Breaking News

လေးမျက်နှာမြို့နယ်က ကျိုးပေါက်တဲ့တာ မပိတ်နိုင်ခင် နောက်တကျော့ ရေကြီးမှုနဲ့ ကြုံရပြန်

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၇ မြင်ကွင်း

(မိုးမခ) ၊ ဩဂုတ် ၁၈ ၊ ၂၀၂၆

 

လေးမျက်နှာမြို့နယ်က ကျိုးပေါက်တဲ့တာ မပိတ်နိုင်ခင် နောက်တကျော့ ရေကြီးမှုနဲ့ ကြုံရပြန် 

ဇူလိုင် ၃၀ ရက်နေ့ညက စပြီးတာကျိုးပေါက်ခဲ့တဲ့ လေးမျက်နှာမြို့ အနောက်ဘက် ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် ဖြစ်တဲ့ ငဝန်မြစ်ရေကို ကာထားတဲ့တာရဲ့ ကျိုးပေါက်တဲ့နေရာကို မပိတ်ဆို့နိုင်ခင်မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာရာက ပြီးခဲ့တဲ့ရက်ပိုင်းက လျော့ကျသွားတဲ့ ရေအမြင့်ထက်ပိုမို မြင့်တက်လာတာကြောင့် ယခင်သီတင်းပတ်တွေက ရေမရောက်သေးတဲ့ မြို့နဲ့ ကျေးရွာတွေအထိ ရေဝင်ရောက်လာတဲ့ အခြေအနေဖြစ်လာနေပါတယ်။

လေးမျက်နှာမြို့အနီးက တာကျိုးရာက ဝင်ရောက်လာတဲ့ရေတွေဟာ ငါးသိုင်းချောင်း၊ ကျုံပျော်၊ တို့သာမက ရေကြည် မြို့တွေအထိ ဆက်ကာဝင်ရောက်တာ ဖြစ်ပါတယ်။ 

အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရဲ့ မြောက်ပိုင်းကနေ ဧရာဝတီတိုင်းဆီ စီဆင်းလာတဲ့ရေ များလာခဲ့ရာက လေးမျက်နှာအပြင် ဆက်စပ်နေတဲ့ မြို့နယ်တွေ တခုပြီးတခု ရေမြင့်တက်လာတဲ့ အန္တရာယ်နဲ့ ကြုံတွေ့လာကြရတဲ့ အနေအထားဖြစ်ပါတယ်။ 

သြဂုတ်လ ၁၇ ရက်နေ့မှာ ငါးသိုင်းချောင်းမြို့ ရပ်ကွက်တွေ ရေဝင်ရောက်လာခဲ့ရာက တရက်တာအတွင်း ၃ ပေခန့်အထိ မြင့်တက်လာခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ 

ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေပြန်လျော့သွားတဲ့ နေရာတွေလည်း ရေပြန်လည်မြင့်တက်လာကာ ယခင်ရေမရောက်တဲ့ နေရာတွေအထိ ယခုရက်ပိုင်းအတွင်း ရေမြင့်တက်လာခဲ့တာလို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ သုံးနေတဲ့ လမ်းပိုင်းအချို့ ရေကျော်တာ နစ်မြုပ်တာတွေ ရှိလာ သလို ရေနစ်မြုပ်နေတဲ့နေရာက ယာယီတိမ်းရှောင်နေတဲ့ နေရာတွေကို ရေဝင်ရောက်လာလို့ ထပ်ပြီးရွှေ့ပြောင်းနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 
ဧရာဝတီတိုင်းမှာ ယခု ဖြစ်ပွားနေတဲ့ ရေဘေးသင့်မှုဟာ ဧရိယာအားဖြင့် ကျယ်ပြန့်သလို သိန်းနဲ့ချီတဲ့လူဦးရေတွေကို ထိခိုက်ခံစားနေရသလို စိုက်ပျိုးထားတဲ့ စပါးနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုတွေကလည်း ကြီးမားတဲ့ အနေအထားဖြစ်ပါတယ်။ 

အခုနှစ် မိုးရာသီအစောပိုင်း ပထမဆုံး ရေကြီးတဲ့ဒဏ်ကို ခံစားရတာ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းတို့ ဖြစ်ပြီး ဇူလိုင်လ အစပိုင်းမှာ သီတင်းပတ်တပတ်ဝန်းကျင်ကြာမြင့်တဲ့ ရေဘေးဒဏ် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ရေကြီးတာနဲ့ ပတ်သက်လို့ ဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) အစိုးက ဘက်က ကယ်ဆယ်ရေးနဲ့ အကူအညီပေးတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ ဧရာဝတီတိုင်း လေးမျက်နှာမြို့အနီးက ငဝန်မြစ်ရေကို ကာထားတဲ့ တာကျိုးတာကြောင့် လေးမျက်နှာမြို့နဲ့ ဆက်စပ်နေတဲ့ မြေနိမ့်ပိုင်းဒေသတွေ ရေကြီးလာခဲ့တာ ယခုသီတင်း ၃ ပတ်နီးပါးကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ 

ဧရာဝတီတိုင်း လေးမျက်နှာမြို့နဲ့ အနီးအနားကမြို့နယ်တွေ ရေဝင်ရောက်နစ်မြုပ်တဲ့ အဖြစ်ဖြစ်ပွားပြီး မကြာခင် ရက်အနည်းငယ်မှာပဲ စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည် ရေပြည့်ရာက ရေလွှဲကနေ ရေလွှတ်ခဲ့ရာမှာ မူးမြစ်ဝှမ်း တလျှောက် မြို့နယ် ၁၀ ခုထက်မနည်း ရေကြီးတဲ့ဘေးနဲ့ ကြုံတွေ့နေကြရတာ အခုရက်တွေအထိ ဖြစ်ပါတယ်။ 

၂ လဝန်းကျင်ကာလအတွင်း မြန်မာနိုင်ငံရဲ့ အနောက်ဘက်၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ အလယ်ပိုင်းတွေမှာ ရေကြီးတဲ့ ဘေးအန္တရာယ်တွေ ကျရောက်ရာမှာ ဧရာဝတီတိုင်း တခုထည်းကိုသာ အာဏာသိမ်းစစ်အစိုးရဘက်က ကယ်ဆယ်ရေးနဲ့ အကူအညီတွေ လုပ်ဆောင်တာတွေ့ရပြီး ကျန်ဒေသ ၂ ခုက အဆိုပါနယ်မြေတွေကို ထိန်းချုပ်စိုးမိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးနဲ့ အဲဒီဒေသတွင်းက လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေကသာ အကူအညီပေးနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ တော်လှန်ရေး လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အခြေအနေကို ကျေနပ်နေသလားဆိုတာတော့ မသိနိုင်ပေမယ့် ဒီဒေသတွေကို အကူအညီပေးဖို့ ပစ္စည်းတွေ ပေးပို့တာ၊ လူမှုကူညီရေး အဖွဲ့တွေ သွားရောက်တာကို ခွင့်မပြုတဲ့ အဖြစ်ကို ကြည့်ရင် သဘာဝဘေးအန္တရာယ်ကို နိုင်ငံရေး စစ်ရေးအတွက် အထောက်အကူ လက်နက်တခုအဖြစ် အသုံးချတာ ထင်ရှားနေတာလည်း ဖြစ်ပါတယ်။ 

အကူအညီ ပိတ်ပင်ခံရခြင်း မရှိတဲ့ ဧရာဝတီတိုင်းမှာပင်လျင် အခြားသော ဒေသတွေက လာရောက်တဲ့ လူမှုအကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ လိုအပ်နေတဲ့ အကူအညီပမာဏကို မဖြည့်ဆည်းနိုင်သလို ကူညီကယ်ဆယ်ရေးမှာ အဓိက လိုအပ်တဲ့ လောင်စာဆီ ဝယ်ယူရခက်ခဲတဲ့ ပြဿနာနဲ့ ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းကို လောင်စာဆီနဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ဆောင်တာကို ပိတ်ဆို့မခံရပေမယ့် တရားဝင်မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်၊ ဆိုင်ကယ်တွေကိုသာ ဆီဆိုင်တွေက ခွဲတမ်းနဲ့ ရောင်းချပေးတာကြောင့် အခုလို သဘာဝဘေးကျရောက်ချိန်မှာ မလုံလောက်တဲ့ ပြဿနာ မှောင်ခိုစျေးကွက်မှာ စျေးကြီးပေးဝယ်ရတဲ့ ပြဿနာတွေ ကြုံနေရတာကြောင့် ကူညီရေးလုပ်ငန်းတွေ နှောင့်နှေးနေကြရတယ်လို့ သတင်းတွေမှာ ရေးသားနေကြတာ တွေ့ရပါတယ်။ 
ဒါကြောင့် စစ်ကိုင်းတိုင်း ရေဘေးလိုမျိုးမှာ ကူညီကယ်ဆယ်ရေးက ပိုပြီးခက်ခဲကာ ကူညီမယ့် အဖွဲ့အစည်းတွေ၊ ပြည်သူလူထုအချင်းချင်း အကူအညီတွေက ကူညီသလောက် မရောက်တဲ့ ပြဿနာနဲ့လည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် လိုအဖွဲ့တွေက ရေဘေးသင့်သူတွေကို အကူအညီပေးရာမှာ ဧရာဝတီတိုင်းနဲ့ ပတ်သက်တဲ့ ဖေါ်ပြမှုတွေသာ တွေ့မြင်ကြရပြီး စစ်ကိုင်းတိုင်းက ရေဘေးနဲ့ ပတ်သက်လို့ ကူညီတဲ့ သတင်းအချက်အလက် တခုမျှ မတွေ့ရသေးတဲ့အနေအထား ဖြစ်ပါတယ်။ 
အခုလို နိုင်ငံ အနှံ့အပြားမှာ ရေဘေးကြုံနေရပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ၊ လေကြောင်းဗုံးကြဲမှုတွေကို ပုံမှန်လုပ်ဆောင်မြဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရေဘေး အန္တရာယ်ကျရောက်နေတဲ့ ဧရာဝတီတိုင်းက လေးမျက်နှာနဲ့ မဝေးတဲ့ ရခိုင်ပြည်နယ် အစပ် သာပေါင်းမြို့နယ် ရေကြည်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ရေဘေးအန္တရာယ် တွေ့ကြုံရနိုင်တဲ့ မကွေးတိုင်းက နယ်မြေဒေသတွေမှာလည်း စစ်ကြောင်းတွေ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ 
ရေဘေးဒဏ်ခံစားနေရတဲ့ ဒေသတွေအပေါ် ခွဲခြားကူညီတာ ပိတ်ပင်ကန့်သတ်တာတွေ အပြင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကိုလည်း အင်အားရှိသလောက် လုပ်ဆောင်တာ မတွေ့ရပဲ၊ အာဏာသိမ်းစစ် အစိုးရရဲ့ ဝန်ကြီးချုပ် နဲ့ ဝန်ကြီးတွေက  စပါးခင်းတွေ ပျက်စီးကုန်ခဲ့ရင် စပါးအစား အခြားသီးနှံစိုက်ဖို့ ကူညီမယ်ဆိုတဲ့ ပြောဆိုမှုမျိုးတွေ ပြောဆိုနေခြင်းဟာ သဘာဝဘေးအန္တရယ်ကို နိုင်ငံရေးလက်နက် အဖြစ် အသုံးချနေတာလို့သာ ကောက်ချက်ချရမယ့် အနေအထားဖြစ်ပါတော့တယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar