Breaking News

မောင်လူမွှေး - ကြိုးစားရှင်သန် ရုန်းကန်နေကြဆဲ

မောင်လူမွှေး - ကြိုးစားရှင်သန် ရုန်းကန်နေကြဆဲ

မိုးမခ ၊ ဩဂုတ် ၂၅ ၊ ၂၀၂၆

 

ဒီတစ်ပတ် မိုးမပြတ်ခင်မှာပဲ မောင်လူမွှေး စစ်ရှောင်စခန်းကို ရောက်ခဲ့တယ်။ ဝါးရုံတောထဲမှာ ဆိုင်ကယ်ကိုရပ်လိုက်တာနဲ့ တဲပေါက်ဝမှာ ထိုင်နေတဲ့ အဖွားက ပြောင်းဖူးဖက်ဆေးလိပ်ကို ဖွာရင်း မောင်လူမွှေးကို ပြုံးကြည့်နေတယ်။ သနပ်ခါးအမှုန့်သားနဲ့ အဘွားရဲ့ အပြုံးဟာ မောင်လူမွှေးအဖို့တော့ ကျက်သရေရှိလှတယ်။ 

"ပြီးခဲ့တဲ့အပတ်က ဆရာယူခဲ့တဲ့ ဆေးနဲ့ ချောင်းဆိုးတာတွေ ပျောက်ပြီး ဆေးလိပ်တောင် သောက်နေနိုင်ပြီ" လို့ အဘွားကပြောတော့ မောင်လူမွှေးတို့ ပြုံးရုံမက ရယ်ကြရတယ်။

စစ်ရှောင်ကျောင်းကိုရောက်တော့ ကျောင်းတာဝန်ခံဆရာဟာ ပညာရေးနဲ့ပတ်သက်ပြီး အင်္ဂလိပ်လိုရေးထားတာတွေကို ဗလာစာအုပ်ထဲမှာ မြန်မာလို ပြန်နေတယ်။ သူ အခုလို ရေးနေတာဟာ စစ်ရှောင်ကျောင်းက ဗော်လန်တီယာ ဆရာ၊ ဆရာမလေးတွေကို ပြန်လည်မျှဝေဖို့ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က ဗော်လန်တီယာ ဆရာ၊ ဆရာမလေး လေး ငါးယောက်နဲ့ ရုန်းကန်ခဲ့ရတဲ့ ကျောင်းကလေးဟာ ဒီနှစ်ရောက်လာတဲ့ ဘီအီးဒီ (B.Ed) ဘွဲ့ရ စီဒီအမ် (CDM) ဆရာကြောင့် ပိုမိုတိုးတက်ခဲ့ပြီဖြစ်တယ်။

စစ်ရှောင်ကျောင်းရဲ့ ရုံးခန်းကုပ်ကုပ်လေးထဲမှာ ဆရာမလေးတွေကို တစ်နာရီလောက် သင်ကြားရေးနဲ့ပတ်သက်တာကို မောင်လူမွှေး မျှဝေတယ်။ ကောင်းကင်က မိုးသားတွေဟာ ညို့နေတယ်။ ရုံးခန်းလေးက ပိုမှောင်လာတယ်။ မောင်လူမွှေးတို့အားလုံးဟာ အမှောင်ကို အန်တုနေကြသူတွေပေါ့။ မောင်လူမွှေး မျှဝေပြီးနောက် မစ်(စ်)မွှေး အလှည့်ရောက်တော့ မောင်လူမွှေးလည်း ကျောင်းရုံးခန်းကနေ စစ်ရှောင်စခန်းထဲ လမ်းလျှောက်ထွက်ခဲ့တယ်။ မိုးဖွဲဖွဲအောက်မှာ တဲကလေးတွေဟာ ဝပ်စင်းလို့။ တဲကလေးတွေထဲမှာ ရှိတဲ့အားနဲ့ တဲတဲကလေး တည်ဆောက်ထားရတဲ့ ဘဝတွေရှိတယ်။

ပထမဆုံးတဲတစ်တဲကို ဝင်ထိုင်လိုက်တယ်။ တဲရှင်လင်မယားဟာ မောင်လူမွှေးနဲ့ ရင်းနှီးပြီးသား စစ်ရှောင်တွေ။ မောင်လူမွှေး လာလို့ ဘာစားစရာမှမလို၊ ရေနွေးရှိရင် အဆင်ပြေတယ်ဆိုတာ ကောင်းကောင်းသိပြီးသားသူတွေပေါ့။ ကလေးတွေကတော့ မိုးစိုစိုတောမှာပဲ ဆော့နေတာကို တွေ့ရတယ်။ ကလေးတွေ နေကောင်းကြရဲ့လား ဆိုတော့ ကောင်းတယ်။ လုံးဝမဖျားကြဘူးတဲ့။ မောင်လူမွှေးတို့တွေ စကားပြောဆိုကြရင်း ဘဝရဲ့အမောတွေဟာ အငွေ့ပြန်ကုန်ကြတယ်။ ကြိတ်မနိုင်ခဲမရ ဖြစ်ခြင်းတွေဟာ တဖြည်းဖြည်း အရည်ပျော်ပြီး မိုးရေတွေနဲ့အတူ စီးဆင်းသွားပြီလို့ ထင်ရတယ်။ အတူကြိုးစားရှင်သန်ကြတယ် ဆိုတဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ ချစ်ခြင်းတရားဟာ ဒုက္ခတွေကိုတောင် ချိုသွားစေနိုင်ပါတယ်။

ချောက်ကြားထဲမှာ ဆောက်ထားတဲ့ တဲတွေဆီ မောင်လူမွှေး ရောက်တော့ ညနေ ၄ နာရီ ထိုးပြီးနေပြီ။ ချောက်ကြားဟာ မှောင်နေပြီ။ 

"ဆရာ လာတယ်ဟေ့ ဒီမိုးပြတ်တော့မှာ ဟေ့" လို့ တဲတစ်တဲပေါ်ကနေ လှမ်းအော်သံက ဆီးကြိုနေတယ်။ စစ်ရှောင်စခန်းကို ရောက်ပေမဲ့ သူတို့ချောက်ကြားလေးထဲကို မရောက်တာကြာတဲ့ မောင်လူမွှေးကို စနောက်ကြတာပါ။ တဲပေါ်ကို တက်ထိုင်လိုက်တော့ မောင်လူမွှေးကို ဝိုင်းစကားပြောကြတယ်။ တဲရှင်အမျိုးသမီးကတော့ စကားတစ်လုံးမှ မပြောဘဲ ထမင်းနဲ့ ဟင်း တစ်ခါတည်းရောထည့်ထားတဲ့ ထမင်းပန်းကန်တစ်ချပ်နဲ့ ငုံ့ပြီး စားနေတယ်။ ထမင်းစားပြီးတော့မှ "မနက်ရှစ်နာရီကနေ ထောက်ပံ့ကြေးရဖို့ သွားစောင့်တာ ခုမှ ပြန်ခဲ့ရတာ ဆရာ။ ဘာမှမစားရသေးလို့ အခုမှစားရတာ" လို့ မောင်လူမွှေးကို ပြောတယ်။ သူ့စကားသံ ကြားရမှ "သူ့ခမျာ ဆာလွန်းလို့ စားနေရင်း စကားမပြောနိုင်ရှာတာပါလား" ဆိုပြီး ကရုဏာဖြစ်ရတယ်။

မောင်လူမွှေး ရောက်ရင် သူတို့က အချိန်ကြာကြာနေစေချင်တယ်။ စကားပြောဖို့ လူတွေစုလာတတ်ကြတယ်။ ခက်တာက မောင်လူမွှေးကလည်း သူတို့ကျေနပ်လောက်တဲ့ထိ အချိန်ကြာကြာမပေးနိုင်။ ကျောင်းပိတ်ရက်လေးအတွင်း ချိန်းထားတဲ့ကိစ္စတွေ၊ လုပ်ရမယ့်အလုပ်တွေ တန်းစီလို့။ အိမ်ပြန်ရောက်ရင် မောင်လူမွှေးရော၊ မစ်(စ်)မွှေးရော ပင်ပန်းပြီး ထမင်းဟင်းကောင်းကောင်း မချက်စားနိုင်ကြ။ ရှိတာနဲ့ဖြစ်သလိုစား။ ညအိပ်ရာဝင်။ နောက်မနက်အစောကြီးထ၊ ကျောင်းသွားဖို့ပြင်ဆင်နဲ့ ဘဝဟာ ငြီးငွေ့စရာလို့ ခံစားရတဲ့ အခါပေါင်းများစွာပါ။ ကောင်းတဲ့အလုပ်ကို မှန်မှန်ကန်ကန်လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့တိုင် လေးလံပျင်းရိခြင်းကို ခံစားရတဲ့ အချိန်တွေ ရှိပါတယ်။

ပြည်ပကနေ စစ်ဘေးရှောင်တွေကို တောက်လျောက်ကူညီ လုပ်ကိုင်ပေးနေတဲ့ မောင်လူမွှေးမိတ်ဆွေ ဆရာမတစ်ယောက်က "စိတ်ဓာတ်တွေ ကျနေပြီ" လို့ ဖုန်းထဲကနေ ညည်းတယ်။ ဒါပေမယ့် သူဟာ သူ့အလုပ်ကို သူဆက်လုပ်နေဆဲပဲ။ "ကျနော်ကတော့ ပျင်းတော့တာဗျာ" လို့ စစ်ရှောင်တွေကို ကူနေတဲ့ မိတ်ဆွေတစ်ဦးကလည်း ပြီးခဲ့တဲ့နှစ်က ရင်ဖွင့်တယ်။ သူလည်း လက်ရှိအချိန်ထိ လုပ်ပေးနိုင်တာ မှန်သမျှ လုပ်ပေးနေတုန်းပဲ။ ဒီနှစ်ထဲမှာပဲ သူတို့နှစ်ယောက်ရဲ့ ကျေးဇူးနဲ့ စစ်ရှောင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးနိုင်ခဲ့သေးတယ်။

တကယ်တော့ တောတောင်ထဲမှာ ဘဝကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ မောင်လူမွှေးတို့ကို ပြန်ပြီး စိတ်ခွန်အားပေးနေသလိုပါပဲ။ သူတို့တောင် ဒီလောက်အခက်အခဲကြီးထဲမှာ နှစ်ချီပြီး ကြိုးစားရှင်သန် ရုန်းကန်ကြသေးရင် မောင်လူမွှေးတို့လည်း သူတို့နဲ့အတူ ဘာလို့မရုန်းကန်နိုင်ရမှာလဲဆိုတဲ့ စိတ်က ပေါ်ပေါ်လာတယ်။ ငြီးငွေ့တဲ့စိတ်တွေ၊ ပျင်းရိလေးလံတဲ့ ခံစားမှုတွေဟာ ပျောက်ကုန်တယ်။

"အလွန်ကြိုးစား မောင်ကြိုးစား ကြိုးစား ကြိုးစား အေး ကြိုးစား ကြိုးစားကွ။"

ဆိုတဲ့ ဆရာအောင်ချိမ့်ရဲ့ "မောင်ကြိုးစား" ကဗျာကို နီတိလုပ်ပြီး ကြိုးစားရှင်သန် ရုန်းကန်နေရပါတယ်ခင်ဗျာ...။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar