လေးလေး - မြင့်သန်း ရဲ့ သဗ္ဗရနံပေါင်း
လေးလေး - မြင့်သန်း ရဲ့ သဗ္ဗရနံပေါင်း
မိုးမခ ၊ ဇူလိုင် ၁၈ ၊ ၂၀၂၆
မြင့်သန်း..တဲ့၊ အတွေးနောက်က အရေး..တဲ့၊ သဗ္ဗရနံပေါင်း..တဲ့။ စာညွှန်းဆရာတယောက်က ညွှန်းလို့ ဖတ်တယ်။ သူ ညွှန်းသလိုပဲ၊ မြင့်သန်း စာတွေ ဖတ်ရတာ သဘောတူတာရှိ၊ မတူတာရှိ။ ဒီထိ ပြဿနာမရှိသေး၊ ဒဿနဆရာမို့ တွေးစရာပေးတဲ့ စာတွေလည်း ပါ၊ နိုင်ငံရပ်ခြား ကဗျာကောင်းလေးတွေ ပြန်ဆိုရည်ညွှန်းတာတွေလည်း ဖတ်ရ။ ဒါပေမဲ့ သူ့စာတွေဖတ်ရတာ ထိုးထိုးထောင်ထောင်၊ အမှာစာ ဖတ်ကြည့်။
“သဗ္ဗရနံပေါင်း ဆိုတာကတော့ သဗ္ဗရနံပေါင်းပဲ။ ဒီ့ထက် ပိုရှင်းပြနေစရာ မလိုဘူး ထင်တယ်။ တစ်ခုတော့ ပြောစရာ ရှိတယ်။ လူတိုင်းကြို က်မှာတွေတော့ မဟုတ်ဘူး။ အကြောင်းကတော့ လူတိုင်းအတွက် ဟုတ်မယ် မထင်လို့ပဲ။
ခု စာအုပ်ထဲမှာ ကဗျာတချို့ကို မြန်မာဘာသာ စာနဲ့ ပြန်ရေးထားတာတွေ ပါတယ်။ ဒီ-ကဗျာတွေဟာ ကျွန်တော် ဘဝင်ကျလို့ ပြန်ပြီး ရေးတာပဲ။
“စပ်ကျ အနောက်” နဲ့ “အင်ဒိုနီးရှားက လူသားသုတ်သင်ပွဲ” ကတော့ ကျွန်တော် ရေးခဲ့တဲ့ အကဲဖြတ်ချက် စာတမ်းတွေကို သုတ်သင် ဖြည့်စွက်ပြီး မြန်မာလို ရေးထားတာပဲ။ လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်မယ်။ သဘော ကျချင်မှ ကျမယ်။ ကြိုက်ချင်မှ ကြိုက်မယ်။”
စာရေးသူ စကားခံထားသလိုပါပဲ၊ လူတိုင်း မကြိုက်နိုင်တဲ့ စာတွေပါ။ ဒါမျိုးတွေလည်း အမှာမှာကတည်းက ဖတ်ရပြန်တယ်။
ဒီထဲမှာ ထုတ်ဝေသူရဲ့ တောင်းဆိုချက်အရ ချန်ထားရတဲ့ စာတစ်ပုဒ် ရှိတယ်။
“စာရေးဆရာ၊ ကဗျာဆရာတို့ရဲ့ အကျိုးစီးပွားအတွက် အလှည့်ကျ ထောင်ချပေးသင့်ကြောင်း အဆို ...”ဆိုတဲ့ အရေးအသား။ ရေးထားတာ ကြာလှပြီ။ ခရမ်း-သုံးခွဘက်က ငနဲ တိုင်းပြည်မှာ အာဏာရှင် ဖြစ်လာကတည်းက။ အဲဒီနောက် ခေတ်အဆက်ဆက်ပဲ။ ဘိလပ်ပြန် ကွမ်ရင်မယ်တော်ကြီး လက်ထက်မှာလည်း ပုံနှိပ်ခွင့် မရဘူး။”
ဘယ်သူမှ အထာမထားတဲ့ အရေးအသားတွေပါ။ စာရေးသူမြင့်သန်းဟာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၉ ခု နှစ်ဖွား၊ ဒဿနိကဗေဒဘွဲ့ရ၊ ဆရာဇော်ဂျီကို အားကျလို့ ပြောက်ကျားစာရေးဆရာ လုပ်တာလို့လည်း ဆိုရဲ့။ အတွေး နောက်က အရေးစီးရီးတောင် သုံးအုပ်မြောက် ရှိလာပြီဆိုတော့ သူ့စာဖတ်ပရိသတ်အင်အားကလည်း မသေးလှ။ စာအုပ်အဖုံးမှာ စာရေးသူဓာတ်ပုံတင်ပြီး ထုတ်ရဲတဲ့ သတ္တိကလည်း မခေဘူး။
နိုင်ငံရပ်ခြားကဗျာတွေ ဘာသာပြန်ပြ၊ ခံစားပြ၊ သုံးသပ်ပြတာတွေကတော့ မဆိုးလှ…။ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းလက်ထက်က တရုတ်ကဗျာဆရာ “မာန်ခါ”ရေးတဲ့ “နေထဲက နေကြာ”ကဗျာ ဖတ်ကြည့်…။
နေထဲက နေကြာ
မင်း မြင်သလား
နေရောင်ထဲက နေကြာပန်းကို မင်း မြင်သလား
မြင်သလား ဦးညွှတ်မသွားတာ
ဒါပေမဲ့ ခေါင်းကို နောက်လှည့်လိုက်တာ
နေရဲ့လက်တွေနဲ့ ဆွဲထားတဲ့
သူ့လည်ပင်းက ကြိုးတွေကို ကိုက်ဖြတ်တော့မလို
မင်း မြင်သားပဲ
မင်း မြင်တဲ့အတိုင်း
နေကြာပန်းက ခေါင်းထောင်ပြီး
နေကို ရဲရဲကြီး ကြည့်နေတာ
သူ့ခေါင်းက နေကိုတောင် ကွယ်တော့မလို
နေ မရှိတော့ပေတဲ့ သူ့ခေါင်းက တောက် ပလို့
အဲဒီ နေကြာပန်းကို မင်း တွေ့သလား
အနားကို တိုးသွား
အနား ရောက်တာနဲ့ မင်း တွေ့မယ်
သူ့ခြေရင်းက မြေကြီးတွေ လက်တစ်ဆုပ်စာ
မြေတိုင်းမှာ သွေးတွေ ယိုစီးလို့...။
မြင့်သန်းရဲ့ “အတွေးနောက်က အရေး၊သဗ္ဗရနံပေါင်း”စာအုပ်ကို ရန်ကုန်မြို့ရှိ “နှစ်ကာလများ”စာအုပ်တိုက်က ၂၀၂၆ ခုနှစ်၊ ဧပြီလမှာ ပထမအကြိမ်၊ အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်ရောင်းဈေးက ကျပ် ၂၀,၀၀၀ တိတိ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar