မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၉)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၉)
မိုးမခ ၊ ဩဂုတ် ၃၁ ၊ ၂၀၂၆
ဗားရ်တံတားမှာ
ညနေမိုးချုပ် ဗားရ်တံတားကို ပြန်ရောက်တော့ နေ့လယ်က ထမင်းစားသည့် ဆိုင်လေးမှာပဲ အိပ်ဖို့ ဆုံးဖြတ်ကြသည်။ ဆိုင်ရှင်အမျိုးသမီးက အိမ်မှာလည်း လိုက်အိပ်လို့ရကြောင်း ပြောသော်လည်း လမ်းဘေးဆိုင်မှာပဲ လွတ်လွတ်လပ်လပ်အိပ်ဖို့ ဆုံးဖြတ်ပြီး ဆိုင်ထဲမှာနေခဲ့ကြသည်။ ဆိုင်ထဲမှာ လိုက်ပို့သည့် ရဲဘော်နှင့် မောင်လူမွှေး နှစ်ယောက်တည်း အိပ်ရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝမရပါ။ ညမှောင်မှောင် အဆက်အသွယ်ပြတ်တောက်နေသည့် တောင်တန်းကြီးတွေကြားမှာ မောင်လူမွှေး အားငယ်သည်။ ချစ်ဇနီးကို လွမ်းသည်။ ခွဲခွာရခြင်း၏ ခံစားမှုကို လေးလေးနက်နက် သိမြင်မိသည်။
ထိုစဉ်က ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲတွေ မဖြစ်သေး။ တော်လှန်ရေးဘက်က ဖလမ်းမြို့ကို သိမ်းမည်ဟု သတင်းတွေ စထွက်နေသည့်အချိန်ဖြစ်သည်။ မောင်လူမွှေးတို့နှင့်အတူ ဗားရ်တံတားမှာ ရဲဘော်တွေ အသုတ်လိုက် ရောက်လာတာကို မြင်ရသည်။ မြို့သိမ်းတိုက်ပွဲနီးပြီဟု လိုက်ပို့သည့်ရဲဘော်က ပြောသည်။ "ဖလမ်းမှာ တိုက်ပွဲဖြစ်ရင်တော့ ကျမတို့လည်း ပြေးရဦးမှာနော်" ဟု ကျွန်တော်တို့ ညအိပ်သည့် ဆိုင်ရှင်အမျိုးသမီးက ညည်းသည်။
၂၀၂၄ ခုနှစ် ဦးပိုင်းမှာ ဖလမ်းမြို့ပေါ်မှာ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်သည် မြို့ထဲကို မထွက်ပါ။ သူတို့တပ်ကုန်းမှာပဲ နေကြသည်။ ဖလမ်းမြို့ကို ဖြတ်သန်းသွားသူတို့ကို စစ်ချင်သည့်အခါတော့ လမ်းပေါ်ကိုထွက်ပြီး စစ်သည်ဟု သိရသည်။ "မနက်အစောကြီး မောင်းသွားပါလား၊ မစစ်ဘူး" ဟု ဆန်အရက်ရောင်းသည့် အဒေါ်ကြီးက ပြောသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက် စစ်တပ်ရဲ့အောက် လမ်းကနေ ခပ်တည်တည်ဖြတ်သွားဖို့ မစွန့်စားရဲပါ။
ကျွန်တော် ဗားရ်တံတားကို ရောက်နေသည့်အချိန်က ဖလမ်းမြို့ပေါ်ကလွဲလျှင် ဖလမ်းတစ်မြို့နယ်လုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားသည်။ ပြီးတော့ ဖလမ်းမြို့နယ်ထဲမှာ အရက်မရောင်းရဟု တားမြစ်ထားသည်။ "သောက်လို့တော့ရတယ်။ ရောင်းလို့မရတာ" ဟု မောင်လူမွှေးကို လိုက်ပို့သည့် ရဲဘော်က ရှင်းပြသည်။
မောင်လူမွှေးကို လိုက်ပို့သည့်ရဲဘော်က ဗားရ်တံတားဝန်းကျင်မှာလည်း အပေါင်းအသင်းရှိသည်။ ထို့ကြောင့် မရောင်းရ တားမြစ်ထားသော အရက်ကို ရအောင်ဝယ်နိုင်သည်။ ဝေးဝေးသွားဝယ်ရသည် မဟုတ်ပါ။ အနီးကလေးမှာပင် ရှိပါသည်။ တပ်ဖွဲ့ဝင်တွေနဲ့ နီးကပ်သည့်နေရာမို့ တပ်ဖွဲ့ဝင်တွေလည်း ရောင်းမှန်းမသိဘဲ နေမည်မဟုတ်ပါ။ စစ်ရှောင်တွေမို့ ခွင့်ပြုထားတာလည်း ဖြစ်နိုင်ပါသည်။
ဗားရ်တံတားကို အရင်က စစ်တပ်က တပ်စွဲထားသည်။ ၂၀၂၃၊ ဧပြီ ၁၀ ရက်နေ့တွင် ဗားရ်တံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့သည်။ မောင်လူမွှေးရောက်ရှိသည့်အချိန်မှာ ဗားရ်တံတားမှာ CNDF က ဂိတ်ထိုင်ထားသည်။ ရဲဘော်တွေလည်း တော်တော်များများ ရှိသည်။ ဗားရ်တံတားထိပ်မှာ CNDF အလံတော် လွှင့်ထူထားသည်ကို ကြည့်ပြီး မောင်လူမွှေး ကျေနပ်နေသည်။
"တံတားနားတွေကို လျှောက်မသွားနဲ့နော်" ဟု အဒေါ်ကြီးက သတိပေးသည်။ ဗားရ်တံတား အနီးဝန်းကျင်မှာ စစ်တပ်က ထောင်ထားသည့် မိုင်းတွေကို အကုန်မရှင်းနိုင်သေးကြောင်း ပြောပြသည်။ မောင်လူမွှေးကို သတိပေးသည့် အဒေါ်ကြီး၏သားကိုယ်တိုင် မဏိပူရ်မြစ်ထဲကို ငါးရှာဆင်းရင်း မိုင်းမိကာ ခြေတစ်ဖက်ဖြတ်လိုက်ရကြောင်း ပြောပြသည်။ မောင်လူမွှေးကို သတိပေးသော အဒေါ်ကြီးသည် ဗမာဖြစ်သည်။ ချင်းလူမျိုးတွေကြားထဲမှာ သူတို့မိသားစုက တစ်သားတည်းဖြစ်နေသည်။ မောင်လူမွှေးတို့အပေါ်လည်း ခင်ခင်မင်မင်ရှိပြီး သူ့အိမ်ရှိတာ ချကျွေးသည်။ သူချကျွေးသည့် မှိုဟင်းကို မောင်လူမွှေး မမေ့ပါ။ နတ်ချောင်းမှာ အိမ်ရှိပေမယ့် ချင်းတောင်မှာပဲ စစ်ရှောင်ရင်း နေတော့မည်ဟု ဆိုသည်။
မောင်လူမွှေးတို့နှစ်ယောက် ဆိုင်ထဲမှာ လှဲအိပ်နေကြသည်။ တော်တော်နဲ့ အိပ်မပျော်ပါ။ ရဲဘော်တွေစုပြီး ဂီတာတီးသီချင်းဆိုတာကို နားထောင်နေကြသည်။ CNDF ရဲဘော်လေးတွေသည် ဂီတာကို ကောင်းကောင်းတီးပြီး သီချင်းကို ကောင်းကောင်းဆိုကြသည်။ တစ်ခါတစ်ခါ ရဲမေတို့၏ သီချင်းဆိုသံကိုပါ ကြားရသည်။ မူးမူးရူးရူးတွေမရှိ။ အရက်ရောင်းခွင့်ကို တားမြစ်ထားသည့် ရလဒ်ဖြစ်မည်ဟု ထင်ပါသည်။ ညဆယ်နာရီဝန်းကျင် ရောက်သည့်အခါ ရဲဘော်လူငယ်တွေ၏ သီချင်းသံသည်လည်း တိတ်သွားပါသည်။
တောင်ကြားမှာ ညသည် တိတ်ဆိတ်နေသည်။ မည်းမှောင်နေသည်။ မောင်လူမွှေး အိပ်မပျော်ပါ။ ပျော်ပြန်တော့လည်း နိုးတစ်ဝက်၊ ပျော်တစ်ဝက်သာ။ ဖလမ်းမြို့ပေါ်မှာနေသည့် မောင်လူမွှေးအသိ အမျိုးသမီးတစ်ဦးကို သတိရမိသည်။ သူက သူတို့ချင်းလူမျိုးတွေသည် အင်အားတောင့်တင်းလွန်းသော စစ်တပ်ကို နိုင်အောင်တိုက်နိုင်မည် မဟုတ်ဟု ဆိုသည်။ သူတို့ဖလမ်းကို စစ်တပ်က ထန်တလန်လို မီးရှို့ဖျက်ဆီးပစ်မှာဟုလည်း ဆိုသည်။ သို့သော် ဗားရ်တံတားမှာ စစ်တပ်ကို နိုင်အောင်တိုက်မည့် ရဲဘော်တွေကို မြင်နေရပါသည်။
👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar