Breaking News

ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကျရောက်နေတဲ့ ရေဘေးအန္တရာယ် ဘယ်လိုရင်ဆိုင်ကြမလဲ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၉ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁၀ ၊ ၂၀၂၆


ဧရာဝတီနဲ့ စစ်ကိုင်းတိုင်းတို့မှာ ကျရောက်နေတဲ့ ရေဘေးအန္တရာယ် ဘယ်လိုရင်ဆိုင်ကြမလဲ

ဇူလိုင်လ ၃၀ ရက်နေ့ ညမှာ လေးမျက်နှာမြို့ အနောက်ဘက် ငဝန်မြစ်ရေကို ကာရံထားတဲ့ တာကျိုးပြီးနောက် မြစ်ရေတွေ အရှိန်အဟုန်နဲ့ ဝင်ရောက်နေပြီး မြို့တွေ၊ ကျေးရွာတွေရေနစ်မြုပ်နေတဲ့ သတင်းတွေ သတင်းစာမျက်နှာတွေ၊ ရုပ်သံတွေမှာ ပြည့်နေစဥ်မှာပဲ စစ်ကိုင်းတိုင်း ကန့်ဘလူ နဲ့ ကျွန်းလှနယ်ထဲက သဖန်းဆိပ်ဆည်ရေပြည့်ရာက ဆည်လုံခြုံရေးအတွက် ရေဖောက်ချရာက ဆည်အောက်ဘက်မှာ ရှိတဲ့ မြို့နယ်အများအပြားနဲ့ မူးမြစ်ဝှမ်း တလျှောက် ကျေးရွာတွေ ရေနစ်မြုပ်ပြီး ရေစီးနဲ့ မျောပါအသက်ဆုံးရှုံးသူ ၁ ဒါဇင်ကျော်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အထက်ပိုင်း၊ အနောက်ဘက်ခြမ်းနဲ့ တောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ မုတ်သုန်မိုး အားအလွန်ကောင်းနေတာကြောင့် မြစ်တွေချောင်းတွေ ရေမြင့်တက်လာရာက နကိုကတည်းက သစ်တောပြုန်းတီးမှုနဲ့ သယံဇာတအလွန်အကျွံတူးဖော်မှုတွေကြောင့် မိုးရေကို ထိန်းသိမ်းထားမဲ့ သစ်တောတွေ ရှားပါး၊ ပျက်စီးတိမ်ကောနေတဲ့ မြစ်ချောင်းတွေက ရေလျှံတာတွေက ယခင်ကာလတွေနဲ့ မတူပဲ ဘေးအန္တရာယ်ကျရောက်ဖို့ လွယ်ကူတဲ့ အနေအထားမျိုး ဖြစ်လာခဲ့တာပါ။ 

သဘာဝသစ်တောတွေကို အကန့်အသတ်မရှိ ခုတ်ယူကြတာ၊ ကျောက်မျက်၊ သတ္တု နဲ့ ရွှေတူးတာ၊ ယန္တရားတွေနဲ့ တောတောင်၊ မြစ်ချောင်းတွေမှာ ရွှေကျင်တူးဖော်ကြတာတွေကို လုပ်ကိုင်ကြသူတွေ၊ ဒီလိုလုပ်ပိုင်ခွင့်အတွက် ခွင့်ပြုပေးပြီး ငွေကြေးရယူခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ တိုက်ရိုက်ခံစားကြရခြင်း မရှိပါဘူး။ သယံဇာတထုတ်ယူတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ အနေနဲ့ ငွေကြေးတတ်နိုင်တာကြောင့် သဘာဝဘေးကျရောက်တဲ့နေရာတွေမှာ နေထိုင်ကြတာမျိုးမဟုတ်ဘဲ မြို့ကြီးပြကြီးတွေနဲ့ သဘာဝဘေးနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နိုင်ကြတဲ့ အခြေအနေရှိတဲ့ အနေအထားဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကို ခံစားကြရသူတွေက အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် တာဝန်မရှိကြတဲ့ သာမာန်ပြည်သူလူထု ဖြစ်ပြီး တနေ့လုပ် တနေ့စား အနေအထား၊ စစ်ပွဲတွေကြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်ပျက်စီးနေတဲ့ကြားမှာ သဘာဝဘေးအန္တရာယ်ကို ထပ်ဆင့်ခံစားကြရတာ ဖြစ်ပါတယ်။ 

သာဓက အနေနဲ့ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်ကျော် ၆ နှစ်တာ စစ်ပွဲတွေဖြစ်ပွားနေတဲ့ကြားမှာ ရပ်နားခြင်းမရှိဘဲ  ကျောက်စိမ်းတွေ အလွန်အကျွံတူးဖော်နေကြတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေကြီးတာ၊ နေအိမ်နစ်မြုပ်တာ၊ ကျောက်စိမ်းလုပ်ကွက်တွေက မြေပြိုပြီး ရေမဆေးကျောက်ရှာသူတွေ သေဆုံးကြရတာတွေက နှစ်စဥ်နှစ်တိုင်းဆိုတာထက် တနှစ်ပတ်လုံး ကြိုကြားကြိုကြား ဖြစ်ပွားနေတာ တွေ့ရမှာပါ။ 

ကျောက်စိမ်းတူးဖော်ရာက ရရှိတဲ့အကျိုးအမြတ်တွေက ကျောက်စိမ်းလုပ်ကွက်ရတဲ့ ကုမ္ပဏီကြီးတွေနဲ့ လုပ်ကွက်ခွင့်ပြုရာက ရတဲ့ငွေကြေး၊ ထွက်ရှိတဲ့ ကျောက်တွေအပေါ်  အခွန်အကောက်ကောက်ခံတဲ့ အစိုးရလို့ မဆိုနိုင်တဲ့ အစိုးရအင်္ဂါရပ်နဲ့ မလျော်ညီတဲ့ လက်နက်ကိုင်အဖွဲ့တွေသာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ လုပ်ပိုင်ခွင့်နဲ့ အကျိုးအမြတ်တွေရဲ့ အများဆုံးသော ပမာဏ၊ ထိပ်ဆုံးက ဝေစုကို ချုပ်ကိုင်ထားကြတဲ့သူတွေဟာ ဒီဒေသမှာ ဖြစ်ပွားတဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ သဘာဝဘေးအန္တရာယ်ကို ဘယ်တုန်းကမှ ခံစားကြရတာမဟုတ်ပါဘူး။ အဖျားအနားသာဖြစ်တဲ့ လုပ်အားခနဲ့ ဒီဒေသမှာ ဈေးရောင်း၊ ဝန်ဆောင်မှုအလုပ်တွေ လုပ်ကိုင်ကြတဲ့ အောက်ခြေက သာမန်လူတွေပဲ ဖြစ်ပါတယ်။ 

အလားတူ ချင်းတွင်းမြစ်တကြောနဲ့ ဧရာဝတီမြစ်တကြောမှာ ရွှေတူးဖော်နေကြတဲ့ လုပ်ငန်းကြီးတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်း အခုလို သဘာဝဘေးအန္တရာယ်ရဲ့ အကျိုးဆက်ကို ခံစားကြရတဲ့အထဲ မပါဝင်ကြတာကို စိတ်နာဖွယ်ရာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း အခုလို သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ကြရတာ မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ အလွန်ကံဆိုးတဲ့ အနေအထား ဖြစ်ပါတယ်။ ဖုန်း၊ ရေဒီယို ဆက်သွယ်ရေး၊ သတင်းအချက်အလက်တွေ ပြတ်တောက်နေချိန်၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ကောင်းစွာ မလုပ်ကိုင်နိုင်တဲ့ အနေအထား၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန် တနေရာနဲ့ တနေရာ ကူးသန်းဖို့ အကန့်အသတ်တွေ ရှိနေချိန်မှာ ရေကြီးတဲ့ ဘေးအန္တရာယ် ကျရောက်တာက ရွေးချယ်စရာ များများစားစားမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးကြုံနေရတဲ့ ဒေသတွေဟာ မြို့ပေါ်တွေကိုသာ အာဏာသိမ်းစစ်အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပြီး ကျန်ဒေသအများစုက စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရနဲ့ အခြားသော PDF လက်နက်ကိုင်တပ်တွေက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ရေကြီးတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အစိုးရ ပြန်ကြားရေးသတင်းဝက်ဆိုက်မှာ ဖော်ပြထားရာမှာ ရေဦးမြို့နယ်က ကျေးရွာအချို့နဲ့ မင်းကင်းမြို့နယ်က ကျေးရွာအချို့ကို ရဲတပ်ဖွဲ့ဝင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ သွားရောက်ကူညီဆောင်ရွက်ပေးတယ် ဆိုတဲ့အကြောင်း၊ ရွှေဘိုခရိုင် ကျေးရွာ အုပ်စု ၃၃ စုမှာ လယ်ယာစိုက်ခင်းတွေ ရေလွှမ်းမိုးမှုဖြစ်နေတာ၊ ကျွန်းလှမြို့နယ်က ကျေးရွာ ၃ ရွာမှာ လယ်ယာစိုက်ခင်းတွေ ရေလွှမ်းမိုးမှုဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတယ်ဆိုတဲ့  အချက်အလက်တွေသာ တွေ့ရပြီး ရေးဘေးဒဏ်ခံနေရတဲ့ အခြားသော မြို့နယ်၊ ကျေးရွာတွေ အကြောင်း ဖော်ပြတာ မတွေ့ရပါဘူး။ 

စစ်အစိုးရ အနေနဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသတွေ ရေနစ်မြုပ်တာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၈ ရက်နေ့က သွားရောက်ကြည့်ရှုတာ၊ ခရိုနီလုပ်ငန်းရှင်ကြီးတွေကို ငွေကြေးလှူဖို့ ပြောဆိုတာတွေ လုပ်ပြသည့်တိုင် စစ်ကိုင်းတိုင်း ရေဘေးနဲ့ ပတ်သက်လို့ စစ်အစိုးရခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်တို့လို တာဝန်ရှိသူတောင် ရေဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသတွေကို သွားရောက်တာ မတွေ့ရပါဘူး။ 

စစ်ကိုင်းတိုင်းမှာ လူသိန်းဂဏန်းနဲ့ချီပြီး ခံစားနေရတဲ့ ရေဘေးအန္တရာယ်ကို စစ်အစိုးရ ထိန်းချုပ်တဲ့ သတင်းမီဒီယာတွေမှာလည်း များများစားစား ဖော်ပြခြင်း မပြုသလို PDF နဲ့ NUG အုပ်ချုပ်ရေးအောက်က ဒီဒေသတွေကို လျစ်လျူရှုထားတဲ့ သဘောလို့ ယူဆရပါတယ်။ 

တဖက်မှာတော့ ဒီဒေသတွေကို အဓိက ထိန်းချုပ်ထားတဲ့ NUG အစိုးရ၊ ပအဖ အဖွဲ့တွေ၊ PDF တပ်ဖွဲ့တွေနဲ့ အချို့သော တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ ရေဘေးအန္တရာယ်ကို ဘယ်လို တုံ့ပြန်ဆောင်ရွက်နေကြသလဲ ဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနိုင်ပါတယ်။ အခြားဒေသတွေက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ စစ်ကိုင်းတိုင်းထဲ သွားရောက်ကူညီပေးတဲ့ သတင်းတွေ အခုချိန်ထိတော့ များများစားစား မတွေ့ကြရသေးပါဘူး။ 

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ရေဘေးအန္တရာယ် ခံစားနေကြရတဲ့ စစ်ကိုင်းတိုင်းထဲက လူထုတွေကို ကူညီကယ်ဆယ်ဖို့ အဖွဲ့တွေအချင်းချင်းအကြား ညှိနှိုင်းဆောင်ရွက်မှု၊ အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံတွေ လိုအပ်ချက်ရှိနေလိမ့်မှာ အသေအချာပဲ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar