Breaking News

ULA/AA နဲ့ SCEF အွန်လိုင်းမှာ တွေ့ဆုံတာ၊ အမေရိကန် နဲ့ မြန်မာစစ်အစိုးရ တို့ဆက်ဆံရေး

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၀ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၁ ၊ ၂၀၂၆  

 

ULA/AA နဲ့ SCEF အွန်လိုင်းမှာ တွေ့ဆုံတာ၊ အမေရိကန် နဲ့ မြန်မာစစ်အစိုးရ တို့ဆက်ဆံရေး

နွေဦးတော်လှန်ရေးကို နိုင်ငံရေးအရ ဦးဆောင်မှုပေးမဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အဖွဲ့နေရာမှာ အစားထိုး ဖွဲ့စည်းတယ်လို့ တရားဝင် ထုတ်ဖော်မပြောကြပေမဲ့ အဲလို အဓိပ္ပာယ်သက်ရောက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA တို့ မကြာသေးတဲ့ ရက်ပိုင်းတွေအတွင်း ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့တဲ့အကြောင်း သတင်းတွေ ဖော်ပြထားကြပါတယ်။

SCEF ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ သြဂုတ်လက ဂျပန်နိုင်ငံကို သွားရောက်ခဲ့သလို အောက်တိုဘာလဆန်းမှာ သြစတြေးလျနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဥ်တွေလည်း ရှိခဲ့ပြီး အဆိုပါ ခရီးစဥ်တွေက သက်ဆိုင်ရာနိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာမျိုး မဟုတ်ပေမဲ့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံတာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေကို မြန်မာအသိုင်းအဝိုင်း စည်းရုံးလှုံ့ဆော်ဖို့ ရည်ရွယ်တဲ့ သဘောလည်း ဖြစ်ပါတယ်။

SCEF အဖွဲ့ထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အချို့ဖြစ်တဲ့ ကေအိုင်အေ၊ ကေအန်ယူ၊ စီအန်အက်ဖ် နဲ့ ကေအန်ပီပီတို့ ပါဝင်ပေမဲ့ အင်အားကောင်းတဲ့ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ULA/AA တို့ ပါဝင်ခြင်း မရှိသေးပါဘူး။

ရှမ်းမြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစုအနေနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကိုလည်း ထည့်သွင်းစဥ်းစားရတဲ့ အကြောင်းကြောင့် မပါဝင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက် နယ်နိမိတ်မှာ နယ်မြေထိန်းချုပ်မှု အများဆုံးဖြစ်တဲ့ AA အဖွဲ့မပါဝင်သေးပါဘူး။ AA အဖွဲ့ SCEF ထဲ မပါဝင်သေးတဲ့ အနေအထားက ကိုးကန့်၊ တအာင်းလက်နက်ကိုင်အဖွဲ့နဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်တို့လို တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ဖြစ်နေတာကြောင့် မဟုတ်ဘဲ သီးခြားရပ်တည်ချက်၊ ရည်မှန်းချက်ကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ AA အဖွဲ့ ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုခွဲလောက်ကမှ စတင်တည်ထောင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းမီနှစ်ပိုင်းတွေနဲ့ စစ်အာဏာသိမ်းပြီးနောက် အင်အားအလျင်အမြန်ကြီးမားလာသလို လတ်တလောမှာလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနက် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ နှိုင်းယှဥ်နိုင်လောက်တဲ့ စစ်သည်အင်အား ရှိလာပြီး ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ၉၀ ရာနှုန်းကို သိမ်းယူထားတဲ့အပြင် ကြားခံဇုန်လို့ ဆိုနိုင်တဲ့ ရခိုင်ပြည်နယ်ပြင်ပအထိ စစ်မျက်နှာဖွင့်ပြီး အာဏာသိမ်းစစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်နေတဲ့အနေအထား ဖြစ်ပါတယ်။

ဒီအနေအထားတွေကြောင့် SCEF အနေနဲ့ AA အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှု ရလာခဲ့ရင် အားကောင်းတဲ့ နိုင်ငံရေး စစ်ရေး မဟာမိတ်အင်အားစု အနေအထားရောက်လာမယ်လို့ ဆိုရမှာဖြစ်ပါတယ်။ SCEF မှာ AA အနေနဲ့ ပါဝင်လာမဲ့ အနေအထားရှိသလား သို့မဟုတ် SCEF ထဲ မပါဝင်နိုင်သည့်တိုင် SCEF အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်၊ NUG အစိုးရလက်အောက်က PDF တပ်တွေနဲ့ မဟာဗျူဟာအရ ပူးပေါင်းလုပ်ဆောင်တဲ့ စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေ ပေါ်ထွက်လာနိုင်ခြေ ရှိသလားဆိုတာတော့ စောင့်ကြည့်ရမယ့် အနေအထားတရပ်လို့ ဆိုရမှာဖြစ်ပါတယ်။

ခုရက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ဝေဖန်သုံးသပ်နေကြတဲ့ အကြောင်းအရာ ခေါင်းစဥ်တရပ်က အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာစစ်အစိုးရ အကြားဆက်ဆံရေး ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော် ခရီးစဥ်နဲ့ အဆိုပါ ခရီးစဥ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာ၊ ဒီသတင်းတွေ ပေါ်ထွက်ပြီးနောက် ရက်အနည်းငယ်အကြာမှာ မြန်မာနိုင်ငံက စစ်တပ်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တဦးရဲ့  သမီးဖြစ်သူကို ပိတ်ဆို့မှု စာရင်းထဲက ပယ်ဖျက်ပေးလိုက်တဲ့ သတင်းတွေ ပေါ်ထွက်လာတာကြောင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဥ် အပေါ် ထပ်ပြီး အားဖြည့်ပေးတဲ့ သဘောမျိုး ယူဆစရာရှိလာတာ ဖြစ်ပါတယ်။

ထရန့် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အထိုင်ပြောင်းလဲသွားပြီလား ဆိုတဲ့ ယူဆမှုတွေ ရှိနေသလို အချို့ကတော့ အမေရိကန် အစိုးရ အနေနဲ့ ၄င်းတို့နိုင်ငံရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးတာ သဘာဝဖြစ်လို့ ကြီးကြီးမားမား ပြောင်းလဲတာမျိုး မဟုတ်ဘူးလို့ ကောက်ချက်ချတာတွေလည်း ရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အမေရိကန်ပထမ အယူအဆ၊ ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ လူ့အခွင့်အရေးဆိုတာတွေထက် ၄င်းတို့နိုင်ငံအကျိုးစီးပွားသာလျင် ပထမ ဦးစားပေးရမယ် ဆိုတဲ့မူဝါဒအပေါ် အခြေခံပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲချမှတ်လိုက်တာလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း တော်လှန်ရေးအင်အားစုတွေ အကြား ရှိနေကြတာ ဖြစ်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာစစ်ခေါင်းဆောင် နေပြည်တော်မှာတွေ့ဆုံချိန်မှာ အွန်လိုင်းလိမ်လည်ရာဇဝတ်ဂိုဏ်း နှိမ်နှင်းရေးနဲ့ မြေရှားသတ္တု ခေါင်းစဥ်တွေ ဆွေးနွေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးထက် အမေရိကန် အကျိုးစီးပွားတွေက ဦးစားပေးကိစ္စ ဖြစ်လာပြီလားဆိုတဲ့ ယူဆချက်တွေလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး အကူအညီ အထောက်အပံ့ပေးဖို့ မျှော်လင့်ခဲ့ကြတဲ့ မျှော်လင့်ချက်ဟာ အခုလို အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိနဲ့ စစ်ခေါင်းဆောင်တွေ့ဆုံမှုက ချေဖျက်ပစ်သလို ဖြစ်စေခဲ့ပါတယ်။ လတ်တလော အဖြစ်အပျက်တွေက ပြည်တွင်းက နိုင်ငံရေး စစ်ရေးဦးဆောင်သူ တချို့အနေနဲ့ နွေဦးတော်လှန်ရေး အင်အားက ပြည်တွင်းမှာသာရှိတယ်ဆိုတဲ့ မှတ်ချက်တွေ ပြောဆိုလာရတဲ့ အနေအထားမျိုး အထိရောက်လာစေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ ပြည်တွင်းက အင်အားနဲ့သာ စတင်ဖြစ်ပေါ်ပြီး အရှိန်အဟုန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ စိတ်ဓာတ်ရေးအရ ထောက်ခံမှု၊ လူသားချင်းစာနာမှု အကူအညီတွေက အဓိကမဟုတ်ဘဲ သာမည နေရာမှာရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ ထောက်ခံမှု၊ အားပေးမှု၊ အားကောင်းခြင်း အားနည်းခြင်းတွေက ကမ္ဘာ့နိုင်ငံရေး အခြေအနေ၊ ပြောင်းလဲမှုရေစီးတွေ အပေါ်မူတည်ပြီး အတက်အကျ ရှိနိုင်တာပါ။

မြန်မာနိုင်ငံ အမှန်တကယ် ပြောင်းလဲစေဖို့ရာ မြန်မာနိုင်ငံတွင်းက အင်အားစုတွေရဲ့ ကြိုးပမ်းမှု၊ စုစည်းညီညွတ်မှုနဲ့ ပကတိ လက်တွေ့အခြေအနေကို ဘယ်လောက်ထိ လက်တွေ့ကျကျ သုံးသပ်နိုင်သလဲ၊ လက်ခံနိုင်သလဲ၊ အခြေအနေပေါ် မူတည်ကာ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြောင်းလဲနိုင်သလဲဆိုတဲ့ အပေါ်မှာသာ မူတည်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar