နန္ဒအောင် - ခေတ်ရှေ့ပြေးတဲ့ လျှို့ဝှက်မွေးနေ့ပွဲအကြောင်း
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၆
ဒီနေ့ခေတ်မှာ Surprise Gift ( အံ့အားသင့်စရာ လက်ဆောင် / အံ့အားသင့်အောင် ပေးသော လက်ဆောင် ) လုပ်ပေးတယ်ဆိုတဲ့ အပြုအမူတွေ အတော်လေး ခေတ်စားလို့နေပါတယ်။ ဘယ်လောက်တောင် ခေတ်စားတာလဲဆိုရင်၊ ဇာတ်မင်းသားကြီး ဦးသိန်းဇော် စကား ခဏငှားပြောရရင် “ လမ်းထိပ်မုန့်ဟင်းခါးဆိုင်ကနေ နိဗ္ဗာန်ထိ ” နေရာ အနှံ့အပြားမှာ ခေတ်စားလို့ နေပါတယ်။
ဒီနေ့ခေတ် လူသားဟာ ဆိုရှယ်မီဒီယာနဲ့ ကင်းလို့မရနိုင်အောင်ထိ ဆိုရှယ်မီဒီယာရဲ့ အရှိန်အဟုန်က ပြင်းထန်လို့ နေပါတယ်။ ကျွန်တော်တို့တွေ အသုံးပြုနေကြတဲ့ Facebook ( လူမှုကွန်ရက် ) ၊ TikTok တို့လို ဆိုရှယ်မီဒီယာတွေမှာ Surprise Gift ( အံ့အားသင့်အောင် ပေးသော လက်ဆောင် ) ပေးတဲ့ ပုံရိပ်တွေကို အမြဲတွေ့နေ၊ မြင်နေရပါတယ်။
Surprise Gift ( အံ့အားသင့်အောင် ပေးသော လက်ဆောင် ) ဝန်ဆောင်မှု လုပ်ပေးတဲ့ သူတွေကလည်း ဆိုရှယ်မီဒီယာ မျိုးစုံကို အသုံးချပြီး သူတို့ရဲ့ ဝန်ဆောင်မှုတွေကို တင်ဆက်လေ့ရှိပါတယ်။ သေချာတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Surprise Gift ( အံ့အားသင့်အောင် ပေးသော လက်ဆောင် )လုပ်ပေးတယ်ဆိုတဲ့ အပြုအမူဟာ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ဆိုရှယ်မီဒီယာ အရှိန်အဟုန် ပြင်းပြင်းနဲ့ အားကောင်းလာတော့မှ ဒီလိုအပြုအမူမျိုး ခေတ်စားလာတာပါ။
Surprise ( အံ့အားသင့်စရာ / အံ့ဩစရာ ) လုပ်တယ်ဆိုတာမှာ အထိမ်းအမှတ် တစ်ခု( မွေးနေ့၊ နှစ်ပတ်လည် ) မှာဖြစ်ဖြစ်၊ လက်ထပ်ခွင့်တောင်းတာမှာ ဖြစ်ဖြစ် အံ့ဩသွားအောင် လုပ်ကြတာပါ ။ ကျွန်တော်က ကျွန်တော်ရေးတဲ့ စာတွေထဲမှာ အတတ်နိုင်ဆုံး အင်္ဂလိပ်စာတွေ ထည့်ရေးရတာမျိုးကို ရှောင်ပါတယ်။ အတတ်နိုင်ဆုံး မြန်မာလိုပဲ ရေးချင်ပါတယ်၊ ဒါကြောင့် Surprise Gift ကို အံ့အားသင့်အောင် ပေးသောလက်ဆောင်၊ Surprise ကို အံ့အားသင့်စရာ ဖြစ်ဖြစ်၊ အံ့ဩစရာဖြစ်ဖြစ်လို့ပဲ သုံးနှူန်းပါ့မယ်။ ကျွန်တော်က စကားပြောလို ရေးတာဆိုတော့ ‘ အံ့အားသင့်အောင် ပေးတဲ့ လက်ဆောင် ’ လို့ပဲ သုံးနှူန်းပါ့မယ်။
ကျွန်တော် ရေးခဲ့သလို နှစ်ပတ်လည်၊ မွေးနေ့ အထိမ်းအမှတ်တွေမှာ အံ့အားသင့်အောင် လက်ဆောင် ပေးတာမျိုး၊ အံ့ဩသွားအောင် လက်ထပ်ခွင့်တောင်းတာမျိုးတွေဟာ ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ဒီအပြုအမူ၊ အလေ့အထတွေဟာ ဟိုးအရင်ကတည်းက မရှိခဲ့တာတော့ မဟုတ်ဘူး၊ ရှိတော့ ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်လို ခေတ်မစားသေးဘူးလို့ ဆိုလိုတာပါ။ ဒီဘက်ခေတ်မှာတော့ ဆိုရှယ်မီဒီယာ ဖွင့်လိုက်တာနဲ့ အံ့အားသင့်အောင် လက်ဆောင် ပေးတဲ့ ဗီဒီယိုတွေကို အများကြီး တွေ့နေရတဲ့အထိ ခေတ်စားလို့နေပါတယ်။
ဒီဘက်ခေတ်မှာလို အံ့အားသင့်အောင် လက်ဆောင်ပေးတဲ့ အပြုအမူမျိုးတွေ ခေတ်မစားသေးချိန်၊ ကြည့်စရာဆိုလို့ တီဗီလောက်သာ ရှိသေးတဲ့ လွန်ခဲ့တဲ့ နှစ်လေးဆယ်ဝန်းကျင်လောက် ( ၁၉၈၀ ဝန်းကျင် ) တုန်းက စာရေးဆရာ “ ပါရဂူ” ကို ဆရာ့မိတ်ဆွေတွေက အံ့အားသင့် ပျော်ရွှင်သွားအောင် မွေးနေ့ပွဲလေး လျှို့ဝှက်လုပ်ပေးခဲ့တဲ့ ဖြစ်ရပ်လေး ရှိခဲ့ပါတယ်။ ဆရာပါရဂူကို ဆရာ့မိတ်ဆွေတွေက မွေးနေ့ပွဲလေး လျှို့ဝှက်လုပ်ပေးဖြစ်ပုံကို စာပေမှတ်တမ်းထဲကနေ စာဖတ်မိတ်ဆွေတို့ကို တင်ပြပါ့မယ်။
ဆရာပါရဂူကို သူကိုယ်တိုင် မသိဘဲ မွေးနေ့ပွဲလေး လျှို့ဝှက်စီစဉ်ပေးဖြစ်တဲ့အကြောင်းကို ဆရာလင်းယုန်မောင်မောင်က ချယ်ရီမဂ္ဂဇင်းမှာ “ ဆရာပါရဂူ၏ လူမသိသေးသော အတွင်းရေးများ ” ဆိုတဲ့ ခေါင်းစဉ်နာမည်နဲ့ ရေးသားခဲ့ပါတယ်။ ချယ်ရီမဂ္ဂဇင်း ၊ အမှတ် ၂၂၊ နိုဝင်ဘာ ၁၉၉၆ ခုနှစ်ထုတ်ပါ။ ဆရာလင်းယုန်မောင်မောင်က ချယ်ရီမဂ္ဂဇင်းမှာ ‘ ကျွန်တော့် အပေါင်းအသင်း အနုပညာရောင်းရင်းများ ’ ဆိုပြီး စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်ပေါင်းစုံက သူနဲ့ထိတွေ့ဆက်ဆံခဲ့တဲ့ မိတ်ဆွေရင်းတွေအကြောင်းကို အခန်းဆက် ရေးသားခဲ့ပါတယ်။ ( ဆရာလင်းယုန်မောင်မောင်ကို စာပေအနုပညာနယ်ပယ်က သူ့အပေါင်းအသင်းရောင်းရင်းတွေအကြောင်း ရေးသားဖို့ တိုက်တွန်းခဲ့သူမှာ ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ကျော်သီဟလို့ သိရပါတယ်။ ဒါလည်း အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းလို့ပဲ ဆိုရမှာပဲ၊ စာမူကောင်းတွေကို အကြွေးတောင်းသလို တောင်းနေတာကလည်း အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းပဲ။ စာမူကောင်းတွေ စာမျက်နှာပေါ်မှာ ရောက်လာဖို့ဆိုတာ စာရေးသူအပြင် အယ်ဒီတာတွေရဲ့ အရည်အချင်းနဲ့လည်း ဆိုင်ပါတယ် )
စကားမစပ် စာဖတ်မိတ်ဆွေတို့ကို လက်တို့ရရင် ဆရာ လင်းယုန်မောင်မောင်ရဲ့ ချယ်ရီမဂ္ဂဇင်းမှာ အခန်းဆက် ရေးသားခဲ့တဲ့ “ ကျွန်တော့် အပေါင်းအသင်း အနုပညာရောင်းရင်းများ ” ဆောင်းပါးတွေကို ‘ ပန်အောင်စာပေ ’ က တစုတစည်းတည်း စုစည်းပြီး ၂၀၀၃ ခုနှစ် နိုဝင်ဘာမှာ ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။
ကျွန်တော် ရေးတဲ့စာကလည်း ဆရာပါရဂူကို အံ့အားသင့်အောင် မွေးနေ့ပွဲလုပ်ပေးတဲ့ အကြောင်းကို တင်ပြမယ်ဆိုတာကနေ ဆရာလင်းယုန်မောင်မောင်ရဲ့ စာအုပ်အကြောင်းကို ရောက်သွားနေတော့ နည်းနည်းလေး လမ်းချော်သလိုများ ဖြစ်သွားလားမသိ စာဖတ်မိတ်ဆွေတို့ရေ။ ဒါပေမဲ့ ငယ်ငယ်တုန်းက စာသင်တော့ ရူပဗေဒသဘောတရားမှာ ‘ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ’ ရှိတယ်ဆိုတဲ့ သဘောတရားကို သင်ခဲ့ရပါတယ်။ အဲဒီသဘောတရားအရဆိုရင် ကျွန်တော့်စာက လမ်းချော်သွားတယ်လို့ မဆိုနိုင်ပါဘူး။ ဘာလို့ဆို၊ ဒီဆောင်းပါး ဖြစ်ပေါ်လာပုံကို အဓိကကျတဲ့ အကြောင်းအရင်းဖြစ်တဲ့ ဆရာလင်းယုန်မောင်မောင်ကို အယ်ဒီတာက စာမူအကြွေးတောင်းသလိုတောင်းလို့ ရေးဖြစ်တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ရေးသားနေလို့ပဲ။ ဟုတ်တယ်လေ ... ဆရာလင်းယုန်မောင်မောင်ကို အယ်ဒီတာက စာမူတောင်းတယ်၊ စာမူတောင်းတော့ ဆရာလင်းယုန်မောင်မောင်က ဆောင်းပါးရေးတယ်၊ ဆောင်းပါးကို စာမျက်နှာထက်မှာ ဖော်ပြလို့ စာဖတ်ပရိသတ်တွေ ဖတ်ခွင့်ရတယ်။ ဖတ်ခွင့်ရတဲ့ စာဖတ်ပရိသတ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က အံ့အားသင့်အောင် လက်ဆောင်ပေးတဲ့၊ မွေးနေ့ပွဲ စီစဉ်ပေးတဲ့ အပြုအမူတွေ ခေတ်မစားသေးတဲ့ လွန်ခဲ့တဲ့ နှစ်လေးဆယ်ဝန်းကျင်တည်းက လျှို့ဝှက် မွေးနေ့ပွဲလေး လုပ်ပေးဖြစ်တဲ့အကြောင်းကို ဖော်ထုတ်ရေးသား တင်ပြခွင့်ရခဲ့လို့ပဲ။
ဆရာလင်းယုန်မောင်မောင် ရေးတဲ့ ဆရာပါရဂူရဲ့ လျှို့ဝှက် မွေးနေ့ပွဲလေး အကြောင်းကို ဖတ်ကြည့်ကြပါဦး။
“ လျှို့ဝှက်သော မွေးနေ့ပွဲကလေး
မွေးနေ့ပွဲကျင်းပသည့် နေရာမှာ ဆရာပါ၏ ချစ်မိတ်ဆွေကြီး ဒေါက်တာမောင်မောင်ညိုနှင့် ဇနီးနန်းဥမ္မာတို့၏အိမ်တွင် ဖြစ်သည်။ ဆရာပါ မသိအောင် တိတ်တဆိတ်ကျိတ်၍ ကျင်းပသည်ဆိုသော်လည်း ဆရာပါနှင့် ရင်းနှီးသည့် မိတ်ဆွေတော်တော်များများ တက်ရောက်ခဲ့ကြသည်။ ဆရာတိုက်စိုး၊ ဆရာမြသန်းတင့်၊ မင်းယုဝေ၊ ကျွန်တော်၊ ဆရာဝင်းမွန်၊ ခင်ဆွေဦး၊ တက္ကသိုလ်မြစိမ်း စသည်ဖြင့် စုစုပေါင်း ၁၅ ယောက်ခန့် တက်ရောက်ခဲ့ကြသည်။ ကာယကံရှင် ဆရာပါ ကိုယ်တိုင်လည်း သူ့မွေးနေ့ပွဲမှန်း မသိဘဲတက်ရောက်ခဲ့ရာ အခမ်းအနားစတော့မှ သူ့မွေးနေ့အတွက် ကျင်းပမှန်းသိရသဖြင့်
‘ ခင်ဗျားတို့ အတော်နောက်တဲ့ လူတွေဗျာ ’ ဟုဆိုကာ ရယ်ရယ်ကျဲကျဲ ဖြစ်နေခဲ့သည်။ ထိုနေ့က မွေးနေ့လက်ဆောင်အချို့ ပေးခဲ့ရာ စိတ်ပုတီးတစ်ကုံး ပါဝင်ခဲ့သည်ကို ကျွန်တော်မှတ်မိနေသည်။ ”
( လင်းယုန်မောင်မောင်၊ ကျွန်တော့်အပေါင်းအသင်း အနုပညာရောင်းရင်းများ။ ပန်အောင်စာပေ။ ၂၀၀၃၊ နိုဝင်ဘာ၊ ပထမအကြိမ်။ စာ၊ ၂၂ - ၂၃ )
အဲဒီစာစုလေးက ဆရာလင်းယုန်မောင်မောင်ရေးတဲ့ ဆရာပါရဂူရဲ့ လျှို့ဝှက်မွေးနေ့ပွဲလေးအကြောင်းပါပဲ။ ဆရာ လင်းယုန်မောင်မောင်ရဲ့ အရေးအသားထဲက “ ဆရာပါ ” ဆိုတာ ဆရာပါရဂူကို ရည်ညွှန်းတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဆရာပါရဂူအကြောင်း ပြောရင်၊ ရေးရင် ဆရာပါလို့ပဲ သုံးနှူန်းပါတယ်။
ဆရာပါရဲ့ လျှို့ဝှက်မွေးနေ့ပွဲကို လွန်ခဲ့တဲ့ နှစ်လေးဆယ်ဝန်းကျင်လို့ ကျွန်တော်က ရေးသားတင်ပြထားပါတယ်။ ကျွန်တော့် တင်ပြချက်ကို ရှင်းပါ့မယ်၊ ဆရာ လင်းယုန်မောင်မောင်ရဲ့ “ ဆရာပါရဂူ၏ လူမသိသေးသော အတွင်းရေးများ ” ဆောင်းပါး ဖော်ပြတဲ့ မှတ်တမ်းဟာ ‘ ချယ်ရီမဂ္ဂဇင်း၊ အမှတ် ၂၂၊ နိုဝင်ဘာ ၁၉၉၆ ’ ပါ။ ဆရာလင်းယုန်မောင်မောင်က “ ထိုသို့ ဆရာပါ၏ အသက်ကို ဘယ်လိုမှ မေးမရသည့်အတွက် လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က သူ့မိတ်ဆွေ ရောင်းရင်းများ သူ့မွေးနေ့ အခမ်းအနားကို တိတ်တဆိတ်ကျိတ်၍ ကျင်းပခဲ့ကြသည် ” ( လင်းယုန်မောင်မောင်၊ ကျွန်တော့်အပေါင်းအသင်း အနုပညာရောင်းရင်းများ။ ပန်အောင်စာပေ။ ၂၀၀၃၊ နိုဝင်ဘာ၊ ပထမအကြိမ်။ စာ၊ ၂၂ ) လို့ ရေးသားခဲ့ပါတယ်။ ဆရာလင်းယုန်မောင်မောင်ရဲ့ အရေးအသားထဲမှာ ‘ လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က ’ လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒါကြောင့် ဆရာလင်းယုန်မောင်မောင်ရဲ့ ချယ်ရီမဂ္ဂဇင်းပါ ဆောင်းပါး ရက်စွဲဖြစ်တဲ့ ၁၉၉၆ ခုနှစ်ရဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ဟာ ၁၉၈၆ ခုနှစ်ဖြစ်လို့ “ လွန်ခဲ့တဲ့ နှစ်လေးဆယ် ဝန်းကျင် ” လို့ ကျွန်တော်က ရေးသားတင်ပြခဲ့တာပါ။
ဆရာပါရဂူအတွက် ဆရာ့မိတ်ဆွေတွေက ဘာလို့ လျှို့ဝှက်မွေးနေ့ပွဲ လုပ်ပေးရလဲဆိုရင် ဆရာပါဟာ သူ့အသက်ကို လူသိမခံတာကနေ စတင်တယ်လို့ ပြောရမှာပဲ။ ဆရာပါက သူ့အသက်ကို ဘယ်သူကမေးမေး၊ ဘယ်တော့မေးမေး မပြောဘူး။ တစ်စုံတစ်ယောက်က စကားစပ်မိလို့ဖြစ်စေ၊ ရိုးရိုးသားသားသိချင်လို့ဖြစ်စေ စကားစပ်မိလို့ မေးလာရင်လည်း မသိသလိုလို လုပ်နေတတ်တယ်။ ဆရာပါရဲ့ အသက်ကို ဘယ်လိုမှ မေးမရလို့ ဆရာပါရဲ့ မွေးနေ့ကို လျှို့ဝှက်လုပ်ပေးဖို့ အကြောင်းဖန်လာတာပါ။ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် အံ့အားသင့်အောင် ဖန်တီးပေးတယ်ပေါ့ဗျာ ( စပရိုက်တိုက်တယ်ပေါ့ဗျာ ) ။ အဲဒီလျှို့ဝှက်မွေးနေ့ပွဲက ၁၉၈၆ ခုနှစ်ဝန်းကျင်ဆိုတော့ ၁၉၂၁ ခုနှစ်ဖွားဖြစ်တဲ့ ဆရာပါရဂူရဲ့ အသက်ခြောက်ဆယ်ဝန်းကျင်ပေါ့ဗျာ။
ကျွန်တော့် ဖော်ထုတ်ရေးသားတင်ပြမှုဟာ စာဖတ်မိတ်ဆွေတို့အတွက် အသိသစ်၊ အတွေးသစ်၊ အမြင်သစ်တွေ ရကောင်းပါရဲ့။ မရခဲ့ရင်လည်း စာရေးသူရဲ့ ဖော်ထုတ်ရေးသားတင်ပြမှု ညံ့ဖျင်းမှုကြောင့်ပါ။
တချို့က စာရေးဆရာတွေဆိုတာ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်လမ်းပြပေးကြသူတွေ၊ အမှောင်ကိုခွင်းလို့ အလင်းကို သယ်ဆောင်လာသူတွေလို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အပေါ်ယံသဘောပြောမယ်ဆိုရင် စာရေးဆရာဆိုတာ ခေတ်ရဲ့ အတွေးအခေါ်ကို ‘ မီ ’ကြတယ်။ တချို့ စာရေးဆရာတွေဆိုရင် အတွေးအခေါ်ရ ခေတ်ရှေ့ပြေးကြတယ်။ ကျွန်တော့် ရေးသားတင်ပြမှုဟာ ဆရာပါရဂူကို အံ့အားပျော်ရွှင်စေအောင် လျှို့ဝှက် မွေးနေ့ပွဲကျင်းပပေးကြတဲ့ စာရေးဆရာတွေဟာလည်း အတွေးအခေါ်အရ ခေတ်နောက်မကျခဲ့ဘူး၊ ခေတ်ရှေ့ပြေးခဲ့တဲ့ လျှို့ဝှက်မွေးနေ့ပွဲလေး ရှိခဲ့တယ်ဆိုတာရယ် စာဖတ်မိတ်ဆွေတို့ကို သိစေချင်ယုံသာပါ။ ကျွန်တော် ဖော်ထုတ်တင်ပြထားတဲ့ အရေးအသားကိုဖတ်ပြီး စာဖတ်မိတ်ဆွေတို့ သိမှုအခြေခံထဲမှာ ခေတ်ရှေ့ပြေးတဲ့ လျှို့ဝှက်မွေးနေ့ပွဲအကြောင်း အသိသစ်တိုးတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။
နန္ဒအောင်
၂၂. ၈. ၂၀၂၆
စာကိုး
လင်းယုန်မောင်မောင်။ ၂၀၀၃။ ကျွန်တော့်အပေါင်းအသင်း အနုပညာရောင်းရင်းများ။ ပထမအကြိမ်။ ရန်ကုန်၊ ပန်အောင် စာပေ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
.jpeg)