဲ့တွေရဲ့ ရည်မှန်းချက်တွေ ကွာဟချက် ကြီးမားနေသေးတာကြောင့်  အောင်မြင်နိုင်ခြေ နည်းပါးတယ်လို့သာ ဆိုရမဲ့ အခြေအနေ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar