Breaking News

ပြည်တွင်းစစ်ကာလအတွင်း ပျက်စီးသွားတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ လူမှုအသိုင်းအဝိုင်းကြားက ယုံကြည်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၃၀ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၃၁ ၊ ၂၀၂၆


ပြည်တွင်းစစ်ကာလအတွင်း ပျက်စီးသွားတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ လူမှုအသိုင်းအဝိုင်းကြားက ယုံကြည်မှုတွေ

ယမန်နေ့က မူဆယ်မြို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ မောင်းပြေးတဲ့ကားတစီးကို စစ်ဆေးရေးဂိတ်ရဲ့ လက်နက်ကိုင်တွေက လိုက်လံပစ်ခတ်တာကြောင့် ကားမောင်းသူ အမျိုးသမီး နေရာတင် သေဆုံးသွားတဲ့ သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။

မကြာသေးခင် ရက်အနည်းငယ်ကလည်း မူဆယ်-နမ့်ခမ်း ကားလမ်းက KIA လက်နက်ကိုင် အဖွဲ့ရဲ့ စစ်ဆေးရေးဂိတ် တခုမှာ ဖြတ်သွားတဲ့ကားကို တားဆီးရာမှာ ကားမောင်းသူက မကြားလိုက်ရာက KIA လက်နက်ကိုင်တပ်ဖွဲ့ဝင်က သေနတ်နဲ့ လှမ်းပစ်ရာမှာ ဒေသခံယာဥ်မောင်း ဒဏ်ရာရခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါ အဖြစ်အပျက်ကြောင့် ဂိတ်အနီးကျေးရွာ ဒေသခံတွေက စစ်ဆေးရေးဂိတ်တဲတွေကို သွားရောက် ဖျက်ဆီးလိုက်ကြတယ်လို့ သတင်းထဲပါရှိပါတယ်။

အလားတူ စစ်ဆေးရေး ဂိတ်တွေမှာ ရပ်မပေးတာ သို့မဟုတ် တားဆီးတာကို မကြားလိုက် မမြင်မိလိုက်တဲ့သူတွေကို အာဏာသိမ်းစစ်တပ်ဘက်က ပစ်ခတ်တဲ့ သတင်းမျိုးတွေလည်း မကြာခဏ သတင်းတွေထဲ ဖတ်ရှုနားဆင်ကြရပါတယ်။

လက်နက်ကိုင်တပ်တွေ အနေနဲ့ လုံခြုံရေးအတွက်ဆို ဘာမဆို လုပ်ခွင့်ရှိတဲ့ သဘောမျိုး လက်နက်ကိုင် အဖွဲ့တိုင်းက မှတ်ယူထားကြပြီး အထက်ကလို ပစ်ခတ်တဲ့ ဖြစ်ရပ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရေးယူခံရတာ အပြစ်ပေးခံရတာမျိုး မကြားသိကြရပါဘူး။

ဒါတွေက လက်နက်ကိုင်တပ်ဖွဲ့တွေက အရပ်သားတွေအပေါ်  ပြုမူတဲ့ အနေအထားဖြစ်ပြီး အရပ်သား အချင်းချင်းအကြားမှာလည်း သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မုဒိမ်းကျင့်သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှု၊ လုယက်သတ်ဖြတ်မှုတွေနဲ့ ဓားပြမှုတွေ၊ မိသားစုလိုက် လုယက်သတ်ဖြတ်ခံရတာတွေ မကြာခဏ ကြားသိနေကြရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတပုဒ်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲက ကျေးရွာတရွာမှာ ညီမဝမ်းကွဲတော်သူကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်မှုနဲ့ SSPP/SSA က ဖမ်းဆီးကာ သေဒဏ်ချမှတ်ပြီး စီရင်ခဲ့တဲ့အကြောင်း SSPP/SSA က ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

အလားတူ အဓမ္မပြုကျင့် သတ်ဖြတ်တဲ့ ဖြစ်ရပ်မျိုးတွေ ရခိုင်ပြည်နယ်မှာလည်း မကြာသေးတဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့ပါသေးတယ်။

ဒီလို မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်သတ်ဖြတ်မှုတွေ မကြာခဏ နိုင်ငံရဲ့ ဟိုနားသည်နားမှာ ဖြစ်ပွားနေတာတွေက ဘယ်လို အကြောင်းတွေကြောင့်ပါလဲ။ ခပ်လွယ်လွယ် ခပ်တိုတိုပြောရင်တော့ အကြောင်းရင်းက တရားဥပဒေ မစိုးမိုးတော့တာကြောင့်လို့ ဆိုကြမှာပါ။ တရားဥပဒေ စိုးမိုးမှုက ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်၊ ကောင်းမွန်တဲ့အစိုးရ ရှိမှသာ ရှိနိုင်တဲ့ အရာမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်၊ ကောင်းမွန်တဲ့ အစိုးရ အခြေမတည်နိုင်ခဲ့တာ ဆယ်စုနှစ်ရှည်ကြာ ဖြစ်လာခဲ့တဲ့ ပြဿနာတရပ် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အစပိုင်းကနေ ၂၀၂၁ ခုနှစ် စစ်အာဏာ မသိမ်းမီကာလအတွင်းမှာတော့ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ် ထူထောင်နိုင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ တဖက်မှာလည်း ပြည်တွင်းစစ်ရဲ့ အကြောင်းရင်းခံဖြစ်တဲ့ လက်နက်ကိုင်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်ရင်း ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်ထူထောင်ဖို့ ဦးတည်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ အဲဒီနှစ်ကာလတွေမှာပင်လျှင် တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာတော့ ခိုင်ခိုင်မာမာ မရှိသေးတဲ့ တရားဥပဒေ စိုးမိုးမှုစနစ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ဖို့ တည်ဆောက်မှုတွေက အားလုံး နောက်ပြန်လန်ကျခဲ့ရတော့တဲ့ သဘော ဖြစ်ပါတယ်။ ဆယ်စုနှစ် တခုခန့် တည်ဆောက်ဖို့ ကြိုးစားတက်ခဲ့တဲ့ လှေကားထစ်တွေ နောက်ပြန်လန်ရုံတင်မက အရင့်အရင် ဆယ်စုနှစ်များစွာရဲ့ နောက်ကို ရောက်သွားတဲ့အထိ နောက်ပြန်လန်ကျ တနည်းပြောရရင် ဆုတ်ယုတ်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

နံပါတ် ၁ အချက်က ပြည်တွင်းစစ်ကာလအတွင်း နယ်မြေဒေသတခုကို ဘယ်လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည် ဖြစ်စေ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ရပ်ဆိုင်းထားလိုက်ပြီး လက်နက်ကိုင်တပ်တွေကသာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေစည်းမျဥ်းထုတ်ပြန်တဲ့ အာဏာကို ရယူထားလိုက်ကြတာ ဖြစ်ပါတယ်။

နားကြားကောင်းတဲ့စကားလုံးနဲ့ “အရေးပေါ်ကာလ” လို့ဆိုလိုက်ပြီး အဲဒီကာလအတွင်း အုပ်ချုပ်ရေး အာဏာအားလုံးဟာ ဒေသတခုအတွင်း အဆိုပါလက်နက်ကိုင် တပ်ကို ထိန်းချုပ်သူ တဦးတယောက်ရဲ့ လက်ထဲ ရောက်ရှိသွားတာမျိုး ဖြစ်ပါတယ်။

တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာကိုမျှ ငဲ့စရာ ထည့်သွင်းစဥ်းစားစရာ မလိုဘဲ စစ်ရေးအောင်နိုင်ဖို့ အတွက်ဆို ဘာမဆို လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာကို ပေးအပ်ထားလိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါတွေက လက်နက်ကိုင် တပ်တွေက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ တရားဥပဒေကို အလေးထားစရာမလိုတဲ့ ချိုးဖောက်မှု ကျူးလွန်မှုတွေ ဖြစ်ပါတယ်။ တဖက်မှာလည်း အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်မဲ့ အဖွဲ့အစည်းတွေကို စစ်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်မဲ့ တပ်ဖွဲ့တွေအဖြစ်သာ အသုံးချလာရာက ရဲတပ်ဖွဲ့လို ဥပဒေနားလည် ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားပြီး အုပ်ချုပ်သူ မျက်နှာကို ပြန်မကြည့်ရတဲ့ တရားရုံးတွေ မရှိတော့တာကြောင့် ရာဇဝတ်မှု ကျူးလွန်ဖို့ လွယ်ကူတဲ့ အခြေအနေ ဖြစ်လာပါတော့တယ်။

တဖက်မှာ စစ်ပွဲတွေကြောင့် ငွေကြေး ရှားပါးလာတဲ့အခြေအနေ ခက်ခဲကျပ်တည်းလာတဲ့ အခြေအနေမှာ ခံစားနေကြရသူ အချင်းချင်း လုယက်သတ်ဖြတ်တာ အနိုင်ကျင့်တာတွေ လုပ်ဆောင်လာကြတာပါ။ ကျူးလွန်မှုတွေ အတွက် ပြစ်ဒဏ်ပေးခံရနိုင်ခြေ နည်းလာလေလေ မှုခင်းတွေ များလာလေလေ သဘော ဖြစ်ပါတယ်။

လုယက်သတ်ဖြတ်မှုတွေ ကျူးလွန်ဖို့ လက်နက်တွေ လွယ်လွယ်ကူကူ ဝယ်ယူနိုင်တဲ့ အခြေအနေ၊ ကျူးလွန်ပြီးနောက် အုပ်ချုပ်သူ မတူတဲ့ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ကျူးလွန်ခံရသူတွေ ကိုယ်၌က အားကိုးစရာ တိုင်ကြားမှုစနစ် ပျက်ပြားနေတဲ့ အခြေအနေတွေက ပြစ်မှုတွေ ကျူးလွန်ဖို့ အားပေးအားမြှောက်ပြုနေတာလည်း ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ် ကျော် ၆ နှစ်နီးပါးကာလအတွင်း အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်သည့် ပြည်တွင်းစစ်အတွင်း အထင်ရှားဆုံး ကိန်းဂဏန်းတွေက လူ့အသက်သေဆုံးမှု အရေအတွက်တွေ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ တိုက်ပွဲတွေကြောင့် သေဆုံးမှုတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေအကြား ထိခိုက်သေဆုံးရတဲ့ အရပ်သားသေဆုံးမှု ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။

ဒါတွေက စစ်ပွဲကြောင့် တိုက်ရိုက် သေဆုံးမှု၊ ဒဏ်ရာရရှိမှု ကိန်းဂဏန်းတွေ ဖြစ်ပေမဲ့ တရားဥပဒေ စိုးမိုးမှု ဆိုးရွားစွာ ပျက်စီးလာတာကြောင့် ထိခိုက်သေဆုံးကြရတဲ့ အရေအတွက်တွေကိုတော့ စာရင်းကောက် စုစည်းနိုင်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တရားဥပဒေ မစိုးမိုးမှုကြောင့် လူမှုအသိုင်းအဝိုင်းက ခံစားရတဲ့ စိုးရိမ်မှု၊ ကြောက်လန့်မှု၊ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာ၊ တယောက်နဲ့ တယောက် မယုံကြည်မှုတွေက ပိုမိုတိုင်းတာ ကောက်ယူဖို့ ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေလည်း ဖြစ်နေတာ တွေ့နေကြရတဲ့ အခြေအနေပါ။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar