Breaking News

ဒီမြင့်သစ် - တော်လှန်ရေးခေါင်းဆောင်မှု



ဒီမြင့်သစ် - တော်လှန်ရေးခေါင်းဆောင်မှု
(ကျောင်းသားလက်ရုံးတပ်တော်က ထုတ်တဲ့ အောင်လံတော် စာစောင်) ဩဂုတ် ၂၇၊ ၂၀၂၆
(မိုးမခက ထပ်ဆင့်ကူးယူပါတယ်)

ဗမာပြည် ပြည်တွင်းစစ်ရဲ့ အနှစ်(၇၀)ကျော် ပြည်သူ့တော်လှန်ရေး ဘာကြောင့် အောင်ပွဲ မရသေး တာလဲဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

ကိုယ့်ဆီက တော်လှန်ရေး ဘာကြောင့် မအောင်မြင်သေးတာလဲဆိုတာ… ဆန်းစစ်ဖို့အတွက် ကမ္ဘာ့ သမိုင်းမှာ တခြားနိုင်ငံက ပြည်သူ့တော်လှန်ရေးတွေ ဘာကြောင့်အောင်မြင်သွားတာလဲဆိုတာ တချက်လှမ်း ကြည့်မိပါတယ်။

ပထမဆုံး ကြည့်မိတာက အမေရိကန်တော်လှန်ရေးပါ။

(၁၈)ရာစုအတွင်းမှာ အမေရိကန်ဟာ အင်္ဂလိပ်လက်အောက်က အပြီးသတ်လွတ်မြောက်ပြီး လွတ် လပ်တဲ့အမေရိကန်နိုင်ငံထူထောင်ရေးစစ်ပွဲဖြစ်တဲ့ အမေရိကန်တော်လှန်ရေး(American Revolution) ကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့တဲ့ တော်လှန်ရေးဦးဆောင်မှုပါ။ အမေရိကန်တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲခဲ့သူတွေထဲမှာ အဓိကပါဝင်ခဲ့သူတွေက ထောမတ်စ်ဂျက်ဖာဆန်(Thomas Jefferson)၊ ဘင်ဂျမင် ဖရန် ကလင် (Benjamin Franklin)၊ ဂျွန်အက်ဒမ်စ်(John Adams)၊ ဆာမြူရယ် အက်ဒမ်စ် (Samuel Adams) ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ရေးခေါင်းဆောင် ဂျော့ချ်ဝါရှင်တင် (George Washington)တို့ပါ။

ဒီခေါင်းဆောင်တွေဟာ အမေရိကန်တော်လှန်ရေးကို ဦးဆောင်ဆင်နွှဲကြတဲ့အခါမှာ အမေရိကတိုက်ရဲ့ တပ်မတော်ကြီးတခုလုံးရဲ့ စစ်ရေးလိုအပ်ချက်တွေကို ထိန်းသိမ်းကိုင်တွယ်နိုင်ရုံတင်မက မဟာမိတ် ဆက်ဆံရေး အပါအဝင် နိုင်ငံရေးလိုအပ်ချက်တွေကိုလည်း မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ခဲ့ကြပါတယ်။ မှန်ကန်တဲ့ တော်လှန်ရေးဦးဆောင်မှုရဲ့ရလာဒ်အဖြစ် နောက်ဆုံးမှာ ဗြိတိန်က အမေရိကန်ကို လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ အဖြစ် အသိအမှတ်ပြုရတဲ့အထိ အမေရိကန်တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲနိုင်ခဲ့ကြ တာ တွေ့ရပါတယ်။ အမေရိကန်တော်လှန်ရေးအောင်မြင်ပြီး အမေရိကန်နိုင်ငံထူထောင်တဲ့အခါမှာ တော်လှန် ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဂျော့ချ်ဝါရှင်တင် (George Washington)ဟာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။

တော်လှန်ရေးဦးဆောင်မှုအခန်းနဲ့ပတ်သက်လို့ ဒုတိယ လေ့လာကြည့်မိတာက ကျူးဘား တော်လှန် ရေးဦးဆောင်မှုပါ၊ ကျူးဘားတော်လှန်ရေးဦးဆောင်မှုကို စိတ်ဝင်စားစရာ တွေ့ရပါတယ်။

ကျူးဘားတော်လှန်ရေးမှာ အဓိကအထင်ရှားဆုံးခေါင်းဆောင် ပြောပါဆိုရင် ဖီဒယ်လ်ကတ်စထရို (Fidel Castro) လိုပြောရပေမယ့် တကယ့်တော့ ကျူးဘားတော်လှန်ရေးဟာ တဦးတယောက်တည်းပါဝင်တဲ့ ခေါင်းဆောင်မှုမျိုးတော့ မဟုတ်ပါဘူး။ ကျူးဘားတော်လှန်ရေးခေါင်းဆောင်မှုအခန်းမှာ ရာဟူး ကတ်စထရို (Raúl Castro)၊ ချေဂွေဗားရား (Che Guevara)၊ ကာမီလို စီရန်ဖူရီဂိုစ် (Camilo Cienfuegos)၊ ဖရန့်ပီရဲစ် (Frank Pais) တို့ဟာလည်း ကဏ္ဍအသီးသီးက ပါဝင်ကြတာကို တွေ့ရပါတယ်။ ဖီဒယ်လ်ကတ်စထရိုက ကျူးဘားတော်လှန်ရေး တပ်မတော်ကို စစ်ရေးအရသာမက နိုင်ငံရေးအရလည်း ဦးဆောင်လမ်းညွှန်မှု ပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဖီဒယ်လ်ကတ်စထရိုရဲ့ ညီဖြစ်သူ ရာဟူးကတ်စထရိုကလည်း စစ်ရေး ခေါင်းဆောင်တဦးဖြစ်ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးခေါင်းဆောင်မှု တာဝန်ကိုပါ ထမ်းဆောင်ခဲ့ပါတယ်။

လူသိများထင်ရှားလှတဲ့ ဒီနေ့အထိ တော်လှန်ရေးအမှတ်အသားတရပ်အဖြစ် တန်ဘိုးထားနေကြတဲ့ ချေဂွေဗားရားဟာဆိုရင်လည်း ကျူးဘားတော်လှန်ရေးတပ်က တပ်မှူးတဦးဖြစ်ရုံသာမက တော်လှန်ရေး သဘောတရားရေးဆရာတဦးလည်း ဖြစ်ခဲ့တာပါ။ သူတို့နဲ့အတူ မြိုပြတော်လှန်ရေး လျှို့ဝှက်လုပ်ငန်းတွေကို ဦးဆောင်ကိုင်တွယ်နေတဲ့ နောက်ခေါင်းဆောင်တဦးက ဖရန့်ပီရဲစ်ပါ။ တော်လှန်ရေးကို တက်ညီလက်ညီ ဘက်ပေါင်းစုံကနေ ဦးဆောင်မှု ပေးနိုင်ခဲ့ကြသောကြောင့် ၁၉၅၉ ခုနှစ်မှာ အာဏာရှင်အစိုးရကို ဖြုတ်ချ နိုင်ခဲ့ပြီး ကျူးဘားနိုင်ငံဟာ လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်ပြီးနောက် တော်လှန်ရေး ခေါင်းဆောင် တွေဖြစ်ခဲ့ကြတဲ့ ဖီဒယ်လ်ကတ်စထရိုဟာ ကျူးဘားနိုင်ငံရဲ့ပထမဆုံးသမ္မတဖြစ်လာပြီး၊ သူ့ညီ ရာဟူး ကတ်စထရိုကလည်း ဖီဒယ်လ်ကတ်စထရိုကို ဆက်ခံတဲ့သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။

လေ့လာကြည့်မိတဲ့ နောက်တော်လှန်ရေးခေါင်းဆောင်မှုတခုကတော့ ဗီယက်နမ်တော်လှန်ရေး ခေါင်းဆောင်မှုပါ။ 
ဗီယက်နမ်တော်လှန်ရေးကို ခေါင်းဆောင်ခဲ့သူတွေကို စာရင်းချကြည့်ရင်ကို ဒီလို တွေ့ရပါတယ်၊ ၁) ဟိုချီမင်း(Ho Chi Minh)၊ ၂) ဗိုငုယင်ဇပ်(Võ Nguyên Giáp)၊ ၃) ဖမ်ဗန်ဒေါင်(Phạm Văn Đồng)၊ ၄) လေဒွမ်(Lê Duẩn) တို့ကို အဓိကခေါင်းဆောင်တွေအဖြစ် တွေ့ရပါတယ်။ ခေါင်းဆောင် တဦးချင်းမှာ သိသာထင်ရှားတဲ့ခေါင်းဆောင်မှုအရည်အသွေးတွေ ရှိကြပါတယ်။ ဟိုချီမင်းက အထင်ရှားဆုံး နိုင်ငံရေးဦးဆောင်မှုပေးနိုင်သူပါ၊ ဗိုငုယင်ဇပ်က အလွန်အရေးပါတဲ့ စစ်ရေးခေါင်းဆောင်ပါ။ 

ဗိုငုယင်ဇပ်နဲ့ ပတ်သက်လို့ ဒီလို သတ်မှတ်ပြောဆိုကြပါတယ် “စစ်ရေးပညာရှင်တစ်ဦးဖြစ်ပြီး အစောပိုင်းတွင် စစ်တပ် အတွေ့အကြုံ များစွာမရှိခဲ့သော်လည်း ပြောက်ကျားစစ်နှင့် ရေရှည်စစ်ပွဲဆိုင်ရာ မဟာဗျူဟာများ ဖော်ဆောင် ခဲ့သူ”။ ဖမ်ဗန်ဒေါင်က နိုင်ငံရေးနဲ့သံတမန်ရေးရာကိစ္စများတွင် အဓိကဦးဆောင်ခဲ့သူပါ။ လေဒွမ် က ဗီယက်နမ် ကွန်မြူနစ်ပါတီမှာ အရေးပါတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့တာနဲ့အညီ ပါတီမူဝါဒတွေ ချမှတ်တဲ့ကိစ္စ၊ တော် လှန်ရေးကွန်ရက်တွေ တည်ဆောက်တဲ့လုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူပါ။ နောက်ဆုံးမှာ ဗီယက်နမ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့တာဟာ ဗီယက်နမ်ကွန်မြူနစ်ပါတီနဲ့ ဘက်စုံ တော်လှန်ရေးအရည် အချင်းရှိကြတဲ့ တော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ တော်လှန်ရေးခေါင်းဆောင်မှုအခန်း အားကောင်းလို့ ဆိုတာ တွေ့လိုက်ရပါတယ်။

နောက်တော်လှန်ရေးတခုကို ဖော်ပြရရင် ကမ္ဘာ့သမိုင်းခေတ်ရေစီးကြောင်းတခုကို အပြောင်းအလဲ ဖြစ်သွားစေတဲ့ ရုရှားနိုင်ငံရဲ့ ဗော်ရှီဗစ်တော်လှန်ရေးကို တွေ့ရပါတယ်။ 

ဗော်ရှီဗစ်တော်လှန်ရေးရဲ့ ထူးခြားမှုကတော့ အယူတခုကနေ ဖြစ်တည်လာတဲ့တော်လှန်ရေးပါ။ ကမ္ဘာ့သမိုင်းခေတ်မှာ အရင်းရှင် စနစ်ရဲ့သွေးစုတ်ဖိနှိပ်မှုတွေကို ဖော်ထုတ်ဖွင့်ဆိုပြီး ရှင်းလင်းဖယ်ရှားဖို့ အယူဝါဒတခုကို ကမ္ဘာကို တင်ပြခဲ့သူက ဂျာမန်လူမျိုး အဘိဓမ္မာဆရာ၊ ဘောဂဗေဒကဝိ ကားလ်မာ့က္ခ်စ်(Karl Marx)ပါ။ ကားလ်မာ့က္ခ်စ်နဲ့အတွေးအခေါ်အယူအဆတူ နောက်တဦးကတော့ ဖရက်ဒရစ်အိန်ဂျဲလ်စ်(Friedrich Engels)ပါ။ သူတို့နှစ်ယောက်ပေါင်းပြီး ပြုစုရေးသားခဲ့ကြတဲ့အထင်ရှားကျမ်းတွေထဲက ဘောဂဗေဒနဲ့ ပတ် သက်တဲ့ အရင်းကျမ်း(Das Kapital) နဲ့ ကွန်မြူနစ်ကြေညာစာတမ်း(Communist Manifesto) တို့ဟာ ကွန်မြူနစ်ဝါဒရဲ့ အနှစ်သာရကျမ်းတွေပါ။ အဲဒီ့ကနေ ကမ္ဘာပေါ်မှာ အရင်းရှင်စနစ်ကို အကြမ်းဖက် တော်လှန်ရေးသဘောတရားနဲ့ ဆန့်ကျင်တော်လှန်မယ့် မာ့က္ခ်စ်ဝါဒ၊ တနည်းအားဖြင့် ကွန်မြူနစ်ဝါဒဆိုတာ စတင်ပေါက်ဖွားလာခဲ့ပါတယ်။

ရုရှားတော်လှန်ရေးခေါင်းဆောင် ဗလာဒီမာ လီနင်(Vladimir Lenin) နဲ့ နောက်မှာ ရုရှား ကွန်မြူနစ်ပါတီ-ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီအဖြစ် အမည်ပြောင်းသွားတဲ့ ဗော်ရှီဗစ်ပါတီတို့ဟာ မာက္ခ်စ်-အိန်ဂျဲလ်စ် တို့ဖော်ထုတ်ခဲ့တဲ့ ကွန်မြူနစ်ဝါဒကို စွဲကိုင်ပြီး ရုရှားတော်လှန်ရေးကို ပြတ်ပြတ်သားသား ခေါင်းဆောင်ပြီး အောင်မြင်အောင် ဆင်နွှဲနိုင်ခဲ့ကြပါတယ်။ ရုရှားတော်လှန်ရေးရဲ့အဓိကခေါင်းဆောင်ဖြစ်တဲ့ ဗလာဒီမာ လီနင်နဲ့ပတ်သက်လို့ ဆရာဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ “ကျော်စွာ ၁၀၀” စာအုပ်ထဲမှာ အခုလို ဖော်ပြထားပါတယ်၊

“လီနင်(Lenin)က လက်တွေ့တော်လှန်ရေးလုပ်တဲ့အခါ နည်းပရိယာယ်ကို အများကြီး အလေး အနက်ထားပြီး စိတ်ဝင်တစားဆောင်ရွက်တယ်။ သူ့ကိုယ်သူလည်း ဒီကိစ္စမှာ ကျွမ်းကျင်တယ်လို့ ယုံတယ်။ သူက အကြမ်းဖက်သမား၊ အကြမ်းနည်းပဲ အရေးပါအရာ ရောက်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။ “သမိုင်းမှာ အကြမ်းနည်းမသုံးဘဲ ဘယ်လူတန်းစားတိုက်ပွဲဟာ အောင်မြင်သွားတယ်လို့ ပြစရာရှိပါသလား။” လို့ အမြဲပြောလေ့ရှိပါတယ်။”

အကြမ်းဖက်တော်လှန်ရေးသဘောတရားအယူအဆကို ယုံယုံကြည်ကြည် ကိုင်စွဲခဲ့ကြတဲ့ “လီနင်နဲ့ ဗော်ရှီဗစ်ပါတီ” ဟာ ရုရှားပြည်သူအပေါင်းကို “သပိတ်စုံ သူပုန်ထ” ဆိုတဲ့လမ်းညွှန်မှုပေးပြီး၊ တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ခဲ့ကြတဲ့အကျိုးဆက်အဖြစ် ၁၉၁၇ ခုနှစ်မှာ အောက်တိုဘာတော်လှန်ရေးကို အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ခဲ့ကြတာ တွေ့ရပါတယ်။

တော်လှန်ရေးဦးဆောင်မှုအခန်းရဲ့ အဆုံးအဖြတ်ကျမှုနဲ့ပတ်သက်လို့ နောက်ဆုံး လေ့လာကြည့်မိတဲ့ တော်လှန်ရေးကတော့ အိမ်နီးချင်း တရုတ်ပြည်တော်လှန်ရေးပါ။

တရုတ်ပြည်တော်လှန်ရေးကို ဦးဆောင်ဆင်နွှဲခဲ့တဲ့ခေါင်းဆောင်မှုအခန်းကို ကြည့်တဲ့အခါ တရုတ်ပြည် ကွန်မြူနစ်ပါတီ(Communist Party of China-CPC) ကို အဓိကတွေ့ရပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ပြောရင် တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ မော်စီတုန်း(Mao Zedong)၊ ချူအင်လိုင်း(Zhou Enlai)၊ ချူတေး(Zhu De) တို့ဟာ တရုတ်ပြည်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြတဲ့အကြောင်းအချက်တွေ တွေ့ရပါတယ်။ မော်စီတုန်းဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်တော်လှန်ရေးကို စစ်ရေး၊ နိုင်ငံ ရေး၊ မူဝါဒဆိုင်ရာ တစုံလုံးလွှမ်းခြုံတဲ့ ခေါင်းဆောင်မှုကို ပေးခဲ့သူအဖြစ် ထင်ရှားသလို၊ စစ်ရေးအထူး ကျွမ်းကျင်သူအဖြစ် ချူတေး နဲ့ နိုင်ငံရေး သံတမန်ရေးဆိုင်ရာ ခေါင်းဆောင်အဖြစ် ချူအင်လိုင်းက အဓိက ဆောင်ရွက်ခဲ့ပါတယ်။

တရုတ်ပြည်တော်လှန်ရေးခေါင်းဆောင်တွေဟာ ရုရှားတော်လှန်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဗလာ ဒီမာလီနင်တို့လို မက္ခ်စ်-အိန်ဂျဲလ်စ်တို့ရဲ့ ကွန်မြူနစ်သဘောတရားကို ဆုပ်ကိုင်ပြီး တရုတ်ပြည် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ … တရုတ်ပြည်တော်လှန်ရေး ခေါင်းဆောင်တွေဟာ လီနင်တို့ ဆင်နွှဲခဲ့တဲ့ “သပိတ်စုံ သူပုန်ထ”ဆိုတဲ့ အောက်တိုဘာတော်လှန်ရေးလမ်းကြောင်းအတိုင်း မလိုက်ဘဲ၊ တရုတ်ပြည်ပကတိလက်တွေ့နဲ့ကိုက်ညီတဲ့ “ကျေးလက်အခြေခံ၊ မြို့ပြဝိုင်း၊ တတိုင်းပြည်လုံးအာဏာသိမ်း” ဆိုတဲ့လမ်းကြောင်းနဲ့၊ ပြောက်ကျားစစ်နဲ့ရေရှည်စစ်သဘောတရားကို ဖော်ထုတ်ပြီး တရုတ်ပြည် တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်မှု ပေးခဲ့ကြပါတယ်။

တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်တော်လှန်ရေးခေါင်းဆောင်မှုအခန်းရဲ့ မှန်ကန်တဲ့ဦး ဆောင်မှု ပေးနိုင်ခဲ့ကြောင်းကို ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ တတိုင်းပြည်လုံး အာဏာသိမ်း ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်သေပြနိုင်ခဲ့တာ တွေ့ရပါတယ်။

အခု ဖော်ပြခဲ့တဲ့နိုင်ငံတွေရဲ့တော်လှန်ရေးအောင်မြင်မှုကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ ပြည်သူလူထုရဲ့ တော်လှန်လိုစိတ်အပြင် တော်လှန်ရေးကို မှန်ကန်တဲ့လမ်းစဉ်နဲ့အတူ ခိုင်မာတဲ့ တော်လှန်ရေးခေါင်းဆောင် မှုက အဓိကအခန်းက ပါဝင်နေတယ်ဆိုတာ အထင်အရှားမြင်ရပါတယ်။

တော်လှန်ရေးတစုံလုံးဆိုင်ရာဖြစ်စေ၊ တော်လှန်ရေးဖြစ်စဉ်အတွင်းမှာကြုံတွေ့ရမယ့် တော်လှန်ရေး အချိုးအကွေ့တိုင်းမှာဖြစ်စေ မှန်ကန်တဲ့လမ်းစဉ်ချမှတ်ပြီး ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်မှုမျိုးကို တော်လှန်ရေးလိုအပ်ချက်နဲ့ကိုက်ညီတဲ့ခေါင်းဆောင်မှုလို့ ဆိုရပါမယ်။

တော်လှန်ရေးလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ခေါင်းဆောင်မှု

တော်လှန်ရေးတရပ်ပဲဖြစ်စေ၊ အဖွဲ့အစည်းတရပ်ပဲဖြစ်စေ၊ လုပ်ငန်းတခုကို အကောင်အထည်ဖော်တဲ့ အခါ လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ခေါင်းဆောင်မှုအခန်းဆိုတာ ရှိရစမြဲပါ။ ခေါင်း ဆောင်မှုအခန်းဆိုတာ လူပုဂ္ဂိုလ်တဦး၊ ဖွဲ့စည်းမှုတခု ဖြစ်နိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းဖြစ်စဉ်ကို ကြည့်တဲ့အခါမှာလည်း လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗိုလ်ချုပ် အောင်ဆန်း နဲ့ ဖဆပလ နိုင်ငံရေးအင်အားစုဟာ လွတ်လပ်ရေးအရယူနိုင်တဲ့အထိ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ တယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း ၁၉၂၀ ပထမ ကျောင်းသားသပိတ်ကနေစပြီး ရေတွက်ရင် နောင်နှစ် ပေါင်း (၂၈) နှစ်ကြာတဲ့အခါမှာ လွတ်လပ်ရေးအရယူနိုင်ခဲ့တာ မဟုတ်ပါလား။

နိုင်ငံတကာတော်လှန်ရေး၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု စတဲ့အခြေအနေတွေနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း (ဖက်ဒရယ်)ဒီမိုကရေစီရေးတိုက်ပွဲ ဆင်နွှဲနေတဲ့ဒီနေ့ တော်လှန်ရေးဟာ နှစ်ပေါင်း (၇၀) ကျော်ကြာလာတဲ့အထိ အဆုံးသတ်အောင်ပွဲ မရရှိနိုင်သေးတာဟာ တော်လှန်ရေးကို လက်တွေ့ကျကျ၊ မှန်မှန်ကန်ကန် ဦးဆောင်နိုင်တဲ့ ခိုင်မာတဲ့ခေါင်းဆောင်မှုအခန်း လစ်လပ် နေသေးလို့ဆိုတဲ့ ကောက်ချက်ကို ဆွဲကြည့်နိုင်ပါတယ်။

(နွေဦး)တော်လှန်ရေးနဲ့ကိုက်ညီတဲ့တော်လှန်ရေးခေါင်းဆောင်မှု

အနှစ်(၇၀)ကျော် တော်လှန်ရေး၊ တနည်းပြောရရင် ဒီနေ့(နွေဦး)တော်လှန်ရေးအောင်ပွဲရနိုင်ဖို့ လိုအပ် ချက်နဲ့ကိုက်ညီတဲ့၊ လက်တွေ့ကျကျ မှန်မှန်ကန်ကန်ဦးဆောင်နိုင်တဲ့၊ ခိုင်မာတဲ့ တော်လှန်ရေးခေါင်းဆောင်မှု ဆိုတာ ဘယ်လို ခေါင်းဆောင်မှုမျိုးဖြစ်ရမလဲ။

တော်လှန်ရေးတရပ်ကို အမှန်တကယ်ဦးဆောင်နိုင်တဲ့တော်လှန်ရေးခေါင်းဆောင်မှုဆိုတာကို အားလုံး အကျုံးဝင်မယ့် ယေဘုယျစံနှုန်းတွေကို ဆန်းစစ်ဖော်ပြတာထက် လက်တွေ့ကျကျ အကျိုးရှိဖို့အတွက် ဗမာပြည် တော်လှန်ရေးလက်တွေ့နဲ့ ကိုက်ညီအောင် ဆန်းစစ်အဖြေထုတ်ဖို့ လိုပါတယ်။

လက်ရှိ ဗမာပြည်တော်လှန်ရေးလက်တွေ့အရ ရှိရမယ့် တော်လှန်ရေး ခေါင်းဆောင်မှု အရည် အချင်းတွေကို ဆန်းစစ်ဖော်ထုတ်ကြည့်တဲ့အခါ အချက်(၄)ချက် ရရှိပါတယ်။

တော်လှန်ရေးခေါင်းဆောင်မှုအပေါ် ဆန်းစစ်တဲ့ အချက်(၄)ချက်က -

(၁) သိမြင်မှုအရ၊ (၂) ရပ်တည်မှုအရ၊ (၃) နိုင်ငံရေးအရ၊ (၄) လုပ်ဟန်အရ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါ တယ်။

၁။ သိမြင်မှုအရ -

- ဗမာပြည်စစ်အာဏာရှင်လူတန်းစားဟာ ပြည်သူတရပ်လုံးအတွက် ချွင်းချက်မရှိရန်သူ ဖြစ် တယ်၊ အမြစ်ပြတ်ချေမှုန်းရန်မှတပါးလွဲလို့ တခြားနည်းလမ်းမရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရမယ်။

- (ရန်သူစစ်အာဏာရှင်လူတန်းစားဟာ ထာဝရလက်နက်စွဲကိုင် ဖိနှိပ်နေမယ်ဆိုတာ အမြဲ မှန်ကန်နေတာမို့) အမြစ်ပြတ်ချေမှုန်းဖို့နည်းလမ်းကလည်း လက်နက်ကိုင်တိုက်ပွဲနည်းလမ်း သည်သာ အဆုံးအဖြတ် နည်းလမ်းဖြစ်တယ်လို့ ပြတ်ပြတ်သားသား သိမြင်ရမယ်။

- (တော်လှန်ရေးခေါင်းဆောင်မှုအခန်းက ရန်သူနဲ့ပတ်သက်လို့ အခုဖော်ပြခဲ့တဲ့အတိုင်း လက်တွေ့ ကျတဲ့ ပြတ်သားတဲ့အမြင် ရှိရပါမယ်။ ရန်သူနဲ့ပတ်သက်လို့ ဒီလိုအမြင်မရှိရင် တော်လှန်ရေးကို ခေါင်းဆောင်လို့ မရနိုင်ပါဘူး။)

၂။ ရပ်တည်မှုအရ -

- အသက်အပါအဝင် အကြွင်းမဲ့ကိုယ်ကျိုးစွန့်အနစ်နာခံမှုအပြည့်နဲ့ ပြည်သူလူထုအကျိုးအတွက် ရာသက်ပန်တော်လှန်ရေးသမားအဖြစ် ပေးဆပ်မယ့်ရပ်တည်မှုမျိုး ဖြစ်ရပါမယ်။

- (တော်လှန်ရေးခေါင်းဆောင်မှုအခန်းမှာ ရှိသူတွေဟာ အကြွင်းမဲ့စွန့်လွှတ်အနစ်ခံတဲ့ ရပ်တည်မှု မျိုးမရှိဘဲ တော်လှန်ရေးကို ခေါင်းဆောင်လို့ မရနိုင်ပါဘူး။)

၃။ နိုင်ငံရေးအရ -

- ရန်သူစစ်အုပ်စု စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ စစ်ကျွန်ဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက် များအတိုင်း လုပ်ဆောင်တဲ့ လုပ်ဆောင်မှုအားလုံးကို ပြတ်ပြတ်သားသား ချွင်းချက်မရှိ ရပ်ဆိုင်းရပါမယ်။

- စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီးနောက် ဒီမိုကရေစီနဲ့ လူသားတိုင်းရဲ့ အခြေခံအခွင့်အရေးတွေကို အပြည့်အဝ အာမခံ ဖော်ဆောင်ပေးတဲ့ နိုင်ငံတော်သစ်တရပ် ထူထောင်မယ့်နိုင်ငံရေးအမြင်တရပ် နဲ့ နိုင်ငံရေးသန္နိဌာန် အခိုင်အမာ ရှိရပါမယ်။

- အစိုးရတရပ်ဖွဲ့စည်းမှုပုံစံနဲ့ တော်လှန်ရေးဦးဆောင်မှုအခန်း ဖွဲ့စည်းမှုပုံစံ သဘောသဘာဝ လုံးဝ မတူကြောင်း ရှင်းရှင်းလင်းလင်းသိမြင်ပြီး၊ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်း တရပ်အသွင်ကို ပြတ်ပြတ်သားသား ဖွဲ့စည်းလုပ်ဆောင်နိုင်ရပါမယ်။

- (စစ်ကျွန်ဥပဒေ ၂၀၀၈ ဖွဲ့စည်းပုံပြဌာန်းချက်များအတိုင်း လိုက်ပါလုပ်ဆောင်နေပြီး၊ နိုင်ငံ တော်သစ်တရပ်ကို တည်ထောင်ဖို့ နိုင်ငံရေးအမြင်နဲ့ နိုင်ငံရေးသန္နိဌာန်ကို လက်တွေ့ လုပ် ဆောင်ချက်တွေမှာ ထင်ဟပ်ဖော်ပြခြင်း မရှိတဲ့ခေါင်းဆောင်မှုအခန်းက တော်လှန်ရေး တရပ် အောင်မြင်တဲ့အထိ ခေါင်းဆောင်မှု မပေးနိုင်ပါဘူး။)

၄။ လုပ်ဟန်အရ -

- အဓိကအားဖြင့် ဒီမိုကရေစီလုပ်ဟန် နဲ့ အာဏာရှင်လုပ်ဟန်ကို ကွဲကွဲပြားပြား ကျင့်သုံး ရပါမယ်။ ဒီလုပ်ဟန် (၂) ရပ်နဲ့ပတ်သက်လို့ ဆက်ဆံရေးနယ်ပယ် (၃) ခုမှာ ထင်ထင် ရှားရှား ဖော်ပြပါတယ်။ အဲဒီ့ဆက်ဆံရေးနယ်ပယ်တွေကတော့ ၁) ကိုယ့်အဖွဲ့အစည်း အတွင်းဆက်ဆံရေးလုပ်ဟန်၊ ၂) မဟာမိတ်အဖွဲ့အစည်းတွေ၊ မဟာမိတ်တွေနဲ့ ဆက်ဆံ ရေးလုပ်ဟန် နဲ့ ၃) ပြည်သူလူထုနဲ့ဆက်ဆံရေးလုပ်ဟန်တွေပါ။

- ဒီနယ်ပယ်(၃)ခုမှာ ဆက်ဆံရေးပုံစံတွေက ဒီမိုကရေစီလုပ်ဟန်ကိုသာ ကျင့်သုံးရမှာ ဖြစ် ပြီး၊ အာဏာရှင်လုပ်ဟန်ကို ကျင့်သုံးဖို့ ချွင်းချက်အခြေအနေ လုံးဝ မရှိပါ။ (စစ်ရေး အခြေ အနေနဲ့ ထူးခြားအခြေအနေတွေမှာ လိုအပ်ချက်နှင့်အညီ အမိန့်ပေးစနစ်အတိုင်း လုပ်ဆောင်တာနဲ့ အာဏာရှင်အမူအကျင့်နဲ့လုပ်ဆောင်တာ မတူတာကို ကွဲကွဲပြားပြား သိဖို့လိုပါတယ်၊ တနည်းပြောရရင် စနစ်ကျတဲ့အမိန့်ပေးစနစ်နဲ့ အာဏာရှင်အမူအကျင့်ကို လေနဲ့ ဝမ်းနဲ့ ကွဲဖို့ လိုပါတယ်။)

- (ပြဿနာရပ်တိုင်းမှာ ဒီမိုကရေစီလုပ်ဟန်ကို မကျင့်သုံးဘဲ၊ အာဏာရှင်လုပ်ဟန်ကို ကျင့် သုံးနေတဲ့ ခေါင်းဆောင်မှုမျိုးဟာ ပြည်သူလူထုအကျိုးအတွက်၊ ဒီမိုကရေစီအရေးအတွက် ဆင်နွှဲနေတဲ့တော်လှန်ရေးတရပ်ကို ဦးဆောင်နေတဲ့လက္ခဏာမဟုတ်ပါဘူး။)


အခု ဖော်ထုတ်တွေ့ရှိခဲ့တဲ့ (၁) သိမြင်မှုအရ၊ (၂) ရပ်တည်မှုအရ၊ (၃) နိုင်ငံရေးအရ၊ (၄) လုပ်ဟန်အရ … ဆိုတဲ့ အချက်တွေနဲ့ မကိုက်ညီတဲ့ ခေါင်းဆောင်မှုအခန်းမှာ ရောက်ရှိနေတဲ့ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်လိုဖွဲ့စည်းမှုမျိုးမှ တော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဦးဆောင်မှု ပေးနိုင်မှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ တော်လှန်ရေးကို အဆုံးသတ်အောင်ပွဲရတဲ့အထိ ဆင်နွှဲချင်တယ်ဆိုရင် ဒီအချက် (၄)ချက်နဲ့ကိုက်ညီတဲ့ တော်လှန်ရေးခေါင်းဆောင်မှုအခန်း ပေါ်ပေါက်လာဖို့ လိုပါတယ်။ ။

ဒီမြင့်သစ်

ရည်ညွှန်းကိုးကား

၁။ ကျော်စွာ ၁၀၀၊ ဒေါက်တာသန်းထွန်း။

၂။ ပြည်သူလူထုအသံ။ Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar